ဂန္ထဝင်ကားအိုများကို လျှပ်စစ်ကားအဖြစ်သို့ ပြောင်းလဲကြသူများ


Oswald လို့ ချစ်စနိုး အမည်ပေးထားတဲ့ ကားအမည်းရောင်ခုံးခုံးက ၁၉၅၃ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ Morris Minor ဖြစ်ပါတယ်။ သက်တမ်း ၆၈ နှစ်နီးပါး ရှိပြီဖြစ်တဲ့ အင်ဂျင်ကို ဖယ်ထုတ်ပြီး ခေတ်နဲ့အညီ လျှပ်စစ်ကားအဖြစ်သို့ ပြောင်းလဲထားလို့ အင်ဂျင်အိုနဲ့ မောင်းနှင်တုန်းကလို စက်သံ မဆူညံတော့ဘူး။ လျှပ်စစ်မော်တာသံက ညက်တယ်။

 

Oswald ကို အရည်ကြိုတဲ့ဆီ မရောက်အောင် ပြုပြင်ပေးခဲ့သူက Oswald ရဲ့ အုံနာ Matthew Quitter ဖြစ်ပါတယ်။ သူက ၂၀၁၇ ခုနှစ်မှာ London Electric Cars အမည်ဖြင့် ကုမ္ပဏီထူထောင်ပြီး ကားအို ဂန္ထဝင်ကားတွေကို လျှပ်စစ်မော်တော်ယာဉ်အဖြစ် အသက်ပြန်သွင်းပေးပါတယ်။
လျှပ်စစ်ကားအတွက် လိုအပ်တဲ့ မော်တာ၊ ဘက်ထရီ အစရှိတာတွေကို ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ကြေမွလို့ စွန့်ပစ်တဲ့ လျှပ်စစ်ကားများ ဖြစ်ကြတဲ့  Tesla ၊ Nissan Leaf တို့ထံမှ ရယူ စုဆောင်းပါတယ်။
ဂန္ထဝင် ကားအိုတစ်စီးကို လျှပ်စစ်ကား ပြောင်းတာအတွက် ပေါင် ၂၀,၀၀၀ ယူပါတယ်။ ဈေးကြီးပါတယ်။ ကုမ္ပဏီအနေဖြင့် ပြောင်းချင်သူတွေ တတ်နိုင်ကြဖို့ ပေါင် ၅,၀၀၀ အထိ ဈေးချပေးနိုင်ဖို့ ရည်မှန်းထားတယ်။

 

 

ဂန္ထဝင်ကားတစ်စီးကို လျှပ်စစ်ကား ပြောင်းတာ သုံးလမှ ခြောက်လအထိ ကြာမြင့်ပါတယ်။ 
Mr Quitter လျှပ်စစ်ကားအဖြစ်သို့ ပြောင်းလဲပေးခဲ့ဖူးတဲ့ ကားမော်ဒယ်ဆိုရင် အတွေ့အကြုံရှိထားပြီးသား ဖြစ်လို့ ပိုမြန်ပါတယ်။ အစိမ်းသက်သက် ဖြစ်နေရင်တော့ အချိန်ပိုယူရပါတယ်။ 
ကားပိုင်ရှင် လုပ်ပေးစေချင်တာက လက်ဝင်တာတွေ ပါနေရင်လည်း အချိန်ပိုယူရပါတယ်လို့ Mr Quitter က ရှင်းပြပါတယ်။

ကားမော်ဒယ်အပေါ်မှာလည်း မူတည်တယ်။ အိမ်စီးပြိုင်ကား Aston Martin ဆိုရင် ကိုယ်ထည်က ပေါ့ပြီး သွက်တဲ့ သဘာဝရှိတော့ မော်တာတပ်ပြီး မောင်းရင် ကားက လေးနေ နှေးနေတယ် လို့ သူက ပြောပြတယ်။ Bentley နဲ့  Rolls-Royces တို့က ညက်‌ညက်ညောညော သဘာဝ ရှိတယ်။ လျှပ်စစ်ကား လုပ်ဖို့ အဆင်ပြေတယ်။ မောင်းတဲ့အခါ ချောမွေ့ပြေပြစ်တယ်။

