ကားအင်ဂျင်တစ်လုံးအကောင်းဆုံးလုပ်ဆောင်နိုင်ရန် အင်ဂျင်လုံရပါမည်။
အင်ဂျင်လုံခြင်းဆိုသည်မှာ အင်ဂျင်ကွန်ပရက်ရှင်း (Compression) ကောင်းသောအခြေအနေကို ပြောခြင်းဖြစ်ပါသည်။
Compression ကျနေသော အင်ဂျင်တစ်လုံးသည် လည်ပတ်မှုမတည်ငြိမ်ခြင်း၊ အင်ဂျင်ပါဝါကျလာပြီး ဆွဲအားမကောင်းဘဲ ဆီပိုကုန်လာခြင်း၊ အင်ဂျင်၏ Fuel Efficiency ကျဆင်းလာခြင်း၊ အင်ဂျင် Performance လည်း ကျဆင်းလာခြင်း၊ အင်ဂျင်ဝိုင်ပိုစားလာခြင်း၊ မီးခိုးထွက်လာခြင်းများ ဖြစ်ပေါ်တက်ပါသည်။
ဓာတ်ဆီအင်ဂျင်ဖြစ်စေ၊ ဒီဇယ်အင်ဂျင်ဖြစ်စေ၊ အင်ဂျင် Compression 100psi (Pound Per Square Inch) အနည်းဆုံးလိုအပ်ပါသည်။
အင်ဂျင်ဒီဇိုင်း အရွယ်အစားနှင့် ထုတ်လုပ်သူ၏ ပုံစံကိုလိုက်၍ ကွန်ပရက်ရှင်းဖိအား Pressure 140psi မှ 220psi အထိ အမျိုးမျိုးရှိတက်ပါသည်။
ဒီဇယ်အင်ဂျင်ဆိုပါက Compression Ratio ပိုမြင့်သောကြောင့် Pressure ပိုများပြီး Compression Pressure 350psi နှင့် အထက်တွင်ရှိပါသည်။
Four Stroke အင်ဂျင်အမျိုးအစားမှာ (Valves ) ဗားအဖွင့်အပိတ် တိုင်မင် (Timing ) ကို ကမ်ရှပ် (Camshaft) မှ ဆောင်ရွက်ပေးပါသည်။
Intake Storke မှာ အင်ဂျင် ဆလင်ဒါထဲကို လေနှင့် ဓာတ်ဆီ အရောအနှောများက ဗားပွင့်နေသောကြောင့် ဝင်လာပါသည်။
Intake Stroke မှ Inlet Valve ကပွင့်နေပြီး Compression Stroke စပြီး မကြာခင်တွင် ဗားပြန်ပိတ်သွားပါသည်။
ဆလင်ဒါထဲဝင်လာသောလေနှင့် လောင်စာအရောနှောကို ပစ္စတင်က ဖိသိပ်ပြီး တွန်းတင်လိုက်သောကြောင့် ထုထည်သေးသွားပါသည်။
ဓာတ်ငွေ့တစ်ခုကို ထုထည်သေးအောင် ဖိသိပ်လိုက်လျှင် ဖိအား Pressure တက်လာပါပြီး အပူချိန်လည်းမြင့်တက်သွားပါသည်။
Compression Stroke ဆုံးခါနီး အချိန်တွင် မီးပလပ်မှ မီးပွားပွင့်သွားသည်နှင့် ပေါက်ကွဲမှုဖြစ်ပြီး ပစ္စတင်ကို တွန်ကန်ချလိုက်ပါသည်။
ထိုကဲ့သို့ အင်ဂျင်အတွင်းတွင် ပေါက်ကွဲပြီး ပစ္စတင်ကို တွန်းလိုက်သောကြောင့် ကရိုင်းရှပ်ကို လည်စေပါသည်။
လည်အားကို ဖလိုင်းဝှီး (Fly Wheel) က အားထိန်းထားပြီး ဆလင်ဒါများကို Firing Order တိုင်မင်အတိုင်း တစ်လုံးပြီး တစ်လုံး ပေါက်ကွဲလည်ပတ်စေပါသည်။
ဆလင်ဒါအတွင်းမှာ မီးလောင်ပေါက်ကွဲမှုဖြစ်စဉ် အကောင်းဆုံးဖြစ်ရန် အင်ဂျင် Compression ကောင်းရပါသည်။
