တရုတ်နိုင်ငံမှ လျှပ်စစ်ကား လုပ်ငန်းတစ်ခု ဖြစ်သော Byton Ltd. ၏ ဝဘ်ဆိုက်ကို တက်ကြည့်မည်ဆိုပါက အရောင်စုံစုံလင်လင်ဖြင့် တန်ဆာဆင်ထားပြီး တောက်ပြောင်နေသည့် လျှပ်စစ်ကားများ လမ်းများပေါ် သွားလေနေသည့် ပုံများကို မြင်ရတွေ့ရလိမ့်မည်။
နန်ဂျင်းမြို့တွင် တည်ရှိသော ၎င်း၏ စက်ရုံကို သွားရောက်ကြည့်ရှုမည်ဆိုပါက မော်တော်ယာဉ် ထုတ်လုပ်သူ၏ စက်ရုံသည် ခြောက်ကပ်နေသည်ကို တွေ့ရပြီး စိတ်ပျက်စရာ ဖြစ်နေလိမ့်မည်။ စက်ရုံဝင်းတစ်ခုလုံး တိတ်ဆိတ်နေသည်။ ကိုဗစ်ကပ်ရောဂါ စတင်ချိန်ကတည်းက စက်ရုံ ပိတ်ထားသဖြင့် လုံခြုံရေးဝန်ထမ်းများသာ စက်ရုံဝင်းမှာ ရှိနေသည်။
Bordrin Motors စက်ရုံဝင်းမှာလည်း အလားတူ အခြေအနေ ဖြစ်သည်။ မြက်ရိုင်းများ စက်ရုံဝင်းထဲ တောထနေသည်။ စက်ရုံဝင်းတံခါးတွင် လျှပ်စစ်ကား ထုတ်လုပ်သူ ဒေဝါလီ ခံထားကြောင်း အသိပေးစာ ကပ်ထားသည်။
Bordrin နှင့် Byton တို့သည် လျှပ်စစ်မော်တော်ယာဉ်လုပ်ငန်းများ တရုတ်ပြည်မှာ ကျဆုံးနေကြသည်ကို ပြသနေသည်။ Nio Inc. နှင့် Xpeng လျှပ်စစ်မော်တော်ယာဉ်လုပ်ငန်းများသည် ရင်းနှီးမြှုပ်နှံမှုများ ဒေါ်လာ ဘီလျံချီအောင် ရင်းနှီးမြှုပ်နှံသူများထံမှ ရရှိနေပြီး ပြိုင်ဘက်ဖြစ်သော အမေရိကန်လျှပ်စစ်မော်တော်ယာဉ် လုပ်ငန်း Tesla Inc. နည်းတူ ရောင်းအား ရရှိနေစဉ် အခြားလျှပ်စစ်မော်တော်ယာဉ်လုပ်ငန်းများ မျက်ဖြူဆိုက်နေကြသည်။
တရုတ်အစိုးရက တရုတ်နိုင်ငံကို လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်မှုတွင် ဦးဆောင်နေရာသို့ ရောက်ရှိရေး မျှော်မှန်းချက်ကို အကောင်အထည်ဖော်ရန် ပြည်နယ်အစိုးရတို့က ငွေအရင်းအနှီးနှင့် မက်လုံးများပေးကာ လျှပ်စစ်ကားထုတ်လုပ်ရေး စက်ရုံများ ထူထောင်နိုင်အောင် ကြိုးပမ်းခဲ့ကြသည်။ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ကား ထုတ်လုပ်ရေး စက်ရုံများ ထူထောင်စေခဲ့ကြသည်။ ထိုသို့ ရှိရာမှ ဒေသဆိုင်ရာ အာဏာပိုင်တို့ကို မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းကဏ္ဍအတွက် ပေးအပ်သည့် အကူအညီ အရွယ်အစားကို ပြန်လည်သုံးသပ်ပြီး အစီရင်ခံဖို့ တရုတ်အစိုးရက ညွှန်ကြားခဲ့သည်။ မလျော်မကန်သော ရင်းနှီးမြှုပ်နှံမှုများ လုပ်ငန်းကဏ္ဍအတွင်း ရှိနေပြီး ဒေဝါလီခံသည်များလည်း ရှိလာသဖြင့် တရုတ်အစိုးရက ဘရိတ်နင်းချလိုက်ခြင်း ဖြစ်သည်။
