မော်တော်ယာဉ်နှင့်ဆိုင်သော semiconductor ချစ်ပ်များ အလွန်အမင်းရှားပါးပြန်လပ်မှုကြောင့် ကမ္ဘာတစ်လွှား Toyota, Honda, Volkswagen နှင့် Daimler တို့ကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာကားထုတ်လုပ်သူများက သူတို့၏ထုတ်လုပ်မှုကို ချစ်ပ် ရရှိနိုင်မှုနှင့် ချိန်ညှိပြီး စီးရေ လျှော့ချ ထုတ်လုပ်နေကြရသည်။ ကူးစက်ရောဂါလွန်ကာလ ပြန်လည်နာလန်ထူလာနေသည်ကို ဘရိတ်အုပ်ခံရသည့်နှယ် အရှိန်ပြန်ကျသွားသည်။
ဆက်သွယ်ရေးနယ်ပယ်တွင် 5G ဆက်သွယ်ရေးကွန်ရက်များ ပြောင်းလဲနေစဉ် ဆီမီးကွန်ဒတ်တာ ချစ်ပ် လိုအပ်ချက် ကမ္ဘာတစ်လွှား မြင့်မားနေသည်ကို အလျဉ်မီအောင် ထုတ်လုပ်နေကြသဖြင့် မော်တော်ယာဉ်သုံးချစ်ပ်များ ထုတ်လုပ်မှု မလောက်မင ဖြစ်နေစေသည်။
Toyota က တရုတ်နိုင်ငံရှိ ကားစက်ရုံကို ချစ်ပ်များ မရရှိသဖြင့် အလုပ် ၂ရက် ပိတ်သည်။
Toyota က တရုတ်ကားလုပ်ငန်း GAC Group နှင့် ဖက်စပ်လုပ်ကိုင်သော GAC Toyota Motor ၏ တရုတ်နိုင်ငံရှိ ကားစက်ရုံကို ၄ ရက် ရပ်နားရန် စီစဉ်ခဲ့ပြီးမှ ချစ်ပ်များ ဝယ်ယူ ရရှိသဖြင့် ၄ ရက်အစား ၂ ရက် ရပ်နားခဲ့သည်။ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ရှိ ကားစက်ရုံမှ ပစ်ကပ်ကားများ ထုတ်လုပ်မှုကို စီးရေလျော့ချ ထုတ်လုပ်နေသည်။
Honda က ဇန်နဝါရီလတွင် ထုတ်လုပ်မည့် Fit မော်ဒယ်ကားစီးရေကို ၄,၀၀၀ လျှော့ချသည်။ ဖေဖော်ဝါရီလအတွက် ထုတ်လုပ်မည့် စီးရေ မသေမချာ ဖြစ်နေသည်။
Nissan ကလည်း Note ကားမော်ဒယ် ထုတ်လုပ်မှုကို ဇန်နဝါရီလတွင် စီးရေ ၅,၀၀၀ လျှော့ချသည်။ ဖေဖော်ဝါရီလတွင်လည်း ထပ်မံလျှော့ချရဦးမည် ဖြစ်သည်။
Volkswagen က တရုတ်၊ ဂျာမနီအပါအဝင် ဉရောပနိုင်ငံများရှိ ၎င်း၏ ကားထုတ်လုပ်မှုများကို ချစ်ပ် မရရှိသဖြင့် အရေအတွက် လျှော့ချကြောင်း ကြေညာခဲ့သည်။ Golf ကားမော်ဒယ် ထုတ်လုပ်မှုကို ဒီဇင်ဘာလမှစ၍ ရပ်ဆိုင်းထားခဲ့ပြီး ဇန်နဝါရီလတွင်လည်း ဆက်လက်ရပ်ဆိုင်းထားသည်။
Renesas, NXP နှင့် အခြားချစ်ပ် ထုတ်လုပ်သည့် လုပ်ငန်းများက အခွင့်ကောင်းကို ရယူကာ ချစ်ပ် ရောင်းဈေးကို ပျမ်းမျှအားဖြင့် ၁၀% မှ ၂၀ % အထိ ဈေးတင်လိုက်ကြသည်။
တရုတ်မှ ချစ်ပ် အများဆုံး ထုတ်လုပ်သည့် လုပ်ငန်း Yangtze Memory Technologies က ထုတ်လုပ်မှု ၂ ဆ တိုးရန် စတင်လုပ်ဆောင်သည်။
တောင်ကိုရီးယားမှ ချစ်ပ် အများဆုံး ထုတ်လုပ်သည့် လုပ်ငန်း Samsung က ယခုနှစ်တွင် ချစ်ပ်များ ပိုမိုထုတ်လုပ်နိုင်ရန် အမေရိကန်ဒေါ်လာ ၃၀ ဘီလျံ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မည် ဖြစ်ကြောင်း ကြေညာသည်။
ချစ်ပ် ထုတ်လုပ်သူ အများစုသည် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် အီလက်ထရွန်နစ် ပစ္စည်းများအတွက် အဓိကထား ထုတ်လုပ်ကြပြီး မော်တော်ယာဉ်သုံး ချစ်ပ် ထုတ်လုပ်မှုကို ယခုမှ အသားပေး လုပ်ကိုင်ခြင်း စတင်ကြခြင်း ဖြစ်သည်။
ချစ်ပ် ရှားပါးပြတ်လပ်ခြင်းသည် ကားထုတ်လုပ်မှုလုပ်ငန်းကဏ္ဍတွင် ပြဿနာအသစ် ဖြစ်သည်။ ကားများသည် လျှပ်စစ်ပစ္စည်း ထုတ်ကုန်တစ်ခုသဖွယ် ဖြစ်လာနေပြီး ဆီမီးကွန်ဒတ်တာ ချစ်ပ် လိုအပ်မှုပမာဏ ဆက်လက် ကြီးထွားနေသည်။