ဥရောပဈေးကွက် တရုတ်အီးဗီများ လူကြိုက်များ


ဥရောပဈေးကွက် တရုတ်အီးဗီများ လူကြိုက်များ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်တွင် နေထိုင်သူ လိုင်မာ စပရင့်ယန်စင်သည် သူမ စီးနေသည့် ပြင်သစ်နိုင်ငံထုတ် ဓာတ်ဆီကား SUV ကို အစားထိုးရန် လျှပ်စစ်ကား စုံစမ်းရှာဖွေသည်။ Volvo အီးဗီ၊ နီဆန်း အီးဗီ မော်ဒယ်များကို လေ့လာကြည့်ရှုသည်။
ဗော်ဗိုဈေးနှုန်းများက သူမအနေဖြင့် မတတ်နိုင်သည့် ဈေးနှုန်းဖြစ်နေသည်။ နီဆန်းက အဆန်းအပြား မပါ။ နောက်ဆုံးတွင် BYD SUV အငယ်စား မော်ဒယ်ကို ဝယ်ဖြစ်သွားသည်။
စပရင့်ယန်စင်က “ကျွန်မ ကားကို တကယ်တကယ့်ကို ကြိုက်တယ်" ဟု ပြောပြသည်။ ကန်ဒေါ်လာ ၅ သောင်းခန့် ပေးရသော Atto 3 SUV မှာ 360-degree dash cam ပါသည်။ ၂ နှစ် အခမဲ့ အားသွင်းခွင့် ရရှိသည်။ ဆောင်းတွင်း နှင်းနှင့် ရေခဲလွှာပေါ် မောင်းနှင်ဖို့ ဒီဇိုင်းထုတ်ထားသည့် တာယာ ၄ လုံး အခမဲ့ ရရှိသည်။ 
 
သူမ၏ ခင်ပွန်းသည် Volkswagen ၏ Skoda အမှတ်တံဆိပ် ကားကို စီးနေသူ ဖြစ်သည်။ BYD ကို သဘောကျသဖြင့် Skoda ကို ရောင်းထုတ်ပြီး BYD ဝယ်စီးမည်ဟု ဆိုသည်။ တရုတ်အီးဗီက ပိုတန်သည်ဟု သူမက ပြောကြားသည်။

ဥရောပ၏ လျှပ်စစ်ကားစျေးကွက်ထဲသို့ တရုတ်ကားထုတ်လုပ်သူများသည် ကြီးကြီးမားမား ထိုးဖောက် ဝင်ရောက်လာနိုင်ခဲ့ပြီး အီးဗီဝယ်စီးသူများ၏ ဝယ်ယူအားပေးမှုကို ရရှိနေကြသည်။

ဥရောပ၏ လျှပ်စစ်ကားသို့ ကူးပြောင်းရေးတွင် အဓွန့်ရှည်ကြာ ဥရောပ ကားအမှတ်တံဆိပ်များကို ဈေးသက်သာသည့် တရုတ်အီးဗီများက အသာရနေသည်။

 သို့ဖြစ်ရာ အီးယူကော်မရှင်က တရုတ် အီးဗီများသည် တရုတ်အစိုးရ၏ အထောက်အပံ့ အမြောက်အမြား ရရှိကြသဖြင့် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချနိုင်ကြခြင်း ဟုတ်မဟုတ် စုံစမ်းလေ့လာနေသည်။ စုံစမ်းလေ့လာသည့် ကာလမှာ ၁၃ လ ဖြစ်သည်။ အကယ်၍ တရုတ်အစိုးရ အထောက်အပံ့များကြောင့် ဈေးသက်သာစွာဖြင့် ရောင်းချနိုင်ကြခြင်း ဖြစ်သည်ဟု ဆုံးဖြတ်ပါက တရုတ်အီးဗီများအပေါ် စည်းကြပ်သည့် သွင်းကုန်ခွန်ကို သိသိသာသာ တိုးမြှင့်သတ်မှတ်မည် ဖြစ်သည်။

တရုတ်အီးဗီများ အမေရိကန်ကို မရွေးချယ်ဘဲ ဉျရာပကို ရွေးချယ်ကြသည်မှာ သွင်းကုန်ခွန် သက်သာခြင်းသည် အကြောင်းတချက် ဖြစ်သည်။ အမေရိကန်သို့ တင်ပို့လျှင် သွင်းကုန်ခွန် ၂၇.၅% စည်းကြပ်သည်။ ဥရောပတွင် ၁၀% စည်းကြပ်သည်။
တရုတ်အီးဗီများ အမေရိကန်သို့ တင်သွင်းလိုလျှင် အိမ်နီးချင်းနိုင်ငံ မက္ကဆီကိုတွင် တပ်ဆင်ထုတ်လုပ်ပြီး ကုန်းလမ်းမှ နယ်ခြားဖြတ်ကျော် တင်သွင်းလျှင် သွင်းကုန်ခွန် သက်သာမည်။ သို့ဖြစ်ရာ တရုတ်အီးဗီများသည် မက္ကဆီကိုတွင် တပ်ဆင်ထုတ်လုပ်ရေး စက်ရုံများ ထူထောင်နေကြသည်။


