ကလပ်ပြဿနာများ စစ်ဆေးပြုပြင်ခြင်း


မော်တော်ယာဉ်တစ်စီးတွင် အများဆုံးအလုပ်လုပ်ရသော အစိတ်အပိုင်းဖြစ်သည်။

Manual Gear သုံးသော ကားများတွင် ကလပ် (Clutch) သည် အင်ဂျင်နှင့် ဂီယာဘောက်စ်ကြားတွင် ဆက်သွယ်ပေးသောအရာဖြစ်သည်။ ကားစတင်ထွက်ခွာခြင်း၊ ဂီယာအဆင့်ဆင့်ပြောင်းခြင်း၊ ကုန်းတက်လမ်း၊ တောင်တက်လမ်းတွင် ဂီယာချိန်းခြင်း၊ ကားနောက်ဆုတ်ခြင်း၊ ကားရပ်နားခြင်းစသော လုပ်ဆောင်ချက်တိုင်းတွင် ကလပ်နင်း၍ အလုပ်လုပ်ပေးရသည်။

မော်တော်ယာဉ်တိုင်းတွင် အများဆုံးဖြစ်တတ်သော ပြဿနာမှာ ကလပ်နှင့် ဘရိတ်စနစ်ဖြစ်သည်။ ကလပ်စနစ်တွင် ဖြစ်လေ့ဖြစ်ထရှိသော ရောဂါပြဿနာ၏ ရှေ့ပြေးလက္ခဏာများကို သိရှိထားခြင်းဖြင့် ကလပ်ထိန်းသိမ်းခြင်းကို အထောက်အကူပြုသည်။

ကလပ်အခြေခံ

အင်ဂျင်နှင့် ဂီယာဘောက်စ်ကြားတွင်ရှိသော ကလပ်အုံသည် အင်ဂျင်ဖလိုင်းဝှီးမှ လှည့်အားပါဝါကို ဂီယာဘောက်စ်မှတစ်ဆင့် Drive Wheel အထိရောက်အောင် ပို့ပေးသည်။ ဂီယာပြောင်းထိုးတိုင်း အင်ဂျင်နှင့် ဂီယာဘောက်စ်ကို အဆက်အသွယ်ဖြတ်တောက်ပေးသည်။ ကလပ်ပလိတ်ပြားတွင် ဖိုင်ဘာပြား (၂) ချပ်ကို Revit ဖြင့်ရိုက်ထားပြီး ဖိုက်ဘာပြားမျက်နှာပြင်နှင့် ဖလိုင်းဝှီးမျက်နှာပြင်တို့ကြားတွင် ပွတ်မှုအားဖြစ်ပေါ်စေရန် Pressure Plate ပြားက စပရိန်တွန်းအားဖြင့် ဖိထားပေးသည်။ ယာဉ်မောင်းသူကလပ်ခြေနင်းတံကို နင်းချလိုက်ပါက အပေါ်ကလပ်ဆုံမှ ဟိုက်ဒရောလစ်ဆီ (ဘရိတ်ဆီ)များသည် အောက်ကလပ်ဆုံသို့ ဖိအားတစ်ခုဖြင့်ရောက်ရှိပြီး ကလပ်ထိုးတံကိုတွန်းသည်။ ထိုးတံမှ ကလပ်ဖောက်ကိုတွန်းသဖြင့် ကလပ်ဖောက်မှ ကလပ်ဘောလ်ကို ဆက်တွန်းသည်။

ကလပ်ဘောလ်တွန်းအားသည် ကလပ်ဖင်ဂါးများပေါ်သို့သက်ရောက်၍ စပရိန်ဖိအားကိုလျှော့ချပေးသည်။ ထိုအခါ ကလပ်ပလိတ်ပြားသည် ဖရီးဖြစ်သွားပြီး အင်ဂျင်နှင့် ဂီယာဘောက်စ် အဆက်အသွယ်ပြတ်သွားသည်။ ဂီယာဘောက်စ်ဖရီးဖြစ်သွားပါက ကလပ်ခြေနင်းကို တဖြည်းဖြည်းချိန်၍ လွှတ်ပေးလျှင် အင်ဂျင်ဖလိုင်းဝှီးနှင့် ကလပ်ပလိတ်ငြိသွားပြီး ဂီယာဘောက်စ်နှင့် တစ်ဆက်တည်းဖြစ်သွားမည်။ ကလပ်ပလပ်အူတိုင်တွင် ဂီယာဘောက်စ်သပ်ရှပ်ကိုစွပ်ထားသဖြင့် ကလပ်ပလိတ်လည်အားသည် ဂီယာဘောက်စ်သို့ရောက်ရှိသွားမည်။

