အာဆီယံ ဈေးကွက်ထဲ တရုတ်အီးဗီများ ပြိုင်ဆိုင်မှု အရှိန်တက်လာ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တရုတ် အီးဗီ ထုတ်လုပ်သူများသည် အရှေ့တောင်အာရှ ဈေးကွက်ထဲ မောင်းဝင်လာနေကြရာ၌ ပြိုင်ဆိုင်မှု ပြင်းထန်လာနေသည်။
အရှေ့တောင်အာရှတွင် အဓိက အီးဗီဈေးကွက်ဖြစ်သော ထိုင်းနိုင်ငံ ဈေးကွက်တွင် အီးဗီရောင်းအား ၅ ဆကျော် ခုန်တက်လိမ့်မည်ဟု ခန့်မှန်းထားသည်။
.
တရုတ်လျှပ်စစ်ကား ထုတ်လုပ်သူများသည် အရှေ့တောင်အာရှသို့ ထိုးဖောက်ဝင်ရောက်လာကြပြီး ဈေးကွက်ဝေစုအရ ကြီးစိုးထားနိုင်သည့် လုပ်ငန်း မရှိသေးသော ဈေးကွက်ဖြစ်သဖြင့် ဈေးကွက်ဝေစု ပိုမိုရရှိရေးအတွက် ပြိုင်ဆိုင်နေကြသည်။ တရုတ်ပြည်တွင်းဈေးကွက်တွင်လည်း အီးဗီထုတ်လုပ်ရေးလုပ်ငန်းများ ရှုံးထွက် ပွဲစဉ်များကို ယှဉ်ပြိုင်နေကြရသည်။
.
အရှေ့တောင်အာရှ ဈေးကွက်သည် တစ်နှစ်လျှင် ကားစီးရေ ၃ သန်း ဝန်းကျင် ဝယ်လိုအား ရှိသည့် ဈေးကွက်ဖြစ်သည့် အားလျော်စွာ BYD, Great Wall Motor, Hozon နှင့် Aiways တို့သည် အရှေ့တောင်အာရှတွင် ခြေကုပ် ခိုင်ခိုင်မာမာ ရရှိရန် ကြိုးပမ်းနေကြသည်။
.
"တရုတ်လုပ် အီးဗီတွေက အရှေ့တောင်အာရှနိုင်ငံများရှိ ကားအသစ် ဝယ်စီးသူများအတွက် တတ်နိုင်တဲ့ ဈေးနှုန်းတွေ ဖြစ်နေတယ်။ အီးဗီအနေဖြင့် အခုမှ အစပျိုးတုန်းဆိုတော့ ခိုင်မာတဲ့ ပြိုင်ဘက်လည်း ကင်းနေတယ်" ဟု တရုတ်နိုင်ငံမှ ရှန်ဟိုင်းမြို့အခြေစိုက် အီးဗီသတင်းမီဒီယာ ဝဘ်ဆိုက် CnEVpost ထူထောင်သူ Phate Zhang က ပြောကြားသည်။
“အဲဒီဈေးကွက်တွေမှာ တချို့တရုတ်မော်ဒယ်တွေက ရောင်းရလွယ်တယ်" ဟု သူက မှတ်ချက်ပြုသည်။
.
တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး EV စျေးကွက်ဖြစ်သည်။ ယခုနှစ်တွင် အစီးရေ ၆ သန်း ရောင်းချနိုင်မည်ဟု မျှော်မှန်းထားပြီး ယမန်နှစ်က ၂.၉၉ သန်းထက် နှစ်ဆပိုများသည်။
သို့သော် ဈေးကွက်အခြေအနေသည် ရှုံးထွက်ပွဲစဉ် ဖြစ်နေသည်။ တရုတ်အစိုးရက အားပေးတိုက်တွန်းသဖြင့် အီးဗီ ထုတ်လုပ်ရေးကုမ္ပဏီ ခုရေ ၂၀၀ ဝန်းကျင် ရှိနေသည်။ ကားဒီဇိုင်းထုတ်ခြင်း၊ နည်းပညာပိုင်း ဖွံ့ဖြိုးရေး လုပ်ဆောင်ခြင်း၊ လျှပ်စစ်ကားများ တပ်ဆင် ထုတ်လုပ်ခြင်းတို့ လုပ်ကိုင်ဖို့ အမေရိကန်ဒေါ်လာ ဘီလီယံချီပြီး ရင်းနှီးမြှုပ်နှံထားကြသည်။ သို့ဖြစ်ရာ အောင်မြင်ဖြစ်ထွန်းသည့် ကားကုမ္ပဏီများသည် ပြည်တွင်းဈေးကွက်တွင် ယှဉ်ပြိုင်နေရစဉ် ပြည်ပဈေးကွက်များကိုလည်း ချဲ့ထွင်ကြရသည်။ ထိုအခါ အရှေ့တောင် အာရှရှိ ဈေးကွက်မျးကို မျက်စိကျကြသည်။ ကားရောင်းဈေး ယွမ် ၁ သိန်း ($14,204)မှ ၂ သိန်းကြားတွင် ရှိသည့် အီးဗီများ ရောင်းချရန် ဆီလျော်သည့် ဈေးကွက်များ ဖြစ်သည်။
.
