ကွန်တိန်နာကားလုပ်ငန်းကဏ္ဍ နိုင်ငံရေးနဲ့ ကပ်ရောဂါကြောင့် ထိခိုက်


မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းပြီး နောက်ဆက်တွဲ မတည်မငြိမ် အခြေအနေတွေကြောင့် စီးပွားရေးအပေါ် ရိုက်ခတ်လာနေရာမှာ ကုန်စည်ဖြန့်ဖြူးတဲ့ လုပ်ငန်းတွေမှာလည်း သိသိသာသာ ထိခိုက်နေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ကုန်သေတ္တာတင်တွဲကား ၅,၀၀၀ လောက်နဲ့ ရန်ကုန်ဆိပ်ကမ်းကနေ နိုင်ငံအနှံ့ ကုန်စည်ဖြန့်ဖြူးနေတဲ့ “ကုန်သေတ္တာတင် မော်တော်ယာဉ်များအသင်း” ဟာ ဆိုရင်လည်း အခုအခါ လုပ်ငန်း ၄ ပုံ ၁ ပုံလောက်သာ လည်ပတ်နေရတယ်လို့ ပြောပါတယ်။ 

မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်များအသင်းမှာ အသင်းဝင်ရော အသင်းမဝင်ရော မော်တော်ယာဉ် စုစုပေါင်း ၅,၀၀၀ လောက်ရှိပါတယ်။ ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတွေမှာ လုပ်ငန်းတွေ စတင်ကျဆင်းလာပြီး လုပ်ငန်းတွေရဲ့ ၂၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်းလောက် ရပ်ဆိုင်း ကျဆင်းသွားတယ်လို့ အသင်းရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးစိုးနိုင်က ပြောပါတယ်။

ဒါပေမယ့် နှစ်ဆန်းပိုင်းလောက်ကစပြီး ကိုဗစ်တတိယလှိုင်း ရိုက်ခတ်ခဲ့တဲ့အပြင် နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် လုပ်ငန်းတွေဟာ ၇၅ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်းလောက် ရပ်ဆိုင်းသွားတယ်လို့ ဆိုပါတယ်။ အခုအခါ လုပ်ငန်းအားလုံးရဲ့ ၂၅ ရာခိုင်နှုန်းလောက်ပဲ လည်ပတ်နိုင်တော့တယ်လို့ ဦးစိုးနိုင်က ပြောပါတယ်။

“Third Wave က တော်တော်လေးကြမ်းတယ်။ နောက်ပြီးတော့ အခု ထပ်ပေါင်းလာတာက နိုင်ငံရေးပြဿနာပေါ့။ နိုင်ငံရေးပြဿနာ ပေါင်းလာတဲ့အတွက် ယာဉ်မောင်းတွေရော ဘာတွေရော သူတို့ ဆန္ဒပြတာတို့ ဘာတို့ ကိစ္စလည်းပါတယ်၊ နောက်တခါ ပြန်သွားကြတယ်။ တချို့က ဒီမှာလည်း လုံခြုံမှုမရှိလို့ ရွာပြန်သွားကြတယ်။ ၂,၇၀၀ ဆိုတဲ့ကားက ကျနော်တို့ဆီမှာ ကျန်တာ ယာဉ်မောင်းက ၅၀၀၊ ၆၀၀ လောက်ပဲ ကျန်တော့တယ်။ နောက် လုပ်ငန်းကလည်း တော်တော်လေးတော့ အ သွားတယ်။ အဲဒီအချိန်ကနေ အခုအချိန်အထိ ပြောမယ်ဆို ၂၅၊ ၂၀ ရာခိုင်နှုန်းက အများဆုံးပဲ၊ ကျနော်တို့ရဲ့ကားတွေ အလုပ်လုပ်နေရတာ ၂၅ ရာခိုင်နှုန်းက အများဆုံးပဲ။”

သွင်းကုန်ထုတ်ကုန်တွေ ကျဆင်းသွားတာ၊ ရပ်ဆိုင်းသွားတာတွေဟာလည်း ကုန်သေတ္တာတင် ယာဉ်တွေအတွက် လုပ်ငန်းတွေ ကျဆင်းသွားရတဲ့ အကြောင်းရင်းတခု ဖြစ်ပါတယ်။

