တရုတ်နိုင်ငံ အီးဗီဘက်ထရီ ပြည်တွင်းလုပ်ငန်းများ ကမ္ဘာ့ဈေးကွက်ထဲ ဝင်ရောက်
တရုတ်နိုင်ငံ၏ အရှိန်အဟုန်ပြင်းစွာ တိုးတက်လာနေသည့် လျှပ်စစ်ကား ဘက်ထရီလုပ်ငန်းကဏ္ဍသည် မကြာမီကာလအတွင်း ဘက်ထရီ ထုတ်လုပ်မှုများသည် ပြည်တွင်းလျှပ်စစ်ကားထုတ်လုပ်သူများ၏ ၀ယ်လိုအားထက် သုံးဆပိုမိုများပြားလာမည်ဖြစ်သဖြင့် ဝယ်လက်များ ထပ်တိုး ရရှိဖို့ ပြည်ပမှာ ရှာဖွေကြရလိမ့်မည်။
.
တရုတ်ပြည်မှ လျှပ်စစ်ကား ဘက်ထရီ ထုတ်လုပ်သူများသည် ၂၀၁၅ ခုနှစ်တွင် ခန့်မှန်းခြေ အီးဗီဘက်ထရီများကို တစ်နိုင်ငံလုံး အတိုင်းအတာအရ စုစုပေါင်း 3,000 gigawatt-hours (GWh) အထိ ထုတ်လုပ်နိုင်လိမ့်မည်ဟု တရုတ်နိုင်ငံတော်ကောင်စီမှ ထုတ်ဝေသော Economic Daily ၏ သတင်းအရ သိရသည်။
ယခုနှစ်တွင် 500 GWh အထိ ထုတ်လုပ်ကြလိမ့်မည်ဟု ခန့်မှန်းထားသဖြင့် ၂၀၂၅ တွင် ထုတ်လုပ်မှု ပမာဏသည် ယခုနှစ်ထက် ၆ ဆ ဖြစ်လာမည် ဖြစ်သည်။ ပြည်တွင်းကားထုတ်လုပ်သူများ၏ ဝယ်လိုအားစုစုပေါင်းသည် ၂၀၁၅ တွင် ယခုနှစ်ထက် ၃ ဆ ဖြစ်လာမည်ဟု ခန့်မှန်းထားပေရာ ထုတ်လုပ်မှုပမာဏသည် ယခုနှစ်ပမာဏ ၃ဆစာ ပိုလျှံနေမည် ဖြစ်သည်။ သို့ဖြစ်ရာ ပြည်ပဈေးကွက်များတွင် ဝယ်လက်များကို ရှာဖွေကြရလိမ့်မည်။
.
တရုတ်ပြည်တွင် စက်တင်ဘာလ၌ အီးဗီဘက်ထရီထုတ်လုပ်သည့်လုပ်ငန်း ၄၈ ခု ရှိနေသည်။ ၂၀၁၇ ခုနှစ်တုန်းက လုပ်ငန်း ခုရေ ၂၀၀ ရှိခဲ့ရာမှ လျော့ကျသွားပြီး ၄၈ ခုသာ ကျန်ရှိတော့ကြောင်း တရုတ်နိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်ရေး အသင်း China Association of Automobile Manufacturers (CAAM) မှ ထုတ်ပြန်ပေးသော အချက်အလက်များတွင် ဖော်ပြထားသည်။
အဆိုပါ လုပ်ငန်း ၄၈ ခုတွင် ထိပ်တန်း(၁၀) လုပ်ငန်းတို့က ရောင်းအားစုစုပေါင်း၏ ၉၄.၄% ကို ဝေစု ရရှိထားကြသည်။
.
