ယခုခေတ်တွင် ကိုကာကိုလာဆိုသည်နှင့် လူကြီးလူငယ်၊ ကျားမမရွေး နိုင်ငံအများအပြားတွင်လူသိများပါသည်။
ထို့ကြောင့် ပေါ်ပြူလာဖြစ်သော ကိုကာကိုလာပေါ်ပေါက်လာပုံအကြောင်းမှာလည်း စိတ်ဝင်စားစရာဖြစ်လာပါသည်။
ကိုကာကိုလာ၏ သမိုင်းအကြောင်ကိုပြန်ကြည့်မည်ဆိုပါက John Pemberton ဆိုသော အမေရိကန်ဗိုလ်မှူးကြီးတစ်ယောက် အကြောင်းကို စတင်ရမည်ဖြစ်ပါသည်။
ထိုသူသည် ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ဦးလည်းဖြစ်ပါသည်။
အမေရိကန်ပြည်တွင်းစစ်အတွင်း ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့သော Pemberton သည် ဒဏ်ရာနာကျင်မှုအတွက်လိုအပ်သော Morphine ကို အသုံးပြုခဲ့ရပါသည်။
နောက်ပိုင်းတွင် Morphine စွဲလမ်းမှုအတွက် အစားထိုးအသုံးပြုစရာတစ်ခုကို ရှာဖွေခဲ့ပါသည်။
ထိုအခါ ကိုကာကိုလာ၏ ကနဦးအဆင့်ဟု မှတ်ယူနိုင်သော Coca Wine ကို ဂျော်ဂျီယာပြည်နယ်၊ ကိုလံဘတ်မြို့တွင်ရှိသော Pemberton ၏ ဆေးဝါးနှင့် ဓာတုထုတ်လုပ်ရေးစက်ရုံတွင် စတင်ထုတ်လုပ်ခဲ့ပါသည်။
၁၈၈၅ခုနှစ်တွင် Pemberton သည် သူ၏ပြင်သစ် Wine Coca Nerve Tonic ကို တရားဝင်မှတ်ပုံတင်နိုင်ခဲ့ပါသည်။
Pemberton သည် ထို Tonic ကို အရက်မပါဝင်သော ဝိုင်ပုံစံအနေဖြင့် အသွင်ပြောင်းလဲခဲ့ပြီး ကိုကာကိုလာအချိုရည်အဖြစ် အဆင့်ဆင့်ပြောင်းလဲ ထုတ်လုပ်ခဲ့ပါသည်။
၁၈၈၆ခုနှစ်တွင် Carbonated Water နှင့် ရောစပ်ပြီး အမှန်တကယ် လန်းဆန်းတက်ကြွစေသော အချိုရည်သစ်ကို အောင်အောင်မြင်မြင် ထုတ်လုပ်နိုင်ခဲ့ပါသည်။
ကိုကာကိုလာကို ၁၈၈၆ခုနှစ်တွင် ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာတာမြို့မှ Jacob ဆေးဆိုင်တွင် ပထမဆုံးရောင်းချခဲ့ပါသည်။
ထိုအချိန်တွင် လူအများစုက ကိုကာကိုလာကို ဆေးဝါးအဖြစ်သာ အသုုံးပြုခဲ့ကြပါသည်။
၁၈၉၄ခုနှစ်တွင် ကိုကာကိုလာကို ပုလင်းဖြင့် စတင်ရောင်းချခဲ့ပြီး ကိုယ်ပိုင်ဒီဇိုင်းနှင့် ပုလင်းထုတ်လုပ်ရန်အတွက်ပါ လုပ်ဆောင်ခဲ့ပါသည်။
နောက်ပိုင်းတွင် ကုန်ပစ္စည်းများ တစ်နေရာမှ တစ်နေရာ သယ်ယူပို့ဆောင်ဖြန့်ဖြူးနိုင်ရန်အတွက် မော်တော်ကားများ အသုံးပြုလာကြသောအခါ ကိုကာကိုလာအနေဖြင့်လည်း ကိုကာကိုလာအချိုရည်ကို
နေရာအနှံပို့ဆောင်နိုင်ရန်အတွက် ဖြန့်ချိရေးထရပ်ကားများကို ၁၉၀၀ပြည့်လွန်နှစ်ကာလများမှာ ကိုကာကိုလာ အချိုရည်ပုလင်းများ တည့်ထားသော အအေးကတ် ၂၄ကတ် တင်ဆောင်နိုင်ရန်
အထူးပြုလုပ်ဆောင်ထားသော Coca-Cola Delivery Truck အဖြစ် ဖန်တီးခဲ့ပါသည်။
၁၉၃၁ခုနှစ်တွင် Ford Model AA ကားများကို ပြောင်းလဲအသုံးပြုခဲ့ပါသည်။
ခေတ်များ စနစ်များ အဆင့်ဆင့်ပြောင်းလဲလာသကဲ့သို့ ကိုကာကိုလာပို့သောကားပုံစံများကလည်း လိုအပ်ချက်နှင့်အညီ ပိုပြီး အဆင့်အတန်းမြင့်မားလာပါသည်။
ယခုခေတ်တွင် အနီရောင်၊ အဖြူရောင်များနှင့် ကိုကာကိုလာအမှတ်တံဆိပ်၏ မူပိုင်ဒီဇိုင်းနှင့်အတူ Coca-Cola Delivery Truck ကားများကို နိုင်ငံတကာတွင်သာမက မြန်မာနိုင်ငံတွင်ပါ
နေရာအနှံ တွင်တွင်ကျယ်ကျယ်မြင်တွေ့လာနိုင်ပြီ ဖြစ်ပါသည်။