တရုတ်နိုင်ငံမှာ ဒီဇယ်ကို ခွဲတမ်းနဲ့ရောင်းနေရတဲ့ အကျပ်အတည်း


တရုတ်ပြည်တွင်းက နေရာတော်တော်များများမှာ ဓာတ်ဆီဆိုင်တွေမှာ ဒီဇယ်ဆီကို ခွဲတမ်းနဲ့ပဲ ရောင်းချပေးနေရပါတယ်။ လောင်စာ ဆီဈေးတွေတက်၊အလုံအလောက်နဲ့ ပြန်မဖြည့်ဆည်းပေးနိုင်တာတွေကြောင့် ဖြစ်ပါတယ်။

တချို့ ကုန်တင်ကားမောင်းသူတွေဆိုရင် ဆီဖြည့်ဖို့ တနေကုန် စောင့်နေကြရတယ်လို့ လူမှုကွန်ရက် Weibo က ပို့စ်တွေမှာ တွေ့နေရပါတယ်။

တရုတ်ပြည်မှာ လတ်တလော ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့ မလုံလောက်မှုတွေနဲ့ ရင်ဆိုင်နေရပြီး စက်ရုံတွေ ပိတ်ထားရသလို လူနေအိမ်တွေကိုလည်း ဓာတ်အားမပေးနိုင် ဖြစ်နေပါတယ်။ ဒီပြဿနာကြောင့် ကမ္ဘာတဝန်းရင်ဆိုင်နေရတဲ့ ကုန်စည်စီးဆင်းမှု အခက်အခဲတွေကို ပိုပြီး ဆိုးဝါးလာစေနိုင်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။

လတ်တလော ဒီဇယ်ဆီ မလုံလောက်မှုတွေကြောင့် ခရီးရှည် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းပိုင်းကို ထိခိုက်လာနေပြီ ဖြစ်တယ်၊ အဲဒီ ကုန်ပစ္စည်းတွေထဲမှာ တရုတ်ပြင်ပက စျေးကွက်တွေကို တင်ပို့မယ် ကုန်ပစ္စည်းတွေလည်း ပါဝင်ကေင်း ပါဝင်နိုင်တယ်လို့ Economist Intelligence Unit ရဲ့ တရုတ်ပြည်ဆိုင်ရာ ဒါရိုက်တာ Mattie Bekink က ပြောပါတယ်။

ဒီပြဿနာ ဘယ်လောက် ကြာပြီး ဘယ်လောက်အထိ ဆိုးမလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပြီး ကမ္ဘာ့ ကုန်စည်စီးဆင်းမှုအပိုင်းမှာပါ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ကုန်စည်စီးဆင်းမှုတွေဟာ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် အများဆုံး ထိခိုက်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေးတွေ ပြန်လည် ဖွင့်လှစ်လိုက်တဲ့ အခါမှာ ဝယ်လိုအား မြင့်တက်မှုနဲ့ အညီ လိုက်မီအောင် မဆောင်ရွက်နိုင်အောင် ဖြစ်နေပါတယ်။

တရုတ်ပြည်မှာ ကုန်ကားတွေကို သူတို့ သယ်နိုင်တဲ့ ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းပဲ ရှိတဲ့ လီတာ ၁၀၀ အထိ ဆီဝယ်ယူခွင့် ပြုထားတယ်လို့ Hebei ပြည်နယ် Shijiazhuang မြို့က ကုန်ကား ရောင်းသူ တယောက်က တရုတ် စီးပွားရေး သတင်းဌာန Caixin ကို ပြောပါတယ်။

နိုင်ငံတွင်းက တခြား ဒေသတွေမှာတော့ အဲဒီထက်တောင် နည်းနေပြီး ကုန်ကားတစင်းကို ဆီ ၂၅ လီတာပဲ ဝယ်ယူခွင့် ပြုထားတယ်လို့ သတင်းတွေမှာ ဆိုပါတယ်။

Shijiazhuang မြို့ကနေ တောင်ဘက် ၇ နာရီ ခရီးအကွာမှာ ရှိတဲ့ Fuyang မြို့မှာတော့ ဓာတ်ဆီဆိုင်တွေဟာ ဆီဝယ်ယူမှုတွေကို ကန့်သတ်ထားပြီး ဆီလာဖြည့်သူ ယာဥ်မောင်းတွေကိုလည်း ယွမ် ၃၀၀ အပိုကြေးတောင်းတယ်လို့ Caixin သတင်းမှာ ဖော်ပြထားပါတယ်။

Weibo လူမှုကွန်ရက်ကို အသုံးပြုနေသူ တဦးကတော့ ဆီဆိုင် တချို့ကို ရောက်ခဲ့ပြီးပြီ၊ ဘာဒီဇယ်ဆီမှ မကျန်တော့ဘူး၊ ဈေးတွေကလည်း ထပ်ပြီး တက်နေမယ်၊ ကုန်ကားကြီးတွေ ဆီဖြည့်လို့ ရတော့မယ် မထင်ဘူးလို့ ရေးထားပါတယ်။

နောက်တယောက်ကတော့ ငွေဖောင်းပွမှုနဲ့ ကုန်စည် ပို့ဆောင်မှုတွေရဲ့ အကျိုးသက်ရောက်မှုတွေကို ညည်းထားပါတယ်။