တရုတ်ပြည် အရှေ့ပိုင်း ဖူကျင်ပြည်နယ်ရှိ Ningde တွင် အခြေစိုက်ထားသည့် Contemporary Amperex Technology Limited (CATL) သည် ယခုအခါ ကမ္ဘာ့အကြီးဆုံး အီးဗီဘက်ထရီ လုပ်ငန်း ဖြစ်သည်။ ကမ္ဘာတစ်လွှား အီးဗီဘက်ထရီ လိုအပ်ချက်၏ သုံးပုံတစ်ပုံကို ထုတ်လုပ်ပေးသွင်းလျက်ရှိရာ Tesla နှင့် BMW တို့၏ အီးဗီမော်ဒယ်များလည်း ပါဝင်သည်။
BYD သည် စွမ်းအင်သစ်ကားများနှင့် အီးဗီဘက်ထရီများကို ထုတ်လုပ်ရောင်းချလျက်ရှိရာ ကမ္ဘာ့အီးဗီဈေးကွက်၏ ၁၃%ကို ဝေစု ရရှိထားသည်။
အီးဗီဘက်ထရီများ ထုတ်လုပ်သည့် ထိပ်တန်း(၁၀) လုပ်ငန်းတွင် တရုတ်ကုမ္ပဏီများ ဖြစ်သည့် CALB, Gotian, Sunwoda, Svolt တို့ ပါဝင်ကြသည်။
CATL က ပြည်ပဈေးကွက်အတွက် ပြည်ပတွင်း အီးဗီဘက်ထရီများ ထုတ်လုပ်ရန် ဟန်ဂေရီနိုင်ငံတွင် ဘက်ထရီစက်ရုံကို ကန်ဒေါ်လာ ၇.၃၅ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး ထူထောင်မည်ဟု စက်တင်ဘာလတွင် ကြေညာခဲ့သည်။ ၂၀၂၇ တွင် စက်ရုံတည်ဆောက်ပြီးစီးမည် ဖြစ်ပြီး တစ်နှစ်လျှင် အီးဗီဘက်ထရီ စုစုပေါင်း 100 gigawatt-hours (GWh) အထိ ထုတ်လုပ်နိုင်မည့် စက်ရုံဖြစ်သည်။
၎င်းစက်ရုံသည် CATL ၏ တရုတ်ပြည် ပြင်ပတွင် ထားရှိသည့် ဒုတိယမြောက် စက်ရုံ ဖြစ်လာမည်။ ပထမဆုံး စက်ရုံကို ဂျာမနီနိုင်ငံတွင် တည်ဆောက်ပြီးစီးနေပြီ ဖြစ်ပြီး ထုတ်လုပ်မှုများ စတင်တော့မည် ဖြစ်သည်။
CALB (China Aviation Lithium Battery Technology Co.) က ပေါ်တူဂီနိုင်ငံတွင် ဘက်ထရီစက်ရုံထူထောင်ရန် ပေါ်တူဂီ အစိုးရနှင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည်။
China Aviation Lithium Battery Technology Co., ကို ၂၀၁၅ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည်။ တရုတ်စစ်တပ်၏ China Airborne Missile Academy က အပြည့်အဝ ပိုင်ဆိုင်ခဲ့သည်။ CALB Co ဟု အမည်ပြောင်းခဲ့ခဲ့ပြီး ဟောင်ကောင် စတော့အိပ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီ ဖြစ်လာခဲ့ပါသည်။
တရုတ်ကုမ္ပဏီများသည် လျှပ်စစ်ကားများတွင် အသုံးများသော ဘက်ထရီ အမျိုးအစား နှစ်မျိုးကို ထုတ်လုပ်သည်။ NCM ဘက်ထရီနှင့် LFP ဘက်ထရီတို့ ဖြစ်ပါသည်။
NCM တွင် N သည် နီကယ် Nickel, C သည် ကိုဘော့ Cobalt, M သည် မဂ္ဂနီ Manganese ကို ဆိုလိုသည်။ ၎င်းသတ္တုများအပြင် လစ်သီယံ လည်း ပါသည်။
LFP တွင် L သည် လစ်သီယံ lithium , F သည် သံ ferrous , P သည် ဖော့စဖိတ် phosphate ကို ဆိုလိုပါသည်။
Source Bangkok post