တရုတ်ကားထုတ်လုပ်သူများ ချစ်ပ်အတွက် ရတက်မအေးဖြစ်


တရုတ်ကားထုတ်လုပ်သူများ ချစ်ပ်အတွက် ရတက်မအေးဖြစ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


တရုတ်အစိုးရသည် အမေရိကန်၏ ကုန်သွယ်မှုဆိုင်ရာ ပိတ်ပင်ကန့်သတ်ချက်မ‌ျားကို ကြံ့ကြံ့ခံနိုင်ရန်အတွက် ကုန်ထုတ်လုပ်မှုကဏ္ဍ ပစ္စည်းထောက်ပံ့ရေး တောင့်တင်း ခိုင်မာစေရန် ကြိးပမ်းဆောင်ရွက်နေစဉ် တရုတ်နိုင်ငံ၏ အကြီးဆုံး ကားထုတ်လုပ်သူ တို့သည် ကားအတွက် လိုအပ်သော ချစ်ပ်အမျိုးမျိုးတို့ကို ပြည်တွင်းရင်းမြစ်များမှ ရယူနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြသည်။ 

 တရုတ်နည်းပညာလုပ်ငန်းကြီး ဟွာဝေးသည် ကမ္ဘာ့စမတ်ဖုန်းဈေးကွက်တွင် ထိပ်ဆုံးသို့ ရောက်ရှိနေခဲ့ရာမှ အမေရိကန်အစိုးရက ချစ်ပ်အပါအဝင် ပိတ်ပင်မှုများကြောင့် အကျနာခဲ့ရသည်မှာ သင်ခန်းစာ ယူစရာ ဖြစ်သည်။ 
 
သို့ဖြစ်ရာ တရုတ်ကားထုတ်လုပ်သူများ ချစ်ပ်အတွက် ရတက်မအေးဖြစ်ကြရသဖြင့် မော်တော်ယာဉ်များအတွက် ချစ်ပ်အမျိုးမျိုးကို ကုမ္ပဏီမှာ ဒီဇိုင်းဆွဲပြီး ကိုယ်တိုင် ထုတ်လုပ်နေပါသည်။

တရုတ်ကားထုတ်လုပ်သူ  Great Wall Motor GWM သည် ကုမ္ပဏီ၏ ချစ်ပ်ထုတ်လုပ်မှုသည် နည်းပညာဆိုင်ရာ အခက်အခဲများကို ကျော်လွှားနိုင်ခဲ့ပြီး ရှေ့သို့ ခြေလှမ်းအသစ် တစ်လှမ်းကို လှမ်းနိုင်ခဲ့ပြီဟု ပြောကြားခဲ့သည်။


"နိုင်ငံ့ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ ထွန်းကားလာတာနဲ့အမျှ မော်တော်ယာဥ်သုံး ချစ်ပ်တွေဟာ ကမ္ဘာ့ပြိုင်ဆိုင်မှုမှာ အာရုံစိုက်စရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ ကျွန်တော်တို့ဆီမှာ မော်တော်ယာဥ်သုံးချစ်ပ် လုပ်ငန်းကဏ္ဍအသစ်တရပ်ကို ထူထောင်နိုင်ပါတယ်" ဟု တရုတ်နိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်သူများအသင်း China Association of Automobile Manufacturers CAAM မှ အမှုဆောင် ဒုတိယဥက္ကဋ္ဌ Fu Bingfeng က ပြောကြားသည်။

CAAM သည် မော်တော်ယာဥ်သုံးချစ်ပ်အတွက် ကော်မတီတစ်ခုကို ဖွဲ့စည်းထားသည်။ ပြည်တွင်းထုတ်ချစ်ပ်များဖြင့် ပြည်တွင်းချစ်ပ် ဖူလုံစေရေးကို ဦးတည်ချက်ထားရှိသည့် ကော်မတီ ဖြစ်သည်။

လျှပ်စီးကို ထိန်းကျောင်းသည့် ပါဝါဆီမီးကွန်ဒတ်တာ ချစ်ပ်များသည် လျှပ်စစ်ကားတစီး သွားနိုင်မည့် ခရီးတာအတွက် အရေးပါသည်။ 
  

တရုတ်အီးဗီကဏ္ဍတွင် ဦးဆောင်သူနေရာ ရောက်ရှိနေသည့်  BYD က ပါဝါဆီမီးကွန်ဒတ်ဒါချစ်ပ်ကို ထုတ်လုပ်နိုင်နေပြီ ဖြစ်သည်။