အစားအသောက်ဈေးတွေ တက်လာပြီး ကိုယ်မှာတာကို လာပို့ပေးတဲ့ ဝန်ဆောင်မှုတွေ နှေးလာတာကို သတိထားမိလား၊ 11/11 မှာ ဝယ်ရင်တောင် ပိုသက်သာဦးမယ်လို့ ရေးထားပါတယ်။ 11/11 ဆိုတာက အလီဘာဘာ အွန်လိုင်းဈေးက Single's Day လို့ခေါ်တဲ့ အထူးဈေးနေ့ကို ပြောတာ ဖြစ်ပြီး အဲဒီနေ့ဟာ တရုတ်ပြည်ရဲ့ ဈေးဝယ် ပြက္ခဒိန်မှာ အကြီးဆုံး နေ့တနေ့ဖြစ်ပါတယ်။

 

တရုတ်ပြည်က AXA Investment Managers ရဲ့ အကြီးတန်း စီးပွားရေး ပညာရှင် တယောက်ဖြစ်တဲ့ Aidan Yao က တရုတ်ပြည်မှာ ကျောက်မီးသွေး မလုံလောက်မှုတွေ ရှိနေတာကို ဈေးကွက်က သိပြီး ဖြစ်ပေမယ့် ဒီဇယ်ပြဿနာကတော့ အသစ် ဖြစ်တယ်လို့ ပြောပါတယ်။

မကြာသေးခင်က စပြီး ရုပ်ကြွင်းလောင်စာ ဈေးတွေ ခုန်တက်လာတယ်။ အဲဒီ ကဏ္ဍမှာ လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ သိပ်မလုပ်ထားခဲ့ကြတော့ အခုလို ဝယ်လိုအားတွေ တက်လာတဲ့ အချိန်မှာ မလုံလောက်မှုတွေနဲ့ ကြုံလာရတာ ဖြစ်တယ်။ ရေနံ၊ သဘာဝဓာတ်ငွေ့ နဲ့ ကျောက်မီးသွေး ဈေးနှုန်းတွေက ရှေ့ဆင့် နောက်ဆင့်ပဲ မိုးထိအောင် မြင့်တက်သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရေနံဈေးတွေကလည်း ပြီးခဲ့တဲ့ ၂၀၁၄ နောက်ပိုင်း အမြင့်ဆုံးကို တက်လာနေပြီး ယူကေနဲ့ ဥရောပ တလွှားမှာလည်း လောင်စာဆီ မလုံလောက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အဲဒီ ပြဿနာတွေရဲ့ အကြောင်းရင်းတွေထဲမှာ တရုတ်နဲ့ အိန္ဒိယမှာ ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့ မလုံလောက်မှုတွေကြောင့်လည်းပါ ပါတယ်။ အဲဒီနိုင်ငံတွေမှာ ဓာတ်အားထုတ်လုပ်ဖို့နဲ့ အပူပေးဖို့ အတွက် ရေနံကို ပြောင်းပြီး သုံးလာကြလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။

အဲဒီလို ဖြစ်လာရင် တနေ့ကို ရေနံစိမ်း စည်ပေါင်း ၅ သိန်းနီးပါးလောက် ပိုပြီး သုံးစွဲလာကြနိုင်ပါတယ်။

လက်ရှိအခြေအနေတွေက တရုတ်ပြည်မှာ လောင်စာ မလုံလောက်မှုကြောင့် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို အနည်းငယ် ထင်ဟတ်ပြနေတာသာ ဖြစ်ကြောင်း Standard Bank ရဲ့ တရုတ် စီးပွားရေး ဆိုင်ရာ အကြီးအကဲ Jeremy Stevens က ဘေကျင်း မြို့မှာ ရှိတဲ့ ဘီဘီစီ သတင်းဌာနကို ပြောပါတယ်။

 

ဓာတ်အားလိုအပ်ချက်တွေ ရှိနေတာကြောင့် ကုမ္ပဏီတွေက သူတို့ စက်ရုံတွေ လည်ပတ်ဖို့ ဒီဇယ်ဆီသုံးတဲ့ မီးစက်တွေကို ပြောင်းသုံးနေကြပြီ၊ အားလုံးကို သတ္တုချကြည့်ရင်တော့ စွမ်းအင်မလုံလောက်မှုတွေကြောင့်ပဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။

Mr Yao နဲ့ Mr Stevens တို့ နှစ်ဦးစလုံးက အခု ကြုံနေရတဲ့ ဓာတ်အား မလုံလောက်မှု ပြဿနာတွေကို ကြည့်ရင် ပြည့်ဖြိုးမြဲ စွမ်းအင်ကို အလောတကြီး ပြောင်းသုံးရင် ကြုံလာရနိုင်မယ့် အခြေအနေတွေကို မှန်းဆနိုင်တယ်လို့ သတိပေးကြပါတယ်။

ကာဘွန်ထုတ်လွှတ်မှု သုည ဖြစ်ရေးကို သွားနေတဲ့ လမ်းက သိပ်ဖြောင့်ဖြူးနေတာ မဟုတ်ပါဘူး။ ဒီခရီးအတွက် အစီအစဉ်တွေကို စနစ်တကျ ရေးဆွဲချမှတ်ဖို့ လိုပါတယ်လို့ Mr Yao က ပြောပါတယ်။

ဘီဘီစီ

Read 10695 times