မော်တော်ယာဉ် တင်သွင်းတဲ့အခါ CIF တန်ဖိုးဆိုတာ ဘာလဲ


CIF (Cost, Insurance, Freight) ဆိုတာ ကုန်ပစ္စည်းတစ်ခုရဲ့ တန်ဖိုး+အာမခံ+ပို့ဆောင်ခစရိတ်တွရဲ့ စုစုပေါင်းကုန်ကျတန်ဖိုးပါ။

 

ဥပမာ... စင်္ကာပူက Handset လေးတစ်လုံးဟာ ဒေါ်လာ ၅၀ တန်တယ်ထားပါစို့။ အဲ့ဒီပစ္စည်းလေးကို ရန်ကုန်အရောက်ပို့မယ်ဆို တခြားကုန်ကျစရိတ်တွေက ၁၀ ဒေါ်လာရှိမယ်ဆို.... အဲဒီ Handset လေးရဲ့ ရန်ကုန်အရောက်တန်ဖိုး (CIF Yangon)ဟာ ဒေါ်လာ ၆၀ ဖြစ်သွားပါလိမ့်မယ်။

 

ဒီလိုပဲ မော်တော်ယာဉ်တင်သွင်းမှုနဲ့ ပတ်သက်ပြီးတော့လည်း CIF ဆိုတာ ရှိပါတယ်။ နိုင်ငံတော်အနေနဲ့ ကားတွေကို အခွန်ကောက်ဖို့အတွက် တန်ဖိုးဖြတ်ရပါတယ်။

 

တန်ဖိုးဖြတ်တဲ့အခါမှာလည်း တကယ့်ဝယ်ရင်းဈေးတန်ဖိုးနဲ့ အခွန်ကောက်ခြင်းမျိုး မဟုတ်ဘဲ သူတို့ သတ်မှတ်တဲ့ နှုန်းထားအတိုင်း ကောက်ခံလေ့ရှိပါတယ်။ တကယ့်ဝယ်ရင်းဈေးနဲ့သာ အခွန်ကောက်မယ်ဆို ကားဝယ်ယူသူတွေအနေနဲ့ တန်ဖိုးလျှော့ပြတာတွေ ရှိလာနိုင်တဲ့အတွက် နိုင်ငံတော်က အားလုံး တပြေးညီဖြစ်အောင် မော်ဒယ်ခုနှစ်နဲ့ ကားအမျိုးအစားအလိုက် CIF တန်ဖိုးအသေ သတ်မှတ်ပေးလိုက်ပါတယ်။

 

နိုင်ငံတော်က CIF 5000 သတ်မှတ်ပေမယ့်လည်း တကယ့် ကားရဲ့ CIF တန်ဖိုးဟာ ၅၀၀၀ ထက်ပိုနိုင်သလည်း လျော့လည်း လျော့နိုင်ပါသေးတယ်။ ဒါပေမယ့် နိုင်ငံတော်ကတော့ သူတို့ သတ်မှတ်နှုန်းအတိုင်း ကားညံ့ညံ့၊ ကားကောင်းကောင်း၊ ကီလိုအနည်းအများ၊ အရောင်ကန့်သတ်ချက်မရှိဘဲ ဘာပဲဖြစ်ဖြစ် မော်ဒယ်တူရင် တပြေးညီသာ အခွန်ကောက်ခံပါတယ်။

 

ကားအသစ် တင်သွင်းလိုသူတွေအနေနဲ့လည်း ကားတစ်စီး တင်သွင်းတော့မယ်ဆို ကားဖိုးအပြင် နိုင်ငံတော်က သတ်မှတ်လိုက်တဲ့ CIF ကိုလည်း သိရှိထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကိုယ့်ကားအခွန် ဘယ်လောက်ဆောင်ရမလဲ၊ အခွန်နည်းလား၊ များလားဆိုတာ ချိန်ဆနိုင်မှာပါဖြစ်ပါတယ်။

 

ဒီလောက်ဆို CIF အကြောင်း အကြမ်းဖျင်း လုံလောက်ပါပြီနော်။

 

ကိုထွဋ်ထိပ် ( Distinct Trading Co., Ltd. )

Read 3693 times