“အဓိက သွင်းကုန် ထုတ်ကုန်နဲ့ မူတည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်မြို့က ဆိပ်ကမ်းမြို့ဖြစ်တဲ့အတွက် နိုင်ငံရဲ့ Import, Export အပေါ် မူတည်ပြီးတော့ ကျနော်တို့ရဲ့ ထိခိုက်မှုက အတူတူပါပဲ။ ဥပမာပြောမယ်ဆို ကျနော်က ဒီမှာ ကားအစီး ၅၀ နဲ့ အလုပ်လုပ်တဲ့လူက တလကို အလုံး ၅၀၀ လုပ်တယ် ဆိုပါတော့၊ အခု ကျနော် အလုံး ၁၀၀ ဆိုတာ မနည်းလုပ်နေရတယ်။ အလုံး ၁၀၀ ရဖို့ဆိုတာတောင် မရှိတော့ဘူး။ မရှိရတဲ့ အကြောင်းရင်းက Import, Export နည်းသွားတာကြောင့်။”

နောက်တခုကတော့ လောင်စာဆီဈေးတွေ တက်သွားတာ၊ ဒေါ်လာဈေး တက်သွားတာတွေဟာလည်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေအပေါ် အများကြီး ရိုက်ခတ်မှု ရှိပါတယ်။ လုပ်ငန်းတွေ ဆက်လက်ရပ်တည်ဖို့တောင် အတော်ခက်ခဲသွားတယ်လို့ ဦးစိုးနိုင်က ရှင်းပြပါတယ်။

“ကျနော်တို့ကတော့ ဒီဇယ်နဲ့မောင်းပြီးသွားတဲ့ကားတွေ ဖြစ်တဲ့အတွက် အထိဆုံးပဲ ပြောရမှာပေါ့၊ ထိပ်တိုက်ထိတာပဲ။ ထိတဲ့နေရာမှာ အလုပ်ပါးခြင်း ဖြစ်တဲ့အတွက် ဈေးနှုန်းတောင်းဖို့လည်း အင်မတန်ခက်တယ်။ ဘယ်လိုမှ အဆင်မပြေတဲ့အတွက် ကျနော်တို့ ညှိနှိုင်းမှုတွေနဲ့ ဈေးနှုန်းတော့ တက်တက်ပြီး တောင်းရတာပေါ့။ ဆီကလည်း အဆမတန်ပဲ ဖြစ်သွားတာလေ။ အရင်တုန်းက တခေါက်ကို ၅၀,၀၀၀ လောက် ကျန်တယ်ဆိုရင် အခုဆိုရင် ၂၀,၀၀၀ လောက် ၃၀,၀၀၀ လောက် ကျန်ဖို့တောင် မလွယ်တော့ဘူး။ နောက်တခု ဒီ ဒေါ်လာရဲ့ Effect ကြောင့် တာယာတို့၊ ဘက်ထရီတို့ သူ့ရဲ့ Accessories ပေါ့ဗျာ၊ နောက်က ပစ္စည်းနဲ့ပတ်သက်တာ အကုန်လုံးက တခုမှမကျဘူး၊ အကုန် အတက်ချည်းပဲ။ အတက်ချည်းပဲ ဖြစ်တဲ့အတွက် ရပ်တည်ဖို့တောင် တော်တော်လေးတော့ ခက်ခက်ခဲခဲ ဖြစ်နေတာပေါ့။”

သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖြေရှင်းတာမျိုးတွေတော့ မလုပ်ရသေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အခုလောလောဆယ် ဖြေရှင်းပေးနေတဲ့ အစီအစဉ်တချို့ ရှိပေမယ့် အခက်အခဲတွေ အကုန်လုံးအတွက်တော့ အဆင်မပြေနိုင်သေးဘူးလို့ ပြောပါတယ်။

“လောလောဆယ်မှာတော့ တင်ပြထားတာတော့ မရှိသေးဘူး။ သူတို့ ဟိုတလောက လုပ်တာတော့ ရှိတယ်ဗျ။ ဒါပေမယ့် အောင်မြင်ခြင်း အပြည့်အဝ မရနိုင်ပါဘူး။ သူတို့ ဒေါ်လာထုတ်ရောင်းပေးတဲ့အတွက် ဆီကို ကန့်သတ်ဈေးနဲ့ ရောင်းပေးတဲ့ဆိုင်တွေ ရှိတယ်။ အဲဒါမျိုးလေး ရောင်းပေးနေရင်လည်း အဆင်ပြေမယ်။ ဒါပေမယ့် ကျနော်တို့လည်း ဘယ်လိုမျိုး တင်ပြ တောင်းဆိုရမယ်ဆိုတာ လောလောဆယ်မှာ ကျနော်တို့တောင် ခန့်မှန်းရ ခက်နေတယ်။ ဖြစ်နိုင်ရင်တော့ ကျနော်တို့က ဒီဇယ်ဈေး တည်တည်ငြိမ်ငြိမ်နဲ့ ဒေါ်လာဈေး တည်တည်ငြိမ်ငြိမ်ဆိုရင် လုပ်လို့ကိုင်လို့ အဆင်ပြေမယ်လို့ ထင်တယ်။ ဒါပေမယ့် ရှေ့ လုပ်ငန်းတွေ တိုးတက်လာဖို့ဆိုတာ အင်မတန် မှန်းရခဲ့တဲ့အချိန် ဖြစ်နေတဲ့အတွက် ကျနော်လည်း တွေးလို့တော့ မရသေးဘူး ဖြစ်နေတာပေါ့။”