ကလပ်ပလိတ်ပြားသည် ဖလိုင်းဝှီးမှန်ပြင်ပြားနှင့် Pressure ပလိတ်ပြားကြားတွင်ရှိပြီး စပရိန်ဖိအား သက်ရောက်ခံရသဖြင့် ပွတ်မှုအား (Friction) ဖြစ်ပေါ်က အင်ဂျင်လည်တိုင်းလိုက်၍ လည်ပတ်နိုင်ခြင်းဖြစ်သည်။ ကလပ်ပလိတ်ပြား မျက်နှာပြင်ကြားတွင် အင်ဂျင်ဝိုင်၊ အမဲဆီဂီယာဝိုင်စသော ချောဆီတစ်မျိုးမျိုးရောက်ရှိနေပါက ပွတ်မှုအားကျဆင်းပြီး ကလပ်ပလိတ်လည်အား ကျဆင်းကာ ကလပ်ချော်နေမည်။

ဖြစ်တတ်သော ကလပ်ပြဿနာများ --- ကလပ်ကျခြင်း၊ ဂီယာထိုးရခတ်ခြင်း။ ကလပ်ခုန်ခြင်း၊ တုန်ခါခြင်း၊ ကလပ်ခြေနင်းတံ နင်းလိုက်လျှင် ထူးခြားသော အသံထွက်လာခြင်း။ ကလပ်မာခြင်း၊ ပုံမှန်ကလပ်ခြေနင်းတံ နင်းရသည်ထက် အားပိုမိုစိုက်နေရခြင်း။ ကလပ်ပျော့ခြင်း၊ ကလပ်ခြေနင်းတံ (၂) ချက်၊ (၃) ချက်ခန့်တော့နင်းပြီးမှ ဂီယာထိုး၍ရခြင်း။ ကလပ်လွှတ်လိုက်လျှင် ကားဆောင့်ထွက်သွားခြင်း။ ကလပ်ခြေနင်းတံကို နင်းထားသော်လည်း ဂီယာထိုး၍မရခြင်း။ ကလပ်စလစ်ဖြစ်ခြင်း၊ ကုန်းတက်တွင် မရုန်းနိုင်ခြင်း၊ ကလပ်ညှော်နံ့ ထွက်လာခြင်း။ ကလပ်ဝါရှာပေါက်ခြင်း၊ ကလပ်မှေးနင်းထား၍ မရခြင်း။

ကလပ်မကောင်းပါက ယာဉ်မောင်းသူအား အနှောင့်အယှက်ဖြစ်စေသည်။ ဂီယာပြောင်းတိုင်း စိတ်ညစ်ရသည်။ ကားကို စိတ်တိုင်းကျ ထိန်းသိမ်းရခက်ခဲသဖြင့် အန္တရာယ်ဖြစ်နိုင်သည်။

ကလပ်ပြဿနာများကို ဖြေရှင်းခြင်း

မူမမှန်သောကလပ်၏ ရောဂါလက္ခဏာများကို သတိထားသင့်၊ ဂရုပြုသင့်သည်။ ရှေ့ပြေးလက္ခဏာများသည် ကလပ်ဒုက္ခပေးတော့မည့် နိမိတ်များဖြစ်သည်။ ကလပ်၏မူလသဘာဝမှာ အင်ဂျင်ဖလိုင်းဝှီးနှင့် ဂီယာဘောက်စ်ကို ညင်သာစွာချိတ်ဆက်ပေးရန်ဖြစ်သည်။ ကလပ်အလွှတ်ကြမ်းတမ်းလျှင် ကားတစ်စီးလုံးဆောင့်ထွက်သွားမည်။ ထိုသို့ ကြမ်းတမ်းစွာ ကလပ်လွှတ်မောင်းခြင်း အလေ့အထစတိုင်လ်သည် ကလပ်ပလိတ်ကို လျင်မြန်စွာပျက်စီးစေသည်။

ခရီးသည်တင်ဘတ်စ်ကားများသည် တစ်စီးနှင့်တစ်စီးပြိုင်မောင်း၊ လုမောင်းကြသဖြင့် ကလပ်ပျက်စီးမှုမြန်သည်။ အင်ဂျင်နှင့် ဂီယာဘောက်စ်ကို ညင်သာစွာချိတ်ဆက်သွားနိုင်ရန် ကလပ်ပလိတ်ပြားသည် မျက်နှာပြင်များကြားတွင် ချော၍ပွတ်ဆွဲပြီးမှ ကလပ်မိစေခြင်းဖြစ်သည်။ ကလပ်ခြေနင်းတံကို ညင်သာစွာမှေးပြီးမှ လွှတ်ပေးလျှင် ကလပ်ပွန်းစားမှု သက်သာပြီး သက်တမ်းပိုရှည်မည်။

