တရုတ်ပြည်တွင်း ကားဈေးကွက် ရောင်းအားတက်ဖို့ အစိုးရထောက်ကူ
တရုတ်နိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်သူများအသင်း China Association of Automobile Manufacturers (CAAM) မှ ထုတ်ပြန်သောအချက်အလက်များအရ ကမ္ဘာ့အကြီးမားဆုံး ကားဈေးကွက်ဖြစ်သည့် တရုတ်ပြည်တွင်း ကားအသစ်ဈေးကွက်တွင် မေလအတွင်း မော်တော်ယာဉ်စီးရေ ၁.၈၆ သန်း ရောင်းချခဲ့သည်။
ဧပြီလတွင် မြို့ကြီးများ၌ COVID-19 လော့ဒေါင်းပြင်းထန်သဖြင့် ကားရောင်းအားကျဆင်းခဲ့ရာမှ ယခု မေလတွင် ကားရောင်းအား ဦီးပြန်မော့လာသည်။ မေလတွင် ဧပြီလထက် ရောင်းအား ၅၇.၆% ပိုများခဲ့သည်။
၂၀၂၂ ပထမ ၅ လတာအတွင်း ရောင်းအားသည် ၂၀၂၁ ပထမ ၅ လတာ ရောင်းအားထက် ၁၂.၂% နည်းနေသည်ဟု CAAM က ပြောကြားသည်။
တရုတ်နိုင်ငံ မော်တော်ယာဉ်ကဏ္ဍသည် လတ်တလော လများအတွင်း ကိုဗစ်ကူးစက်မှု တားဆီးကာကွယ်ရေး စီမံချက်များကြောင့် အလုပ်မတွင်ကျယ်ဘဲ ထိခိုက်ခဲ့သည်။
အာဏာပိုင်တို့က မက်လူံအမျိုးမျိုး ပေးအပ်ပြီးမော်တော်ယာဉ်ကဏ္ဍနှင့် ကားဈေးကွက် ပြန်လည်အသက်ဝင်ရန် ကြိုးပမ်းနေသည်။ ကားဝယ်ယူသူများကို ရောင်းဈေး ယွမ် ၃ သိန်း ($45,000)ထက်မကျော်သော ကားကို ဝယ်ယူသည် ဆိုပါက ကုန်ဝယ်ခွန် ထက်ဝက် လျှော့ပေးသည်။ အင်ဂျင် 2.0-litre နှင့်အောက် ကားကို ဝယ်ယူသည်ဆိုပါက ရောင်းဈေး၏ ၅% ကို အစိုးရက ပေးချေပေးသည်။
ထိုသို့သော မက်လုံးများကြောင့် ယခုနှစ်တွင် ရောင်းအားစီးရေ ၂ သန်း ပိုရောင်းရလိမ့်မည်ဟု ခန့်မှန်းထားသည်ဟု တရုတ်နိုင်ငံ အိမ်စီးကား အသင်း China Passenger Car Association (CPCA) က ပြောကြားသည်။
ရှန်ဟိုင်းနှင့် ရှမ်ကျန်း အပါအဝင် ယာဉ်ကြောအကျပ်ဆုံး မြို့ကြီးများတွင် ကိုယ်ပိုင်ကားစီးရေ ကန့်သတ်ချုပ်ချယ်ထားသည် ဖြစ်ရာ ယခုအခါ ကားဝယ်လိုအား တိုးစေရန်အတွက် ကိုယ်ပိုင်ကား ခွင့်ပြုစီးရေများ တိုးမြှင့်ပေးလိုက်သည်။ ဓာတ်ဆီအင်ဂျင် ၊ ဒီဇယ်အင်ဂျင် ကားအဟောင်းများကို လျှပ်စစ်ကားအသစ်နှင့် အလဲအထပ်ပြုပါက ယာဉ်ပိုင်ရှင်ကို ဒေသအာဏာပိုင်တို့က ထောက်ပံ့ကြေး ချီးမြှင့်ပေးသည်။
ဘက်ထရီပါဝါသုံး လျှပ်စစ်မော်တော်ယာဉ်များ၊ ပလပ်ထိုး ဓာတ်ဆီလျှပ်စစ် ၂မျိုးစပ် မော်တော်ယာဉ်များ၊ ဟိုက်ဒြိုဂျင် လောင်စာဆဲလ် မော်တော်ယာဉ်များ အပါအဝင် စွမ်းအင်သစ် မော်တော်ယာဉ်များ မေလရောင်းအားသည် ယခင်လထက် ၄၉.၆% ပိုများခဲ့သည်။
CPCA မှ ထုတ်ပြန်သော အချက်အလက်များအရ မေလတွင် အိမ်စီးကား ရောင်းအားသည် ယခင်နှစ် မေလထက် ၂၇% လျော့ကျခဲ့သည်။
CAAM က မော်တော်ယာဉ် ထုတ်လုပ်သူများထံမှ အရောင်းဒေတာများကို ရယူရာတွင် အိမ်စီးကားများအပြင် လုပ်ငန်းသုံး ယာဉ်များလည်း စာရင်းတွင် ပါဝင်သည်။
CPCA က အိမ်စီးကား လက်လီအရောင်းကိုသာ စူးစိုက်သည်။
#MyanmarAutomobileGuide
Source: Reuters