လက်ရှိအခြေအနေအတိုင်း ဆက်သွားမယ်ဆိုရင်တော့ အခက်အခဲတွေ ပိုရှိလာနိုင်ပါတယ်။

“အခုတော့ ကျနော်တို့က မိသားစုပေါ့၊ ယာဉ်မောင်းရှိတယ်၊ ကျနော့်ဝန်ထမ်း အဆင်ပြေရုံပေါ့။ ဒီတိုင်းပဲ ဆက်သွားမယ်ဆိုရင်တော့ ကျနော့်အနေနဲ့လည်း ထမ်းနိုင်ဖို့ ခက်သလို အားလုံးအနေနဲ့လည်း ထမ်းနိုင်ဖို့ ခက်ပါလိမ့်မယ်။ ရှေ့ကတော့ ကျနော်တို့လည်း ဘယ်လိုမှ ခန့်မှန်းလို့မရတဲ့ အနေအထားမျိုး ဖြစ်နေတယ်။”

ကုန်သေတ္တာတင်ယာဉ်များအသင်းရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးစိုးနိုင် ပြောပြသွားတာပါ။ ကုန်တင်ယာဉ်တွေ လေးငါးခြောက်စီးလောက်ပိုင်တဲ့ လုပ်ငန်းရှင်တဦးကလည်း လုပ်ငန်းတွေကျဆင်း ရပ်ဆိုင်းသွားတာကို အခုလို ပြောပြပါတယ်။

“၂၀၂၀ ကိုဗစ် ဒုတိယလှိုင်း ဝင်ကတည်းက နည်းနည်းပါးသွားတာ။ အထည်ချုပ်တွေ လျော့သွားတော့။ Export, Import နည်းသွားရင် ကျနော်တို့က လျော့သွားတယ်။ ဒီလိုပဲ လုပ်ရတာပေါ့။ တပတ်ကို တခေါက် နှစ်ခေါက်ပဲ ရတယ် ကားတစီးကို။ အခုကတော့ ၁၀ ခေါက်တောင် မပြည့်ချင်တော့ဘူး ဖြစ်နေတယ် တလကို။ ကျနော်တို့ကတော့ ကောင်းလိမ့်နိုး ကောင်းလိမ့်နိုးနဲ့ပဲ အခုထက်ထိတော့ လုပ်နေရတာပေါ့။ ပြန်ကောင်းမယ်၊ Export, Import လည်း ဒီ ကွန်တိန်နာနဲ့ပဲ သွားတော့လေ။ အဲဒီလိုပဲ မျှော်လင့်တာပေါ့။”

ကိုဗစ်ကပ်ရောဂါနဲ့ လက်ရှိ အကျပ်အတည်းတွေကြောင့် ကုန်သေတ္တာတင်ယာဉ်လုပ်ငန်းတွေ ထိခိုက်ကျဆင်းရတဲ့အတွက် လုပ်ငန်းရှင်တချို့ ဆက်လက်လုပ်ဆောင်နိုင်ခြင်း မရှိတော့သလို တချို့လည်း ရှိတဲ့မော်တော်ယာဉ် အစင်းရေတွေကို လျှော့ချခဲ့ရပါတယ်။

COVID-19 ကပ်ဆိုးကြောင့် တကမ္ဘာလုံးမှာ စီးပွားရေး ထိခိုက်ကျဆင်းခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း COVID-19 နဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ ဆက်လက်ကျဆင်းသွားနိုင်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ပြီးခဲ့တဲ့လပိုင်းက ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ စီးပွားရေး အထိခိုက်ဆုံးလို့ သတ်မှတ်ခံရတဲ့အထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေပြီး မြန်မာ့စီးပွားရေးရဲ့ ၁၈ ရာခိုင်နှုန်း ကျဆင်းသွားမယ်လို့ ကမ္ဘာ့ဘဏ်က ပြောဆိုထားပါတယ်။

ဗီအိုအေ

Read 1195 times