အင်ဂျင်ဝိုင်စား၊ ဆီးစားပြီး ကျနေသော အင်ဂျင်တစ်လုံးတွင် ကွန်ပရက်ရှင်း ကျနေတက်ပါသည်။
အင်ဂျင်တစ်လုံးတွင် ဆလင်ဒါလေးလုံးရှိသည်ဆိုပါက အသုံးပြုမှု သက်တမ်းကြာလာလျှင် Compression ဖိအားက ဆလင်ဒါတစ်လုံးနှင့် တစ်လုံး မတူညီနိုင်ပေ။
ဆလင်ဒါတစ်လုံးချင်းစီ၏ ဖိအားကွာခြားမှုသည် ၁၅ရာခိုုင်နှုန်းထက် မပိုသင့်ပေ။
ထိုအရာကို စစ်ဆေးဖို့ရန် အင်ဂျင် Compression Test လုပ်ရန် လိုအပ်လာပါသည်။
အင်ဂျင်ကျူးနင်း Tune-up လုပ်ရသော အချက်များထဲတွင် အင်ဂျင် Compression စစ်ဆေးခြင်းလည်း အရေးကြီးသောလုပ်ငန်းစဉ်ဖြစ်ပြီး Compression Test လုပ်ကြည့်မှ အင်ဂျင်၏ အခြေအနေကို အကြမ်းအားဖြင့် သိနိုင်ပါသည်။
ယာဉ်ပိုင်ရှင် လက်စွဲစာအုပ် Owner’s Manual ထဲတွင် အင်ဂျင် Tune-up လုပ်သင့်သော ကာလအပိုင်းအခြား Intervals ကိုဖော်ပြထားလေ့ရှိပါသည်။
အင်ဂျင်တစ်လုံး Compression ပုံမှန်ရှိပြီး စွမ်းဆောင်ရည် ကောင်းကောင်းဖြင့် ပုံမှန်လည်ပတ်နေသော အင်ဂျင်၊ မီးခိုးမလိုက်သော အင်ဂျင်၊ ဆီးစားမများသော အင်ဂျင်ကို အင်ဂျင်လုံသည်ဟု ဆိုနိုင်ပါသည်။
အင်ဂျင်လုံခြင်းဆိုသည်မှာ Compression ကောင်းသောအခြေအနေဖြစ်ပြီး ဗားလုံခြင််း၊ ဂတ်စ်ကတ်လုံခြင််း၊ ပစ္စတင် Ring ကွင်းနှင့် ဆလင်ဒါ စလစ်လုံခြင်း၊ အင်ဂျင် Compression Pressure ရှိခြင်းများပင်ဖြစ်ပါသည်။
အင်ဂျင်အသုံးပြုသော သက်တမ်းကြာလာပါက Piston Rings ကွင်းများစားပြီး ဆလင်ဒါနံရံများ စားလာပါသည်။
Ring ကွင်းနှင့် စလစ်ကြားတွင် ကွာဟချက်များလာပါက လေမလုံခြင်းများ ဖြစ်ပေါ်လာပါသည်။
ထို့နောက် အင်ဂျင် Head ထဲတွင်ရှိသော Intake Valve များနှင့် Exhaust Valves များသည် ဗားဆီး၊ ဗားဂိုက်များ စား၍ ချောင်လာပြီး ဗားအထိုင်မျက်နှာပြင်များ ပွန်းစားသောကြောင့် လေမလုံပါက Compression ကျလာပါသည်။
ထိုနောက် အင်ဂျင်ဘလောက်နှင့် အင်ဂျင် Head ကြားတွင် Seal ဖြစ်စေရန် ရှိနေသောအရာမှာ ဂတ်စ်ကတ် Gasket ဖြစ်ပါသည်။
ဂတ်စ်ကတ်မလုံပါကလည်း အင်ဂျင် Compression ကျနိုင်ပါသည်။
နောက်တစ်ချက်မှာ ဗားများကို အဖွင့်အပိတ်လုပ်ပေးသော ကမ်ရှပ် (Camshaft) တိုင်မင်နှင့် ဗားရော့ကာအမ်းများဖြစ်ပါသည်။