ကလပ်ပလိတ်ပြားတစ်ချပ်၏ အများဆုံးခံနိုင်ဝန်အားထက် ပို၍ထပ်ခိုင်းပါက Overload ဖြစ်ပြီး ကလပ်စလစ်ဖြစ်မည်။ ထို့နောက် ကလပ်ပလိတ် အပူလွန်ကဲပြီး ကလပ်ပလိတ်လောင်၍ ပျက်စီးမည်။ ဖလိုင်းဝှီးနှင့် ကလပ်ပလိပ်ကြားတွင် တစ်နည်းနည်းဖြင့် ချောဆီများဝင်သွားပါက ကလပ်ချော်မည်။ အင်ဂျင်ဝိုင်များယိုစိမ့်ပြီး ကလပ်အုံထဲ ရောက်သွားနိုင်သည်။ ဂီယာဘောက်စ်ဝိုင်းဆီး (oil seal) မကောင်းလျှင်လည်း ဂီယာဝိုင်များစိမ့်ထွက်ပြီး ကလပ်ပလိတ်သို့ ဆီရောက်နိုင်သည်။

ကလပ်ပလိတ်တွင် အဆောင့်ဒဏ်ခံနိုင်ရန် စပရိန်များ ထည့်သွင်းတည်ဆောက်ထားသည်။ ကလပ်အသုံးကြမ်း၍ စပရိန်ကျိုးလျှင် စပရိန်အကျိုးသံစများသည် ဖလိုင်းဝှီးနှင့် ကလပ်ပြားကြားတွင် ညှပ်နေတတ်သည်။ စပရိန်အကျိုးစညှပ်လျှင် ဂီယာထိုးရ ခက်ခဲစေသည်။ ကလပ်ဘောလ်သည် ကလပ်နင်းထားစဉ် ကလပ်ဖင်ဂါးများကို တွန်းဖိထားသည်။ ကလပ်ဘောလ်စားသွားပါက အသံမြည်သည်။ တုန်ခါသည်။ ကလပ်ဘောလ်မကောင်းလျှင် ဒိုင်ရာဖရမ်ဖရိန် (လင်ဗန်းပြား) ကို ပွန်းစားပျက်စီးစေသည်။ ကလပ်ပလိတ်အသစ်လဲလျှင် ကျွမ်းကျင်သော ကားဝပ်ရှော့ပ်၌သာပြသသင့်သည်။ ဂီယာဘောက်စ်ချပြီးပါက ဖလိုင်းဝှီးမှန်ပြင် (ကျောက်ပြင်) ကို စစ်ဆေးပါ။ မျက်နှာပြင်များ လွန်စွာစားနေလျှင် ဖလိုင်းဝှီးဖြုတ်ချပြီး မျက်နှာသစ်ပေးရမည်။ ဖလိုင်းဝှီးမှန်ပြင်ကို ခုံတွင် စက်ခုတ်စားပေးခြင်းဖြစ်သည်။

ကရိုင်းရှပ်၊ မီးဝိုင်းဆီယို၊ မယိုစစ်ဆေးရမည်။ ဂီယာဘောက်စ်သပ်ရှပ်ဘောလ်ထိပ်မှ Oil ဆီကောင်း၊ မကောင်း၊ ဆီလုံ၊ မလုံ စစ်ဆေးရမည်။ ကလပ်ဘောလ် ကလပ်ဖေါက်ကောင်း၊ မကောင်း စစ်ဆေးရမည်။ ကလပ်ဘောလ် မကောင်းပါက အသစ်လဲပါ။ ကလပ်အုံ (ကလပ်ကာဘာဟုခေါ်သည်) ကောင်း၊ မကောင်း၊ ဖင်းဂါးစပရိန်များ ကောင်း၊ မကောင်း ခုံပေါ်တင်၍ စမ်းသပ်စစ်ဆေးရမည်။ ဖင်းဂါးစပရိန်များ ကောင်းကောင်းအလုပ်မလုပ်လျှင် ကလပ်နင်းရသည်မှာ မာကြောနေမည်။

