တရုတ်ပြည်တွင်း အီးဗီဈေးကွက်မှာ  ပြည်ပ အီးဗီလုပ်ငန်းများ အရေးနိမ့်နေ


တရုတ်ပြည်တွင်း အီးဗီဈေးကွက်မှာ  ပြည်ပ အီးဗီလုပ်ငန်းများ အရေးနိမ့်နေ


တရုတ်ပြည်တွင်ကားဈေးကွက်က အီးဗီသို့ ကူးပြောင်းနေချိန်မှာ ကမ္ဘာ့ထိပ်တန်း ကားbrand များ နောက်ကျကျန်ရစ်ပါတယ်။ နောက်မှပေါ်တဲ့ တရုတ်ကား brand တွေက တရုတ်ပြည်တွင်း အီးဗီဈေးကွက်ကို ကြီးစိုးထားကြပါတယ်။

အင်ဂျင်ခေတ်မှာ Toyota , General Motors နှင့် Volkswagen က တရုတ်ပြည်တွင်းဈေးကွက်မှာ ဦးဆောင်နိုင်ခဲ့ကြပေမဲ့ လျှပ်စစ်မော်တော်ယာဉ် electric vehicle (EV) ခေတ်မှာတော့ တရုတ်ပြည်တွင်း ကား brand အသစ်တွေက ဦးဆောင်ပါတယ်။ ယခင်က အင်ဂျင်ဖြင့် ကားထုတ်လုပ်ဖူးတဲ့ အစဉ်အလာ မရှိတဲ့ brand တွေဖြစ်ပြီး အီးဗီဖြင့် ကားထုတ်လုပ်ရေးလောကထဲ မောင်းဝင်လာတဲ့ brand တွေ ဖြစ်ပါတယ်။

 တရုတ်ပြည်တွင်း ဈေးကွက်မှာ ဓာတ်ဆီကား၊ ဒီဇယ်ကား ဝယ်စီးမယ်ဆိုရင်တော့ ပြည်ပကား brand များကို စဉ်းစားပါတယ်။
လျှပ်စစ်ကား ဝယ်စီးမယ်ဆိုရင်တော့ တရုတ်ကားကုမ္ပဏီ Xpeng , BYD , Nio တို့ကို စဉ်းစားမှာ ဖြစ်ပါတယ်။ ခြွင်းချက်နေဖြင့် အမြင့်တန်းပရီမီယံကို ဝယ်မယ်ဆိုရင် အမေရိကန် အခြေစိုက် လျှပ်စစ်ကား Tesla ကိုလည်း ထည့်သွင်းစဉ်းစားပါတယ်။ 

ယခုအခါ ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်ဖြစ်တဲ့ တရုတ်ပြည်တွင်း ကားဈေးကွက်တန်ဖိုးက အမေရိကန်ဒေါ်လာ ၅၀၀ ဘီလျံ ဝန်းကျင်ရှိပြီး အီးဗီကားတွေရဲ့ ဈေးကွက်ဝေစုက မြင့်တက်လာနေပါတယ်။ 

၂၀၂၂ ပထမ ၄ လတာ ကာလအတွင်း စွမ်းအင်သစ် အိမ်စီးကားများဖြစ်ကြတဲ့ အီးဗီစစ်စစ်နှင့် ပလပ်ထိုး ဘက်ထရီဓာတ်ဆီ ၂မျိုးစပ်ကားတွေရဲ့ ရောင်းအားက ယခင်နှစ် ပထမ ၄လတာကာလထက် စီးရေ ၂ ဆ ရှိပါတယ်။ တရုတ်နိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်သူများအသင်း China Association of Automobile Manufacturersမှ ထုတ်ပြန်တဲ့ အချက်အလက်များအရ စီးရေ ၁.၄၉ သန်း ရောင်းချခဲ့ပါတယ်။

အိမ်စီးကား အပိုင်းအကန့်မှာ ရောင်းချစီးရေ စုစုပေါင်းရဲ့  ၂၃% က စွမ်းအင်သစ်ကားမော်ဒယ်များ ဖြစ်တာကြောင့် ဓာတ်ဆီကား ဝယ်ယူမှု သိသိသာသာ လျော့ကျသွားပြီး စွမ်းအင်သစ်ကားတွေက ဈေးကွက်ဝေစု တိုးလာပါတယမ။

တရုတ်ပြည်တွင်းဈေးကွက် စွမ်းအင်သစ် ကားများ အရောင်းရဆုံး ထိပ်တန်း ၁၀ စာရင်းကို ကြည့်ရင်  Top 10 စာရင်းမှာ Tesla က လွဲရင် ကျန်တာအားလုံးက တရုတ် brand တွေ ဖြစ်ပါတယ်။


ကမ္ဘာ့အီးဗီရောင်းအားမှာ ထိပ်သီးဖြစ်တဲ့ Tesla ရဲ့ တရုတ်ပြည်တွင်း ရောင်းရစီးရေထက် တရုတ်ကား brand ဖြစ်တဲ့ BYD က သာပါတယ်။