ဗားအဆုံးထိမဖွင့်ခြင်း၊ ဗားထောက်နေခြင်း၊ ဗားကောက်နေခြင်းများကြောင့်လည်းကောင်း၊ Air Cleaner လေစစ်ပိတ်နေ၍လည်းကောင်း၊ Spark Plug အထိုင်ဝါရှာ မကောင်း၍ အရစ်တင်းကျပ်ခြင်း လျော့နေ၍လည်းကောင်း အင်ဂျင် Compression ကျနိုင်ပါသည်။
အင်ဂျင် Compression Pressuer ဖိအားကျနေခြင်း၊ ခြားနားနေခြင်း၊ ထူးခြားနေခြင်း၊ ဖိအားမကျဘဲ ပိုများခြင်း၊ ဆလင်ဒါလေးလုံး (သို့မဟုတ်) ခြောက်လုံးတွင် မည်သည့်အလုံးတွင် Pressure လုံးဝကျနေခြင်းကို သိစေရန် ဆလင်ဒါတစ်လုံးချင်းကို Compression Test လုပ်ရန်လိုအပ်ပါသည်။
အင်ဂျင် Compression စစ်ဆေးပြီးမှသာ အင်ဂျင်ချို့ယွင်းချက်ဖြစ်နေသော အခြေအနေကို သိနိုင်ပါသည်။
ကားအင်ဂျင်တွင်ရှိသော တစ်ချို့ဆလင်ဒါများ Compression ကျနေပြီး ဆလင်ဒါတစ်လုံးမှာ ထူးထူးခြားခြား Compression ဖိအား အလွန်မြင့်တက်နေသည်ဆိုပါက အင်ဂျင် Combustion Chamber ထဲတွင် ကာဗွန်ချိုးများ အများကြီးကပ်နေသောကြောင့် ဖြစ်ပါသည်။
ကာဗွန်ချိုးတက်ရခြင်းအကြောင်းမှာ ပလပ်မီးအား မကောင်းခြင်း၊ အသုံးပြုသော ဓာတ်ဆီအရည်အသွေးညံ့ခြင်းကြောင့်ဖြစ်ပြီး ထိုအရာများသည် မကောင်းသောလက္ခဏာများဖြစ်ပါသည်။
Compression ဖိအားသည် များလွန်းလျှင်မကောင်းသကဲ့သို နည်းလွန်းပါကလည်း မကောင်နိုင်ဘဲ ပုံမှန်အနေအထားသာရှိသင့်ပါသည်။
Compression ဖိအားများခြင်းကြောင့် နောက်ဆက်တွဲအကျိုးဆက်မှာ အင်ဂျင်မီးခေါက်သံ Detonation ဖြစ်ခြင်း၊ Preignition ဟုခေါ်သော ပလပ်က မီးပွားများမပွင့်ခင် ကြိုတင်၍ ပေါက်ကွဲမီးလောင်ခြင်းမျိုးဖြစ်ပြီး အင်ဂျင်အတွင်းအပူချိန်မြင့်တက်လာခြင်းများဖြစ်ပါသည်။
အင်ဂျင်လည်ပတ်မှုပုံမှန်မဟုတ်ဘဲ တုန်ခါကြမ်းတမ်းနေခြင်း၊ အင်ဂျင်ပါဝါကျဆင်းနေခြင်း၊ မီးခေါက်သံထွက်ခြင်း၊ အင်ဂျင်အပူလွန်ကဲခြင်းများ ဖြစ်ပါက အင်ဂျင်အတွင်းပိုင်း ပစ္စည်းများ ပျက်စီးထိခိုက်သွားနိုင်ပါသည်။
အင်ဂျင် Compression မြင့်တက်လွန်းနေသော ဆလင်ဒါထိပ်မှ မီးလောင်ပေါက်ကွဲခန်းထဲတွင်ရှိသော ကာဗွန်ချိုးများ အရည်ပျော်သွားစေရန် Decarbonizing ဓာတုဆေးရည် Chemical များသုံးပြီး ကုစားရပါသည်။
ထိုနောက် Head ဖွင့်ပြီး Head Service လုပ်ပေးရန် လိုအပ်ပါသည်။
Compression Test လုပ်ရန် Compression Gauge တစ်စုံလိုအပ်ပါသည်။
အင်ဂျင်အေးနေပါက စစ်ဆေးမှုမမှန်ကန်နိုင်ပါ။
အင်ဂျင်ပူနေသော အခြေအနေမှသာ အင်ဂျင်ဝိုင်ချောဆီလည်းပူနေပြီး အင်ဂျင်အတွင်းပိုင်းတွင် လည်ပတ်နေသော အခြေအနေမျိုးဖြစ်ရပါမည်။