အခြားဖြစ်တတ်သော ပြဿနာများမှာ ကလပ်အုံကိုတပ်ဆင်ထားသော ဖလိုင်းဝှီးအထိုင် Bolt တိုင်များချောင်နေခြင်း၊ အင်ဂျင်နှင့် ဂီယာဘောက်စ်ကြားခံ ဖလန်းပြားအထိုင် Bolt & Nut များချောင်နေခြင်း၊ ကလပ်အုံအောက်ဆုံနှင့် ကလပ်အပေါ်ဆုံ ဝါရှာမကောင်းခြင်း၊ ကလပ်ဆီပိုက်လိုင်း ဆီမလုံခြင်း စသောပြဿနာအားနည်းချက်များဖြစ်သည်။ ကလပ်ပလိတ်လဲလျှင် ဖြစ်နိုင်သော ချို့ယွင်းအားနည်းချက်အားလုံးကို စစ်ဆေးပြီး အားလုံးကိုပြုပြင်ပါ။ အစားထိုးလဲပါ။ ကလပ်ပလိတ်၊ ကလပ်အုံများတပ်ဆင်လျှင် အလိုင်းမင့် မှန်အောင်ချိန်ပါ။ ကလပ်အပေါ်ဆုံ အောက်ဆုံဝါရှာများပါ အသစ်လဲပါ။ ကလပ်ဆီလိုင်း၊ ပိုက်ပျော့ကိုစစ်ဆေးပါ။ မကောင်းလျှင်အသစ်လဲပါ။

ဂီယာဘောက်စ် အထိုင်မောင်းတိန်းနှင့် အင်ဂျင်မောင်းတိန်းများပြတ်နေလျှင် တုန်ခါတတ်သည်။ ပစ္စည်းအားလုံး ပြန်လည်တပ်ဆင်ပြီးပါက ကလပ်ပြန်ချိန်ရသည်။ ဘရိတ်ဆီအသစ်ထည့်ပြီး ဟိုက်ဒရောလစ် ဆီလိုင်းတစ်လျှောက် လေခိုအောင်းနေခြင်း လုံးဝမရှိစေရန် လေရှူရမည်။ လေလုံးဝကုန်ပါက ကလပ်အကွာအဝေးထိုးတံ ချိန်ရမည်။ ကလပ်ထိုးတံ ထောက်နေ၍မရ။ ကလပ်ကြားလွတ်ကစားနိုင်မှု အနည်းငယ်ကျန်ရှိရမည်။ ကလပ်ထိန်းသိမ်းခြင်း ==== ကလပ်ဆီ ပုံမှန်စစ်ဆေးပါ။ ဘရိတ်ဆီကို ရေရော၍ မသုံးပါနှင့်။ ကလပ်ခြေနင်းတံကို ညင်သာစွာလွှတ်ပါ။ ကလပ်အသုံးကြမ်းလျှင် ကလပ်ပလိတ်အစားမြန်မည်။ နံပါတ် (၁) ဂီယာမထိုးဘဲ ဂီယာကျော်မထိုးပါနှင့်။ ကလပ်ကို မနိုင်ဝန် မထမ်းခိုင်းပါနှင့်။ ကားအရှိန်သတ်ရန် ဂီယာဒေါင်း၍ ကလပ်လွှတ်ပါများလျှင် ကလပ်ပလိတ်အစားမြန်မည်။ ရေကြီးရေလျှံသောလမ်းတွင် ဂီယာဘောက်စ်မြုပ်သည်အထိ ကားမောင်းခဲ့ပါက ကလပ်ပလိတ်များ ရေစိုရေဝင်သွားပြီး ကလပ်ချော်မည်။ ကလပ်ပလိတ် ခြောက်သွားပြီးမှ ကားကိုဆက်သုံးပါ။ စက်နှိုးမော်တာလည်း မကောင်း၊ ဘက်ထရီလည်း မကောင်း၍ ကားကိုတွန်းနှိုးခြင်းသည် တစ်ခါတစ်ရံသာ ပြုလုပ်သင့်သည်။ ကားတွန်းနှိုးခြင်းသည် ကလပ်ပလိတ်ကို ပျက်စီးစေသည်။ ဘတ်ထရီနှင့်မော်တာ အမြဲကောင်းမွန်နေအောင် ထိန်သိမ်းပြုပြင်ပါ။

ကလပ်ဝါရှာပေါက်၍ အသစ်လဲရလျှင် အရည်အသွေးကောင်း ဝါရှာသုံးပါ။ ကြိုးကလပ်ဖြစ်ပါက ကေဘယ်လ်ကြိုးစစ်ဆေး၍ ချောဆီထည့်ပေးပါ။ ကေဘယ်လ်ကြိုးအစ လန်နေပါက မပြတ်မီ အသစ်တစ်ချောင်း လဲပါ။ကားမောင်းနေစဉ် သင်၏ခြေဖျားကို ကလပ်ခြေနင်းတံပေါ် တင်မထားပါနှင့်။ အင်ဂျင်စက်သံမြှင့်တင်ပြီး ကလပ်ကို ဆောင့်မလွှတ်ပါနှင့်။ဝန်လေးကုန်ပစ္စည်းများ တင်ထားပါက ကုန်းတက်လမ်းတွင် (No -1 Gear) ဂီယာဖြင့်သာ မောင်းတက်ပါ။

 

Read 3544 times