COE စနစ်ဖြင့် ရန်ကုန်လိုင်စင်ခွင့်ပြုပေးရာတွင် အင်ဂျင်ပါဝါအလိုက် ခွဲခြားသတ်မှတ်ပြီး တင်သွင်းခွင့်ပေးဖွယ်ရှိကြောင်း မော်တော်ယာဉ်တင်သွင်းသူများထံမှ သိရပါသည်။
ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုကို ထိန်းချုပ်ရန်အတွက် ၂၀၁၆ ခုနှစ်၊ ဧပြီလမှစ၍ ဖရီးပါမစ်ဖြင့် ကားများတင်သွင်းရာတွင် ရန်ကုန်လိုင်စင်ပါမစ်ခွင့်ပြုခြင်းကို ရပ်ဆိုင်းခဲ့ပြီး ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် CKD၊ SKD ကားများကိုသာ ယာဉ်ပိုင်ရှင်ဆန္ဒအရ ရန်ကုန်လိုင်စင်ခွင့်ပြုပေးခဲ့ပါသည်။
တစ်နှစ်ကျော် တင်သွင်းခွင့် ပိတ်ပင်ထားသော ရန်ကုန်လိုင်စင်ဖြင့် ကားတင်သွင်းမှုကို ဧပြီ ၁ ရက်မှစ၍ ပြန်လည်ခွင့်ပြုပေးမည်ဖြစ်ရာ အင်ဂျင်ပါဝါနှင့် တန်အားအပေါ်မူတည်ပြီး ခွဲခြားသတ်မှတ်မည်ဟု သိရပါသည်။
COE စနစ်ဖြင့် ရန်ကုန်လိုင်စင်ကားများတင်သွင်းခွင့်ပေးမည်ဆိုလျှင် ကားဟောင်း၊ ကားသစ် မခွဲခြားဘဲ အင်ဂျင်ပါဝါနှင့် တန်အားအပေါ်မူတည်၍ ခွဲတမ်းသတ်မှတ်ပေးရန် ရှိပြီး အင်ဂျင်ပါဝါနှင့် ခွဲခြားသည့်အခါ ၁၃၀၀ စီစီအောက်၊ ၁၃၀၀ စီစီမှ ၃၀၀၀ စီစီ အထိနှင့် ၃၀၀၀ စီစီအထက်ဟူ၍ ခွဲခြားပေးထားမည်ဖြစ်ပါသည်။
ထို့နောက် လုပ်ငန်းသုံးကားများအတွက်ကိုလည်း နှစ်တန်အထိနှင့် နှစ်တန်မှ ငါးတန်းကြားဟူ၍ ခွဲခြားထားကြောင်း မြန်မာနိုင်ငံမော်တော်ယာဉ် တင်သွင်းဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌမှ ပြောကြားခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲမှ ဧပြီလ ၁ ရက်မှစပြီး ရန်ကုန်လိုင်စင် ကားတင်သွင်းမှုကို ပြန်လည်ခွင့်ပြုပေးမည်ဖြစ်သဖြင့် ပြည်တွင်းထုတ် CKD၊ SKD ကားများကို လက်ရှိအတိုင်း ရန်ကုန်လိုင်စင်ထုတ်ပေးမည်ဖြစ်ပြီး နယ်ဝင်ကားအတွက် ခွင့်ပြုပေးမည်မဟုတ်ကြောင်း သိရပါသည်။
ရန်ကုန်လိုင်စင်ဖြင့် ကားတင်သွင်းခွင့်ပေးရာတွင်လည်း Brand New၊ Used Car ဟူ၍ မခွဲခြားဘဲ အင်ဂျင်ပါဝါနှင့် တန်အားအပေါ်မူတည်ပြီး ခွဲခြားသတ်မှတ်ပေးမည်ဖြစ်ကြောင်း သိရပါသည်။