GWM သည်လည်း Wuxi ရှိ စက်ရုံအသစ်တွင် ပါဝါဆီမီးကွန်ဒတ်ဒါချစ်ပ်များ ထုတ်လုပ်လျက်ရှိသည်။ စက်ရုံကို  GWM ၏ လက်အောက်ခံလုပ်ငန်း Wuxi Xindong Semiconductor Technology အဖွဲ့မှ လုပ်ကိုင်ပေးသည်။
၎င်းချစ်ပ်များကို Haval SUV မော်ဒယ်တွင် သုံးစွဲသည်။

မော်တော်ယာဉ်၏ ဒေတာများအတွက် ချစ်ပ်များကိုလည်း တရုတ်ကားလုပ်ငန်းကဏ္ဍတွင် ထုတ်လုပ်နေပြီ ဖြစ်သည်။ 
Zhejiang Geely Holding Group သည် စက်တင်ဘာလတွင် ၎င်းပိုင်ဆိုင်သည့် ကားအမှတ်တံဆိပ်တစ်ခုဖြစ်သည့် Lynk & Co. ဖြင့် 08 SUV မော်ဒယ်ကို စတင်ထုတ်လုပ်ခဲ့သည်။
၎င်းမော်ဒယ်တွင် Longying One ဟု အမည်တွင်သည့် ချစ်ပ်ကို သုံးထားသည်။ 
Longying One သည် ကားတွင် တပ်ဆင်ထားသည့် ကင်မရာများထံမှ ရရှိသော ပုံများကို ကိုင်တွယ်ပေးပြီး ယာဉ်မောင်းကို ထောက်ကူပေးသည်။ တနည်းဆိုရသော ဒေတာများကို ကိုင်တွယ်ပေးသည့် ချစ်ပ် ဖြစ်သည်။ 

Longying One ကို တရုတ်ပြည်မှ  SiEngine Technology က ထုတ်လုပ်ပေးသည်။
SiEngine Technology သည်၂၀၁၈ ခုနှစ်တွင် တရုတ်ပြည်မှ ချစ်ပ်ဒီဇိုင်း ထုတ်လုပ်သည့် Arm China နှင့် Geely တို့ ပူးပေါင်းထူထောင်ခဲ့သည့် ဖက်စပ်လုပ်ငန်း ဖြစ်သည်။
Geely ပိုင်ဆိုင်သည့် ကားအမှတ်တံဆိပ်များအတွက် Longying One ချစ်ပ်များ ထုတ်လုပ်မည် ဖြစ်သည်။


ရှန်ဟိုင်းအခြေစိုက် အီးဗီထုတ်လုပ်သူ Nio သည် တရုတ်နှင့် အမေရိကန်တို့တွင် ဆီမီးကွန်ဒတ်တာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့များကို တည်ထောင်ထားသည်။
Nio သည် မော်တော်ယာဉ်၏ အလိုအလျောက် ဘရိတ်စနစ်အတွက် အလင်းတန်းဖြင့် အကွာအဝေးကို အာရုံခံပေးသည့် LiDAR ကို ထိန်းချုပ်ပေးသည့် ချစ်ပ်များကို အမြောက်အမြား စတင်ထုတ်လုပ်နေပြီဖြစ်သည်။ 

ဓာတ်ဆီအင်ဂျင်ဖြင့် မောင်းနှင်သည့် ကားတွင် ချစ်ပ်ခုရေ ၅၀၀ အောက်ကိုသာ သုံးစွဲသည်။ အီးဗီတွင် ချစ်ပ်ခုရေ ၁,၃၀၀ ဝန်းကျင် သုံးစွဲသည်။ သို့ဖြစ်ရာ အီးဗီဆီသို့ ကူးပြောင်းရောက်ရှိလာချိန်တွင် တရုတ်ပြည်တွင်း မော်တော်ယာဉ်ကဏ္ဍအတွက် ချစ်ပ်လိုအပ်ချက် ပိုမိုများပြားလာသည်။
တရုတ်နိုင်ငံသည် ပြည်တွင်းမော်တော်ယာဉ်ကဏ္ဍ ချစ်ပ် လိုအပ်ချက်၏ ၁၅ % ကိုသာ ပြည်တွင်းမှာ ထုတ်လုပ်သည်။ အဆင့်မြင့် ချစ်ပ်များ လိုအပ်ချက်၏ ၅% ကိုသာ ပြည်တွင်းမှာ ထုတ်လုပ်သည်။ 

အမေရိကန်အစိုးရက ချစ်ပ်များ၊ ချစ်ပ်ထုတ်လုပ်ရေး စက်ကိရိယာများနှင့် နည်းပညာများ တရုတ်ပြည်သို့ တင်ပို့မှုအပေါ် ဘကုန်သွယ်မှုကန့်သတ်ချက်များ ပြဋ္ဌာန်းသဖြင့် အဆင့်မြင့် system-on-chip (SoC) များ ဖူလုံအောင် ပြည်တွင်းမှာ ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။

Source Asia nikkei 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 2692 times