 ဥရောပတွင် အီးဗီ ဝယ်ယူသူ အများစုသည် ပထဝီနိုင်ငံရေးကို အရေးမလုပ်ကြချေ။ 
တရုတ် အီးဗီများ ကြီးစိုးသွားပါက ဥရောပမှ ကားထုတ်လုပ်သူများ စီးပွားရေး ထိခိုက်မည့်အရေး၊ အလုပ်အကိုင်များ ဆုံးရှုံးမည့်အရေးတို့နှင့်ပတ်သက်၍ စိုးရိမ်မှုများကို ထည့်မစဉ်းစားကြချေ။
လူနေမှုစရိတ်များ တိုးမြင့်လျာနချိန်တွင် ဈေးသက်သာပြီး စတိုင်ကျ၊ ခေတ်မီ အသစ်အဆန်းများလည်း ပါသည့် တရုတ်အီးဗီများကို ဝယ်စီးကြသည်။

ဗြိတိန်မှ ပင်စင်စား John Kirkwood သည် လွန်ခဲ့သည့် ၃ နှစ်က သူစီးနေသည့် Volkswagen Passat ကို ရောင်းလိုက်ပြီး MG5 စတေရှင်ဝဂ်ဂွန် ဝယ်စီးသည်။ ပေါင် ၃ သောင်း ($36,000) ဖြင့် ရသဖြင့် ဝယ်စီးဖြစ်သွားသည်။ တောင်ကိုရီးယားမှ Kia က ဈေးပိုကြီးသည်။ ဈေးက ထောင်ဂဏန်းအထိ ကွာခြားနေသည်။
MG သည် ဗြိတိသျှ ကားအမှတ်တံဆိပ် ဖြစ်သော်လည်း တရုတ်ကားလုပ်ငန်းက ပိုင်ဆိုင်သည်။ တရုတ်ပြည်မှာ ထုတ်လုပ်သည်။ ထို့အတွက် သူ့စိတ်ထဲ အထွေအထူး မဖြစ်မိဟု သူက ဆိုသည်။


MG ကို တရုတ်ပြည်မှ အကြီးမားဆုံး ကားလုပ်ငန်း SAIC Motor က ပိုင်ဆိုင်သည်။ ဥရောပတွင် အကြီးမားဆုံး တရုတ်အီးဗီလုပ်ငန်း ဖြစ်သည်။ 
BYD သည်လည်း ဥရောပတွင် လျင်မြန်စွာ ကြီးထွားလာနေသည်။
Geely က ဥရောပမှ အီးဗီလုပ်ငန်းများတွင် ရှယ်ယာ ပိုင်ဆိုင်ထားသည်။ ဆွီဒင်မှ Volvo ကို ပိုင်ဆိုင်သည်။ အီးဗီ အမှတ်တံဆိပ်များ ဖြစ်သည့် Polestar, Lynk & Co. နှင့် ဗြိတိသျှ အိမ်စီးပြိုင်ကား လုပ်ငန်း Lotus တို့တွင် ရှယ်ယာများ ပိုင်ဆိုင်ထားသည်။ 
၎င်းတို့နောက်တွင် NIO နှင့် Xpeng တို့ ရှိနေသည်။

အနောက်ဥရောပ ကားဈေးကွက်တွင် တရုတ်အီးဗီများသည် ဈေးကွက်ဝေစု ၃% ရရှိထားသည်။ အီးဗီ အပိုင်းအကန့်တွင် ၈.၄% ရရှိထားသည်။ 
၂၀၁၉ တွင် မဆိုစလောက်သာ ရှိခဲ့ရာမှ ယမန်နှစ်က ၆.၂% သို့ ရောက်ရှိလာခဲ့သည်။ ယခုနှစ် ပထမ ၉ လတွင် ၈.၄% သို့ မြင့်တက်လာခဲ့သည်။

ဉရောပတွင် တရုတ်အီးဗီများအပြင် တရုတ်ပြည်မှာ ထုတ်လုပ်သည့် BMW iX3 SUV နှင့် Tesla Model 3 နှင့် Model Y တို့ကိုလည်း တင်သွင်းလျက်ရှိသည်။ 
သို့ဖြစ်ရာ ဥရောပတွင် အီးဗီ ၅ စီး ရောင်းချလျှင် ၁ စီးသည် တရုတ်ပြည်ဖြစ် အီးဗီ ဖြစ်သည်။
Source finance yahoo 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1191 times