ပြည်ပမှ လုပ်ငန်းသုံး ကုမ္ပဏီလိုင်စင်ဖြင့် အမည်ပေါက် တင်သွင်းထားသည့် ကားများအား တည်ဆဲဥပဒေများအရ တစ်ဆင့်ပြန်လည် ရောင်းချခွင့် မရှိသည်ကို ပြန်လည်ရောင်းဝယ် နေခြင်းကြောင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းစစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့စစ်ဆေးတွေ့ရှိပါက ဥပဒေအတိုင်း အရေးယူသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ စုံစမ်း သိရသည်။
သို့သော်ကုမ္ပဏီ အမည်ပေါက်ကားများအား ပြန်လည်ဝယ်ယူသူများ အနေဖြင့် သတ်မှတ်ထားသည့် အခွန်နှုန်းထားများ ပေးဆောင်စေပြီး အမည်ပေါက်အဖြစ် ပြန်လည် ပြောင်းလဲခွင့် ရှိကြောင်းသိရသည်။
ကုမ္ပဏီအမည်ပေါက်ကားများကို လူအမည်ပေါက် ဆောင်ရွက်မည် ဆိုပါက ၂ ရာခိုင်နှုန်းမျာကုမ္ပဏီ၏ တင်သွင်းထားသည့်အပေါ်တွင် ကြိုတင်ဝင်ငွေခွန် အနေဖြင့် ကောက်ခံမည် ဖြစ်သောကြောင့် ခုနှိမ်ခွင့်ရမည် မဟုတ်ကြောင်း သိရသည်။
၂ ရာခိုင်နှုန်းကောက်ခြင်းမှာ ကုမ္ပဏီ၏လုပ်ငန်း ပေါ်တွင်ကောက်ခြင်းဖြစ်ပြီး တင်သွင်းသည့် ကားများပေါ်တွင် ကောက်ခံခြင်း မဟုတ်ကြောင်း သိရသည်။
ယင်းကားကိုတစ်ဆင့် ပြန်လည်ဝယ်ယူသည့်အခါ အမည်ပေါက်ပြုလုပ်မည့်သူက ၀င်ငွေရလမ်း မဖော်ပြနိုင်ပါက သတ်မှတ်ထားသည့်အတိုင်း အခွန်ပေးဆောင်ပြီးမှသာ အမည်ပေါက် ပြုလုပ်နိုင်မည် ဖြစ်ပါသည်။
၀င်ငွေခွန်ကောက်ခံရာတွင် ပြည်ပမှတင်သွင်းသော ကားများသာမက ပြည်တွင်းထုတ်ကားများ ကိုလည်း အခွန်ကောက်ခံနေပြီး ယခုဘဏ္ဍာနှစ်အစ ဧပြီလနှင့်မေလ တတိယပတ်အထိ ကား၂၄၉၃ စီးအတွက် ၀င်ငွေခွန် ကျပ်သန်းပေါင်း ၄၁၂၂ သန်း ကောက်ခံရရှိထားကြောင်း သိရသည်။