City Taxi သက်တမ်းတိုးလုပ်ငန်းများကို သက်ဆိုင်ရာအဖွဲ့အစည်းများ၏ခွင့်ပြုချက်ရမှသာ ပြန်လည်ဆောင်ရွက်မည်


City Taxi သက်တမ်းတိုးခြင်းလုပ်ငန်းများကို COVID-19 ဖြစ်ပွားမှု အခြေအနေပေါ်မူတည်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ခွင့်ပြုချက်ရမှသာပြန်လည်ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)မှ သိရသည်။

လက်ရှိတွင် City Taxi သက်တမ်းတိုးခြင်း လုပ်ငန်းများကို COVID-19 စတင်ဖြစ်ပွားသည့် မတ်လအတွင်းက စတင်၍ လူစုလူဝေးမဖြစ်စေရန် ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ရဲ့ City Taxi ဆိုတာက ရန်ကုန်တိုင်း ဒေသကြီးရဲ့ လိုအပ်ချက်အရ City Taxi မှတ်ပုံတင်ခြင်း လုပ်ငန်းလုပ်ရတာဖြစ်တဲ့အတွက် ရောဂါကူးစက်မှုဖြစ်နိုင်ခြေနဲ့ လုပ်ငန်းလိုအပ်ချက်ကို တွက်ပြီးတော့ ကျွန်တော်တို့ ဆိုင်းငံ့ခဲ့တာဖြစ်ပါတယ်။ အခုအချိန်အထိ City Taxi မှတ်ပုံတင် သက်တမ်းတိုးခြင်းကို ရပ်ဆိုင်း ထားဆဲဖြစ်ပါတယ်။ ရောဂါအခြေအနေပေါ်မူတည်ပြီးတော့ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများရဲ့ ခွင့်ပြုချက် အရ ကျွန်တော်တို့ ပြန်လည်လေ့လာသုံးသပ်ပြီးတော့မှ ပြန်လည်ဆောင်ရွက်ပေးသွားပါ့မယ်"ဟု YRTA မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

City Taxi မှတ်ပုံတင်ခြင်းကို ၂၀ဝ၂ ခုနှစ်မှစ၍ စီမံချက်ချကာ မြို့တော်အင်္ဂါရပ်နှင့်ညီသော အငှားယာဉ် များဖြစ်ရေး၊ အငှားယာဉ်စီးနင်းသူများကို အထောက်အပံ့ပြုနိုင်ရေးနှင့် အငှားယာဉ်များကို စည်းကမ်း ထိန်းသိမ်းမှု လုပ်ဆောင်ပေးနိုင်ရေးတို့အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ City Taxi အဖြစ် မှတ်ပုံတင်ကာ စနစ်တကျထိန်းကျောင်းခဲ့သောကြောင့် ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ် သြဂုတ် ၂၀ ရက်အထိ ပစ္စည်းပျောက်မှု၊ ရာဇဝတ်မှုအပါအဝင် အမှုဖြစ်စဉ်ပေါင်း ၂၉၀ဝ ကိုလည်း ကူညီပေးနိုင်ခဲ့ ကြောင်း သိရသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့တွင် City Taxi မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေမှာ မတ်လကုန်အထိ အစီးရေ ၆၀ဝ၀ဝ ကျော်ရှိကြောင်း သိရသည်။

 

myotaw.news

Read 534 times