“အာဆီယံနိုင်ငံတွေမှာ EV စျေးကွက်က အခုမှ အစပျိုးအဆင့် ရှိပါသေးတယ်။ ဒါပေမဲ့ ဘက်ထရီစွမ်းအင်သုံး ကားတွေကို ကားဝယ်စီးသူတွေရဲ့ စိတ်ဝင်စားမှု မြင့်တက်လာတော့ အလားအလာက ကြီးမားပါတယ်” ဟု ရှန်ဟိုင်းမှ ယာဉ်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်း ZF TRW မှ အင်ဂျင်နီယာ Peter Chen က ပြောကြားသည်။
“လာမယ့်ဆယ်စုနှစ်အတွင်းမှာ ပြည်တွင်းထုတ်လုပ်မှု လုပ်နိုင်တဲ့ ကုမ္ပဏီက စျေးကွက်ဝေစုကြီးကြီးမားမား ရရှိပါလိမ့်မယ်” ဟု သူက ပြောကြားသည်။
.
ထိုင်းဈေးကွက်ကို ကြည့်လျှင် တရုတ်နိုင်ငံ၏ sport utility vehicle (SUV) စီးရေ အများဆုံး ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သော Great Wall သည် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၈,၉၀၄ စီး ရောင်းချခဲ့သည်။ ရောင်းရစီးရေအရ ထိုင်းဈေးကွက်တွင် အများဆုံး ကုမ္ပဏီ ဖြစ်သည်။
Great Wall ထိုင်းနိုင်ငံ ရရောင်းပြည်နယ်တွင် တည်ရှိသော General Motors ၏ ကားစက်ရုံကို ၂၀၂၀ ခုနှစ်တွင် ဝယ်ယူခဲ့သည်။ စက်ရုံကို တစ်နှစ် စီးရေ ၈ သောင်း ထုတ်လုပ်နိုင်အောင် ပြုပြင်မွမ်းမံခဲ့သည်။ ပြည်တွင်းဈေးကွက်တွင် ဝေစုများများရလာအောင် ပြည်တွင်း ထုတ်လုပ်မှုကို လုပ်ကိုင်လျက် ရှိသည်။
.
TMB Thanachart Bank ၏ သုတေသနနှင့် ဆန်းစစ်ရေးလုပ်ငန်း TTB Analytic က
ယခုနှစ်တွင် အီးဗီစီးရေ ၆၃၆,၆၀၀ ရောင်းချရလိမ့်မည်ဟု ခန့်မှန်းထားသည်။ ထိုင်းအစိုးရက အီးဗီ ဝယ်စီးသူတိုင်းကို ထောက်ပံ့ကြေး တစ်လုံးတစ်ခဲတည်း ပေးအပ်နေခြင်းက ဝယ်လိုအားကို တွန်းတင်ပေးထားသည်ဟု ဆိုသည်။
.
BYD, က မကြာသေးခင်က ထိုင်းဈေးကွက်တွင် Atto 3 ကို အမှာစာ စတင်လက်ခံခဲ့ကြောင်း Myanmar Autpmobile Guide တွင် ဖော်ပြခဲ့ပါသည်။
Atto 3 သည် ခရီးတာ ၄၁၀ ကီလိုမီတာအထိ သွားနိုင်သည်။ ရောင်းဈေးမှာ $30,984 ဖြစ်သည်။
တရုတ်ပြည်တွင်း ဈေးကွက်တွင် Yuan Plus မော်ဒယ်အမည်ဖြင့် ထုတ်လုပ်သောကားကို နိုင်ငံတကာဈေးကွက်အတွက် ဒီဇိုင််းမွမ်းမံပြီး ထုတ်လုပ်တင်ပို့လျက် ရှိသည်။ ဖေဖော်ဝါရီလတွင် ပြည်ပသို့ စတင်တင်ပို့ခဲ့ပြီး ယခုအချိန်အထိ Atto 3 အီးဗီစီးရေ ၁၄၃,၁၈၈ ရောင်းချခဲ့ပြီးပြီ ဖြစ်သည်။
Hozon သည် အီးဗီ ထုတ်လုပ်ရေး လုပ်ငန်းသစ်ဖြစ်ပြီး brand အမည် Neta ဖြင့် အီးဗီများ ထုတ်လုပ်သည်။ လာအို၊ မြန်မာနှင့် နီပေါတို့ထံမှ အမှာစာ စီးရေ ၅,၂၀၀ ဝန်းကျင် ရရှိထားကြောင်း ထုတ်ပြန်ခဲ့သည်။
.
အချို့ တရုတ်အီးဗီကုမ္ပဏီများသည် အရှေ့ဆောင် အာရှဈေးကွက်ထဲ ဆောလျင်စွာ မောင်းဝင်လာနေကြသော်လည်း ဝင်မလာသေးတသည့် ကုမ္ပဏီများလည်း ရှိပါသည်။ တရုတ်စမတ်အီးဗီ လုပ်ငန်းသစ် Xpeng နှင့် Nio တို့သည် ဥရောပတွင် ချဲ့ထွင်ရန် လုပ်ဆောင်နေကြသော်လည်း အရှေ့တောင်အာရှဈေးကွက်များဆီသို့ ဦးမလှည့်ကြသေးချေ။
Source bangkokpost
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U