 Oswald က အားအပြည့် သွင်းပြီးရင် မိုင် ၄၀ ခရီးတာ သွားနိုင်တယ်။ Mr Quitter က လန်ဒန်မြို့တွင်း သွားလာရင် Oswald နဲ့သွားတယ်။ အားပြန်ဖြည့်ရင် မီတာခ ၁ ပေါင် ကုန်ကျတယ်လို့ Mr Quitter က ပြောပြတယ်။ 

ယူကေ အစိုးက လျှပ်စစ်ကား စီးကြဖို့ အားပေး တိုက်တွန်းတဲ့အတွက် လျှပ်စစ်ကား အသစ်တစ်စီး ဝယ်ယူရင် ပေါင် ၂,၅၀၀ အထောက်အပံ့ပြုတယ်။ Mr Quitter က ကားဟောင်းတွေ လျှပ်စစ်ကား ပြောင်းရင်လည်း ကားပိုင်ရှင်ကို အစိုးရကအထောက်အပံ့ ပေးသင့်တယ်လို့ ပြောပါတယ်။

လောလောဆယ်မှာတော့ လျှပ်စစ်ကား အဖြစ်သို့ ပြောင်းလဲထားတဲ့ ဂန္ထဝင်ကား အားလုံးကို စီးပွားရေး လုပ်ငန်းသုံးအဖြစ် သုံးစွဲခြင်း မပြုဘူးဆိုရင် မော်တော်ယာဉ်အခွန် စည်းကြပ်ခြင်းမှ ကင်းလွတ်ခွင့် ပေးထားပါတယ်။  ၁၉၈၁ ခုနှစ် ဇန်နဝါရီလ ၈ ရက် မတိုင်ခင် ထုတ်လုပ်ခဲ့တဲ့ ကားတွေ အကျုံးဝင်ပါတယ်။

ဂန္ထဝင်ကားတွေကို လျှပ်စစ်ကား ပြောင်းတဲ့ နောက်ထပ် လုပ်ငန်းတစ်ခုဖြစ်တဲ့ Electrogenic မှ  Mr Drummond က "ဓာတ်ဆီကားက မောင်းတဲ့အခါ မီးခိုးတလူလူ ထွက်နေလို့ လျှပ်စစ်ကား လာပြောင်းကြတယ် " လို့ ပြောပါတယ်။

 

 

Mini ကားအိုတွေ၊ Land Rover ကားအိုတွေကို လျှပ်စစ်ကား ပြောင်းရင် ကုန်ကျစရိတ် အသက်သာဆုံးလို့ သူက ပြောပြတယ်။

ဂန္ထဝင်ကားချစ်သူတွေမှာ ကားစက်သံ တဝေါဝေါကို နှစ်သက်သူဆိုရင်တော့ လျှပ်စစ်ကား မပြောင်းသင့်ဘူး။ စက်သံ တဝေါဝါ မကြားရတော့ဘူး။ မော်တာလည်သံပဲကြားရလိမ့်မယ်။ ဆူဆူညံညံ ရော့ခ်သီချင်းတစ်ပုဒ်ကို ကာစီယို အော်ဂင်နဲ့ ပြန်တီးပြပြီး မူရင်းရော့ခ်သီချင်းအတိုင်း တီးထားတယ်။ နားဆင်ကြည့်ပါလို့ ပြောလာရင် ကြားရတဲ့ အရသာက တခြားစီလို့ ပြန်ပြောရလိမ့်မယ်လို့ Federation of British Historic Vehicle Clubs မှ  Wayne Scott က ပြောပြပါတယ်။

 

 

အမြင့်တန်းမှ ကားတွေကိုပဲ လျှပ်စစ်ကား ပြောင်းပေးတဲ့ Lunaz ကို ထူထောင်သူ David Lorenz က ဘောလုံးသမား David Beckham ထံမှ ရင်းနှီးမြှုပ်နှံမှု ရရှိထားပြီး Rolls-Royce ကားတစ်စီး လျှပ်စစ်ကား ပြောင်းခ ပေါင် ၅၀၀,၀၀၀ ယူပါတယ်။
 

ဘီဘီစီ

Read 1996 times