တရုတ် အီးဗီထရပ်ငယ်များ ဂျပန်ပြည်တွင်းဈေးကွက်ထဲသို့ မောင်းနှင်ဝင်ရောက်


ဂျပန် မော်တော်ယာဉ် ထုတ်လုပ်သူများ အရွေ့နှေးနေစဉ် ပြိုင်ဘက် တရုတ်အီးဗီလုပ်ငန်းများ ဂျပန်ပြည်တွင်း ဈေးကွက်ထဲ ဝင်လမ်းသာနေစေသည်။ 
ပြည်တွင်းမှ မော်တော်ယာဉ်ထုတ်လုပ်သူများက ဈေးကွက်ဝယ်လိုအားကို ဖြည့်ဆည်းမပေးနိုင်သဖြင့် တရုတ် အီးဗီ ထုတ်လုပ်သူများက ဂျပန်သို့ အီးဗီများ အဆောတလျင် တင်ပို့ကြမည်ဖြစ်သည်။ 
တရုတ်နိုင်ငံပိုင် မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း DFSK နှင့် တရုတ်မှ ပုဂ္ဂလိကပိုင်လုပ်ငန်း BYD တို့သည် လုပ်ငန်းသုံး ထရပ်နှင့် ဘတ်စ် ဈေးကွက်ထဲသို့  ဝင်ရောက်ကြသည်။ 

နိုင်ငံပိုင်လုပ်ငန်း Dongfeng Motor ၏ လက်အောက်ခံလုပ်ငန်းဖြစ်သော DFSK က အငယ်စားထရပ် စီးရေ ၅,၀၀၀ ကို ဂျပန်ဈေးကွက်ထဲသို့ တင်ပို့မည် ဖြစ်ပြီ BYD ကလည်း စီးရေ ၅,၀၀၀ တင်ပို့မည် ဖြစ်သည်။ အဆိုပါ ထရပ်စီးရေ ၁၀,၀၀၀ ကို ဂျပန်မှ SBS က ဝယ်ယူရန် မှာကြားထားခြင်း ဖြစ်သည်။ 

ဂျပန်ကုမ္ပဏီများသည် ပတ်ဝန်းကျင် စိမ်းလန်းရေးအတွက် လျှပ်စစ်မော်တော်ယာဉ်များ သုံးစွဲရန် မူဝါဒများ ချမှတ်ဆောင်ရွက်လျက် ရှိပြီး ဂျပန် ကားထုတ်လုပ်သူတို့သည် ပြည်တွင်းဈေးကွက်တွင် ရှိနေသည့် အီးဗီဝယ်လိုအားကို ပြည့်မီအောင် မြန်မြန်ဆန်ဆန် ထုတ်လုပ်ပေးနိုင်ခြင်း မရှိကြချေ။ 

 DFSK မှ ရောင်းချသည့် ထရပ်ကားမှာ တစ်တန် လျှပ်စစ်ထရပ်ကားများ ဖြစ်ပြီး ဒီဇိုင်းကို ဂျပန်နိုင်ငံမှ ပွင့်သစ်စလုပ်ငန်း  folofly  က ထုတ်ပေးထားခြင်းဖြစ်သည်။ DFSK က ထရပ်ကား ထုတ်လုပ်ပေးသည်။ SBS  သည် တစ်တန်ခွဲ ထရပ်ကားများကို နောက်ထပ် တရုတ်အီးဗီထုတ်လုပ်သူထံမှ ဝယ်ယူရန် အစီအစဉ် ရှိသည်။ 

 DFSK မှ ရောင်းချသည့် တစ်တန် လျှပ်စစ်ထရပ်အတွက် SBS၏ ဝယ်ဈေးသည်  တစ်စီးလျှင် ယန်း ၃.၈ သန်း ဖြစ်သည်။ ဂျပန်ပြည်တွင်းထုတ် ထရပ်ကားငယ်များနှင့် ဈေးအတူတူပင် ဖြစ်သည်။ အဆိုပါ ထရပ်ကားများသည် အားအပြည့်သွင်းထားပြီးပါက ခရီးတာ ၃၀၀ ကီလိုမီတာ သွားနိုင်သည်။ အိမ်တိုင်ရာရောက် ပစ္စည်းပေးပို့သည့် လုပ်ငန်းအတွက် သုံးစွဲမည် ဖြစ်သည်။ အဆိုပါ ထရပ်ကားများကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် စတင် တင်သွင်းရန်  SBS က မျှော်မှန်းထားသည်။ 
လာမည့် ငါးနှစ်တာအတွင်း  SBS သည်၎င်း၏ ဂျပန်ထုတ် ဒီဇယ်ထရပ်ကားများကို အီးဗီများဖြင့် အစားထိုးသွားမည် ဖြစ်သည်။ 

ဂျပန်မှ ပစ္စည်းများ အိမ်တိုင်ရာရောက် ပေးပို့သော လုပ်ငန်းတစ်ခုဖြစ်သည့် Sagawa Express သည် SG Holdings လက်အောက်ခံလုပ်ငန်းတစ်ခု ဖြစ်ပြီး တရုတ်နိုင်ငံ Guangxi Automobile Group ထံမှ အငယ်စားထရပ် စီးရေ ၇,၂၀၀ ကို ဝယ်ယူမည် ဖြစ်သည်။ လာမည့်နှစ်တွင် စတင် တင်သွင်းမည် ဖြစ်သည်။ 

အိမ်တိုင်ရာရောက် ပစ္စည်းပေးပို့ရာတွင် အသုံးပြုသော အီးဗီတစ်တန်ထရပ်များကို ဂျပန်ကားလုပ်ငန်းများက ထုတ်လုပ်ခြင်း မရှိသေးချေ။ အကယ်၍ ဂျပန်ကားလုပ်ငန်းများက ထုတ်လုပ်ခဲ့လျှင် တစ်တန် အီးဗီထရပ် ရောင်းဈေးသည် တစ်စီးလျှင် အနည်းဆုံး ယန်း ၁၀ သန်း ဖြစ်လိမ့်မည်ဟု SBS က ခန့်မှန်းထာသည်။ သို့ဖြစ်ရာ တရုတ်ထရပ်ကားများထက် ဈေးအများကြီး ပိုကြီးနေသည်။ထိုသို့ ဈေးကွာခြားမှု ကြီးမားနေခြင်းကြောင့် ပါဆယ်လိုက်လံပေးပို့သည့် လုပ်ငန်းသုံး တစ်တန်ထရပ်များကို တရုတ်နိုင်ငံမှ ထုတ်လုပ်သော တစ်တန်အီးဗီထရပ်များကို ဂျပန်လုပ်ငန်းများ သုံးစွဲကြမည် ဖြစ်သည်။ 

 

 


asia.nikkei.com
 

Read 16863 times