ဂျာမန်ကားဈေးကွက်ထဲ ဝင်ရောက်ဖို့ တရုတ်ကားလုပ်ငန်းများ ဒုတိယအကြိမ်မြောက် ကြိုးပမ်း
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တရုတ်ကားထုတ်လုပ်သူများ ဂျာမန်ကားဈေးကွက်ထဲ ဝင်ရောက်ဖို့ ပထမဆုံးအကြိမ် ကြိုးပမ်းမှုများမှာ မော်တော်ယာဉ် ဘေးကင်းလုံခြုံရေးအဆင့်သတ်မှတ်ချက်များ မပြည့်မီသဖြင့် မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။
၁၅ နှစ်ကျော် ကြာမြင့်ခဲ့ပြီးချိန် ယခုအခါ လျှပ်စစ်ကားရေစီးကြောင်းနှင့်အတူ ဒုတိယအကြိမ်မြောက် ကြိုးပမ်းမှုများ အောင်မြင်မှု ရရှိနေပါတယ်။
Great Wall Motor၊ Geely နှင့် SAIC Motor အစရှိသဖြင့် ကားထုတ်လုပ်သူများက ဥရောပရဲ့ အကြီးဆုံး ကားစျေးကွက်ဖြစ်တဲ့ ဂျာမနီဈေးကွက်မှာ လျှပ်စစ်နှင့် ဟိုက်ဘရစ် မော်ဒယ်များကို စတင်ရောင်းချနေကြပြီး နောက်ထပ် ထပ်တိုးဖို့ အစီအစဉ်များလည်း အသင့်ရှိနေပါတယ်။
ခိုင်မာသော ထောက်ပံ့ရေးကွင်းဆက်များနှင့် အမှတ်တံဆိပ်ပုံရိပ်များ တိုးတက်ကောင်းမွန်တဲ့အတွက် ဂျာမနီကားဈေးကွက်ထဲ မောင်းဝင်နိုင်မယ်လို့ ယုံကြည်စိတ်ချမှု အပြည့်ရှိကြပါတယ်။
EV ထုတ်လုပ်သူ Nio က ၎င်းရဲ့ ET7 ဆီဒင်ကို ၂၀၂၂ အောက်တိုဘာလဆန်းမှာ စတင်ရောင်းချခဲ့ပါတယ်။
Great Wall က ၎င်းရဲ့ Ora Cat မော်ဒယ်များဖြင့် မောင်းဝင်ဖို့ ရည်မှန်းထားပါတယ်။ များမကြာခင်မှာ Coffee 01 ပလပ်ထိုး ဟိုက်ဘရစ် SUV ကိုလည်း စတင်ရောင်းချမှာ ဖြစ်ပါတယ်။
BYD က လျှပ်စစ် SUV မော်ဒယ် နှစ်မျိုး ဖြစ်တဲ့ Atto 3 နှင့် Tang တို့ကို စတင်ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ စက်တင်ဘာလမှာ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ နယ်သာလန်နှင့် ဆွီဒင်တို့မှာ စတငါရောင်းချခဲ့တဲ့ Han လျှပ်စစ်ဆီဒင်ကို ဂျာမနီဈေးကွက်ထဲ ယခုလမှာ စတင် ရောင်းချပါမယ်။
ဈေးဦးပေါက်အဖြစ် အချီကြီး အရောင်းအဝယ်တစ်ခု ရရှိခဲ့ပါတယ်။ ဂျာမနီ အကြီးမားဆုံး ကားအငှားကုမ္ပဏီ Sixt က Atto 3 အီးဗီ စီးရေ ၁ သိန်းကို ယခုမှ ၂၀၂၈ အထိ ကာလအတွင်း ဝယ်ယူသွားမယ်လို့ အောက်တိုဘာလ ၃ ရက်မှာ ကြေညာပါတယ်။
SAIC ပိုင်ဆိုင်တဲ့ ယူကေ ကားအမှတ်တံဆိပ် MG-Motor က ဥရောပမှာ အီးဗီမော်ဒယ် MG4 ကို စက်တင်ဘာလမှာ စတင်ရောင်းချပါတယ်။
ဆွီဒင်အခြေစိုက် Polestar နှင့် Lynk & Co. တို့ နှစ်ခုစလုံးကို တရုတ်နိုင်ငံမှ Geely မှ အပြည့်အဝပိုင်ဆိုင်ပါတယ်။ ၂၀၂၀ နှစ်လယ်မှာ Lynk & Co က ပလပ်ထိုး ဟိုင်းဘရစ် Lynk & Co 01 မော်ဒယ် စီးရေ ၂,၆၀၀ ကို လစဉ်အငှားကြေးဖြင့် ဖြန့်ဖြူးခဲ့ပါတယ်။ ပုံသေလစဉ်ကြေး ယူရို ၅၅၀ ဖြင့် ငှားစီးနိုင်ပါတယ်။ ဂျာမနီကားဈေးကွက်မှာတော့ Polestar နှင့် Lynk ၂ မျိုးစလုံး ဈေးကွက်ဝေစု သေးငယ်ပါတယ်။ ၂ မျိုးပေါင်း ဈေးကွက်ဝေစုက ၁% မပြည့်ပါ။ ကားထုတ်လုပ်ရေးအတွက် ပစ္စည်းများ အလုံအလောက် မရရှိတဲ့အတွက်ကြောင့် ရောင်းအား လျော့နည်းနေဆဲ ဖြစ်ပါတယ်။ ကားအသစ် မှာကြားပြီးရင် အချိန် ၃ လမှ ၅ လအထိ စောင့်ဆိုင်းရဆဲ ဖြစ်ပါတယ်။
တရုတ်ကားတွေက မော်တော်ယာဉ် ဘေးကင်းလုံခြုံရေးကိုလည်း အထူးဂရုစိုက်ထားကြပါတယ်။ crash-test ယာဉ်တိုက်မှုအတွက် Euro NCAP Crash & Safety Tests ကြံ့ခိုင်မှု စစ်ဆေးတာမှာ ကြယ် ငါးပွင့် five-star အပြည့် ရရှိကြပါတယ်။
Source nikkei asia