Volkswagen က FAW Group နှင့် ဖက်စပ်လုပ်ငန်း ထူထောင်ပြီး အီးဗီ ထုတ်လုပ်လျက်ရှိရာ အရောင်းရဆုံးစာရင်းမှာ နံပါတ်(၁၅) မှာ ရောက်ရှိနေပါတယ်။
တရုတ်ပြည်တွင်း အိမ်စီးကားဈေးကွက်မှာ ပြည်ပ ကား brand တွေက စီးရေအရ ဈေးကွက်ဝေစု ၆၀~၇၀% ရရှိခဲ့တာ ၁၉၉၀ ပြည့်နှစ်ကတည်းက ဖြစ်ပါတယ်။ ၂၀၂၂ ပိမ ၄ လမှာတော့ ဈေးကွက်ဝေစု ၅၂% သာ ရရှိခဲ့ပါတယ်။ ၂၀၂၂ ဧပြီလမှာ ၄၃% သာ ရရှိခဲ့ပါတယ်။ 
 
Nissan စီအီးအို Makoto Uchida က တရုတ်ပြည်တွင်းဈေးကွက်ထဲမှာ ပြည်ပ ကား brand တချို့ ပျောက်ကွယ်သွားနိုင်တယ်လို့ ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
"ပြည်တွင်း brand တွေက အားတောင့်တင်းလာတယ်" လို့ သူက ပြောကြားပါတယ်။ သူက ယခင်က Nissan ရဲ့ တရုတ်ပြည်လုပ်ငန်းကဏ္ဍမှာ အကြီးအကဲ အဖြစ် တာဝန်ထမ်းဆောက်ခဲ့ဖူးပါတယ်။ တရုတ် အီးဗီတွေရဲ့ အရည်အသွေးတွေ တိုးတက်ကောင်းမွန်လာတာ မြန်ဆန်ကြောင်း သူက မှတ်ချက်ပြုပါတယ်။ 

တရုတ် အီးဗီ brand တွေက အဆင့်မြင့်နည်းပညာပိုင်းမှာ အားကောင်းကြတယ်။ သမားရိုးကျ အင်ဂျင်ကားတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ ကားပေါ်ကို အဆင့်မြင့်နည်းပညာတွေ တင်ပေးတာမှာ အားနည်းနေတယ်။ လက်နှေးနေတယ်။


VW နှင့် GM
Volkswagen Group ရဲ့ brand တွေဖြစ်တဲ့  Volkswagen, Audi, Bentley, Lamborghini, Porsche နှင့် Skoda တို့က General Motors ရဲ့  Buick, Chevrolet နှင့်  Cadillac တို့နှင့်အတူ  ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း ကားဈေးကွက်ရဲ့ ဦးဆောင်နေရာကို ရရှိထားကြတယ်။
ပြီးခဲ့တဲ့နှစ်မှာ တရုတ်ပြည်တွင်း ကားဈေးကွက်မှာ Volkswagen Group က ဈေးကွက်ဝေစု ၁၃% ရရှိခဲ့ပြီး General Motors က ၁၂% ရရှိခဲ့ပါတယ်။
GM က တရုတ်ပြည်တွင်း ဖက်စပ်လုပ်ငန်း SAIC-GM-Wuling Auto (SGMW) မှာ ဝေစု ၄၄ % ပိုင်ဆိုင်ပေမဲ့ SGMW က အမေရိကန် brand အတွက် ကားမထုတ်လုပ်ပါဘူး။ တရုတ် brand ဖြစ်တဲ့ Wuling နှင့် Baojun တို့ကို ထုတ်လုပ်ပါတယ်။

GM  က အီဗီမော်ဒယ်အသစ် ၃၀ ကျော် ထုတ်လုပ်ဖို့ အစီအစဉ်ရှိပြီး ၂၀ ကျော်ကို တရုတ်ပြည်တွင်းဈေးကွက်မှာလည်း ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ယခုနှစ်မှာ အပြည့်အဝလျှပ်စစ်ကား Cadillac Lyriq crossover SUV ဖြင့် စတင်ပါတယ်။ 
Lyriq ထွက်လာပြီးရင် လျှပ်စစ်ကား Buick SUV ထုတ်လုပ်မယ်လို့ ဆိုပါတယ်။

Volkswagen က လျှပ်စစ်ကား မော်ဒယ်မျိုးဆက်သစ် ID. series ကို တရုတ်ပြည်တွင်းမှာ ရောင်းချခဲ့ပါတယ်။ ယမန်နှစ်မှာ စီးရေ ၈၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ရောင်းဖို့ လျာထားခဲ့ပေမဲ့ မပြည့်မီခဲ့ပါဘူး။ ယခုနှစ်မှာ စီးရေ နှစ်ဆတိုး လျာထားပါတယ်။ ယခုနှစ်မှာ စီးရေ ၁၆၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ ရောင်းဖို့လျာထားပါတယ်။  ပြီးခဲ့တဲ့ ဧပြီလအထိ စီးရေ ၃၃,၀၀၀ ဝန်းကျင် ရောင်းချခဲ့ပါတယ်။ 

GM နှင့် Volkswagen တို့ရဲ့ အီးဗ‌ီတွေက ဥရောပ ဈေးကွက်နှင့် အမေရိကန်ဈေးကွက်တို့အတွက် ဒီဇိုင်းထုတ်ထားတဲ့အတွက် တရုတ်ပြည်တွင်း ကားစီးသူတေ‌ွ ဖြစ်စေချင်တာတွေနှင့် အံချော်နေတဲ့ အချက်တွေ ပါနေတယ်လို့ ကျွမ်းကျင်သူအချို့က သုံးသပ်ပါတယ်။

 

MyanmarAutomobileGuide

Read 3539 times