ခရုမ်း(Chrome) ဟု ခပ်တိုတိုခေါ်ဝေါ်ကြသော ခရိုမီယမ်သတ္တုရည်စိမ်မှု (Chrome Plating) သည် သတ္တုတစ်ခုပေါ်မှာ ခရိုမီယမ်အလွှာပါးကို သတ္တုရည်စိမ်သောနည်းနှင့် ဖန်တီးမှု ဖြစ်ပါသည်။
ခရုမ်းအလွှာကို အလှအပ တန်ဆာဆင်မှုအဖြစ်သုံးနိုင်သလို အကြမ်းခံမှု၊ အလွယ်တကူ သန့်ရှင်းနိုင်မှုနှင့် မျက်နှာပြင်မာကျောမှု ပိုရှိစေရန် အသုံးပြုကြပါသည်။ တစ်ခါတလေတွင် ဈေးသိပ်မကြီးသော ခရိုမီယမ်ပုံစံတူများကိုလည်း အလှဆင်ရန် ရည်ရွယ်ချက်ဖြင့် အသုံးပြုတတ်ပါသည်။
မော်တော်ကားများတွင် တပ်ဆင်သော တောက်ပသည့် အလှဆင် အရာဝတ္ထုအများစုကို ခရုမ်းဟု ရည်ညွှန်းကြပြီး ကားတစ်စီးအနေဖြင့် ပြင်ပမှာ အပူချိန်အပြောင်းအလဲနှင့် ရာသီဥတုဒဏ်ကို ခံနိုင်ရန် သံမဏိပေါ်တွင် သတ္တုရည် အထပ်ထပ်စိမ်မှုကို ဆိုလိုခြင်းဖြစ်ပါသည်။ သတ္တုရည်သုံးလွှာစိမ်ခြင်းမှာ ဈေးအကြီးဆုံးနှင့် အချိန်ကြာညောင်းသောလုပ်ငန်းစဉ်ဖြစ်ပြီး သံမဏိကို ကြေးနီတစ်ထပ်၊ နီကယ်တစ်ထပ်စိမ်ပြီးမှ ခရိုမီယမ်တစ်ထပ်စိမ်ခြင်း ဖြစ်ပါသည်။
၁၉၂ဝ ပြည့်လွန်နှစ်များတွင် ခရုမ်းအသုံးပြုမှု မတိုင်ခင်ကတည်းက နီကယ်ရည်စိမ်မှုကို အသုံးပြုခဲ့ကြပြီး ဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်မဝင်ရောက်ခင်မှာ ခရိုမီယမ်သတ္တုကို ချွေတာရန်အတွက် မော်တော်ကားများတွင် ခရိုမီယမ်သတ္တုရည်စိမ်မှုကို အစိုးရက တားမြစ်ခဲ့ခြင်းကြောင့် မော်တော်ယာဉ်ထုတ်လုပ်သူများသည် အလှဆင်ပစ္စည်းများကို လိုက်ဖက်သောအရောင်နှင့် ဆေးခြယ်ခဲ့ရပါသည်။
ကိုရီးယားစစ်ပွဲ ပြီးဆုံးခါနီးနှစ်များတွင် အမေရိကန်အစိုးရသည် ခရုမ်းအသုံးပြုမှုကို တင်းတင်းကြပ်ကြပ် တားမြစ်ခဲ့ပြီး ဈေးပေါပေါလုပ်ငန်းစဉ်ဖြစ်သော သွပ်ရည်စိမ်ပြီးမှ အရောင် တောက်တောက် ပလတ်စတစ်သားအုပ်ခြင်းမျိုးကို အားပေးခဲ့ပါသည်။
၂ဝဝ၇ ခုနှစ်တွင် Restriction of Hazardous Substance Directive (RoHS) သည် ခရိုမီယမ်သတ္တုရည်စိမ်မှုမှာ အသုံးပြုသော Hexavalent Chromium အပါအဝင် ဥရောပ၏မော်တော်ယာဉ် ထုတ်လုပ်မှုလုပ်ငန်းများတွင် အသုံးပြုသော အဆိပ်အတောက်ဖြစ်စေသည့် အရာဝတ္ထုအတော်များများကို အသုံးပြုခွင့် ပိတ်ပင်ခဲ့ပါသည်။
သို့သော်ခရိုမီယမ်သတ္တုရည်စိမ်မှုသည် သတ္တုသက်သက်ဖြစ်ပြီး ရေဆေးသန့်စင်ပြီးနောက်မှာ Hexavalent Chromium မပါဝင်တော့ခြင်းကြောင့် ခရိုမီယမ်သတ္တုရည်စိမ်မှုကို အသုံးပြုခွင့် မပိတ်ခဲ့ပေ။
မော်တော်ယာဉ်များတွင် ခရိုမီယမ် ထည့်သွင်း တန်ဆာဆင်ခြင်းသည် ဂန္ထဝင်ကားများနှင့် ခေတ်ဟောင်းကားများကို ပြုပြင်ထိန်းသိမ်းရန်အတွက် နည်းလမ်းတစ်ခုဟုလည်း ဆိုနိုင်ပါသည်။
အကြောင်းအရင်းမှာ ကားကို ခရိုမီယမ်အရောင်တင်လိုက်မည်ဆိုလျှင် အသစ်တစ်စီးကဲ့သို့ တောက်ပသစ်လွင်သွားခြင်းကြောင့်ဖြစ်ပါသည်။ အလန်းစားမော်တော်ဆိုင်ကယ်များတွင်လည်း ခရိုမီယမ်များ အသုံးပြုထားသကဲ့သို့ ကားများတွင်လည်း ရှဲလ်(Grille)၊ ကားဘီး၊ ကားစက်ဖုံးနှင့် ကားအစိတ်အပိုင်းအမျိုးမျိုးတါင် ခရိုမီယမ်ပလိတ်ကို အသုံးပြုရုံသာမက တချို့ကားများတွင်ဆိုလျှင် ထူးထူးခြားခြား ကားတစ်စီးလုံးနီးပါးကို ခရိုမီယမ်အလွှာပါး ဖုံးအုပ်တန်ဆာဆင်ထားပါသည်။