အင်ဂျင် Compression Test လုပ်နေစဉ် ဆလင်ဒါ တစ်လုံးချင်းကို ဖိအား Pressure မည်မျှရှိသည်ကို တိုင်းတာကြည့်ပြီး နှိုင်းယှဉ်စစ်ဆေးခြင်း ဖြစ်ပါသည်။
အင်ဂျင်ဆလင်ဒါတိုင်းတွင်ရှိသော Plug များကို Plug Spanner နှင့် ချွတ်ရပါမည်။
Spark Plug တပ်ဆင်သော ပေါက်တွင် Compression Gauge ကို တပ်ဆင်ပြီး အင်ဂျင် ကရိုင်းရှပ်ကို လှည့်ပေး ရပါတယ်။
ဓာတ်ဆီ အင်ဂျင်ဖြစ်သောကြောင့် မီးအန္တရာယ် ကို ဂရုစိုက်ရန်လိုအပ်ပါသည်။
အင်ဂျင်မီးပေးစနစ်မှ မီးပွား မထွက်ရန် Ignition Fuse ကို ဖြုတ်ထားရပါမည်။
Ignition Control Module ကို ၀ါယာ အဆက်အသွယ် ဖြတ်တောက်ထားရမည်။
Fuel System အလုပ် မလုပ်နိုင်အောင် ဓာတ်ဆီပန့် Fuel Pump ဖျူးစ်ကိုဖြုတ်ထားရမည်။
သရော်တယ်တံခါးကို အဆုံးဖွင့်ထားရမည်။
ကားသော့ဖွင့်ပြီး စက်နှိုးမော်တာဆွဲ၍ အင်ဂျင်ကို ဆယ်ပတ်ခန့် လည်အောင် လှည့်ပေးပါ။
ဆလင်ဒါ တစ်လုံးချင်းစီ၏ ဖိအား ပမာဏကို မှတ်သားထားပါ။
ဆလင်ဒါတစ်လုံးချင်းစီ၏ Compression ဖိအား ကွာခြားမှုသည် (၁၀) ရာခိုင်နှုန်းထက် မပိုသင့်ပေ။
Compression ဖိအားသည် အနည်းဆုံး 100 psi ရှိရပါမည်။
ထိုပမာဏထက် နည်းနေပါက အင်ဂျင် မလုံတော့ပေ။
တစ်ခါတစ်ရံ Compression ဖိအား လုံးဝ မပြသော အခြေအနေမျိုးနှင့် ကြုံရတတ်သည်။
အင်ဂျင် Compression လုံးဝ ကျဆင်းနေသော အကြောင်းရင်းများမှာ ပစ္စတင်ပျက်စီးနေခြင်း၊ ဗားမလုံခြင်း၊ ဗားကောက်နေခြင်း၊ ဗားထောက်နေခြင်း၊ ဗားစပရိန်ကျိုးနေခြင်း၊ ပစ္စတင် Rain ကွင်းကျိုးနေခြင်း၊ ဂတ်စ်ကတ်မလုံခြင်း၊ ပျက်နေခြင်း၊ အင်ဂျင် Head Bolt ချောင်နေခြင်း၊ ကမ်ရှပ် Camshaft ပွန်းစားမှုများလွန်း၍ ဗားမပွင့်နိုင်ခြင်း၊ ဗား Seat အထိုင် လုံးဝမလုံတော့ခြင်းများဖြစ်ပါသည်။
အင်ဂျင်တစ်လုံး Compression ကျခြင်း၊ မမှန်ခြင်း Compression Pressure မြင့်တက်နေခြင်း များသည် ချို့ယွင်းချက် အားနည်းချက် ရှိသော အခြေအနေများ ဖြစ်ပါသည်။
ထိုသို့ အခြေအနေမျိုးတွင် အင်ဂျင်တစ်လုံး၏ လုပ်ဆောင်ချက်များ မမှန်ဘဲ အင်ဂျင်ပါ၀ါ စွမ်းအားများသည် ကျဆင်း နေပါမည်။
Compression Test လုပ်ကြည့်မှသာ ချို့ယွင်း အားနည်းချက်များကို သိနိုင်ပြီး လိုအပ်တာတွေကို ပြုပြင်ပေးနိုင်မှာ ဖြစ်ပါသည်။