တရုတ်အစိုးရၑ စက်မှုနှင့် သတင်းနည်းပညာဝန်ကြီး Xiao Yaqing က ဈေးကွက်ထဲ ဖောင်းပွနေခြင်းအစား ကျစ်လစ်မှု ရှိစေရန် ကုမ္ပဏီများ ပေါင်းစည်းခြင်းနှင့် ဝယ်ယူခြင်းတို့ ပြုကြရန် တိုက်တွန်းသည်။ “ကျွန်တော်တို့မှာ လျှပ်စစ်ကား လုပ်ငန်းတွေ များလွန်းနေတယ်” ဟု မှတ်ချက်ပြုသည်။
တရုတ်နိုင်ငံတွင် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်ထုတ်လုပ်သည့် လုပ်ငန်းများ ၈၄၆ ခု ရှိနေသည်။ ၎င်းတို့တွင် လုပ်ငန်းခုရေ ၃၀၀ ကျော်တို့သည် လျှပ်စစ်ကား ထုတ်လုပ်သည့် လုပ်ငန်းများ ဖြစ်သည်။ လုပ်ငန်း အမည် အများစုမှာ လူမသိသူမသိ အဆင့်မှာသာ ရှိနေသည်။ ၂၀၂၀ ခုနှစ်တွင် လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်နိုင်စွမ်းသည် စီးရေ ၅ သန်းဝန်းကျင် ထပ်တိုးခဲ့သည်။ ၎င်းနှစ်တွင် လက်တွေ့ရောင်းချရသည့် လျှပ်စစ်မော်တော်ယာဉ် အရေအတွက်ထက် လေးဆကျော် များနေသည်။ သို့ဖြစ်ရာ ဝယ်လိုအားထက် များစွာ သာလွန်နေသဖြင့် ထုတ်လုပ်မှုကို လျှော့ချထားကြရပေရာ စွမ်းအာပြည့် လည်ပတ်လုပ်ကိုင်ကာ ထုတ်လုပ်ခြင်း မပြုကြရချေ။
Bordrin ကို Ford ကားကုမ္ပဏီမှာ အကြီးတန်းအရာရှိ လုပ်ကိုင်ခဲ့ဖူးသူ Huang Ximing က ၂၀၁၆ ခုနှစ်တွင် ထူထောင်ခဲ့သည်။ စက်ရုံသုံးရုံ တည်ဆောက်ပြီး တစ်နှစ်လျှင် စီးရေ ၇၀၀,၀၀၀ ထုတ်လုပ်ရန် လျာထားသည်။ သို့သော် ငွေပြတ်သွားသဖြင့် ကားတစ်စီးမှ မထုတ်လုပ်ဖြစ်ချေ။ လုပ်ငန်း ပိတ်သိမ်းလိုက်ရသည်။
Byton သည် ဆက်လက်တည်တံ့နေဆဲ ဖြစ်သည်။ BMW AG နှင့် Nissan Motor Co. တို့မှာ အကြီးတန်းအရာရှိတို့ ပူးတွဲထူထောင်ခဲ့ကြပြီး ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် ပြည်တွင်းလုပ်ငန်းလည်ပတ်မှုများ ရပ်ဆိုင်းထားခဲ့သည်။ လုပ်သားများကို ယာယီအလုပ်ရပ်ဆိုင်းထားလိုက်သည်။ သို့သော် ဝဘ်ဆိုက်တွင် ကားအမှာစာများ ဆက်လက်လက်ခံနေဆဲ ဖြစ်သည်။
Byton သည် ဇန်နဝါရီလတွင် အိုင်ဖုန်းများကို ကန်ထရိုက်စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သော Foxconn Technology Group နှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၂၂ ပထမ သုံးလပတ်အတွင်းတွင် Byton M-Byte SUV များ စတင်ထုတ်လုပ်ရန် လျာထားသည်။ ထိုအစီအစဉ်အတွက် လက်မှတ်ရေးထိုးရန် နန်ဂျင်း စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးရေးဇုန်က ကမကထ ပြုခဲ့သည်။ သို့သော် Byton ကို ချေးငွေများ အများဆုံး ထုတ်ပေးထားသည့်သူက စီမံခန့်ခွဲမှုကို ထိန်းချုပ်လိုက်သောအခါ Foxconn က နန်ဂျင်းရှိ စက်ရုံမှ ၎င်း၏ ဝန်ထမ်းများကို ပြန်ခေါ်ယူလိုက်သည်။ Byton ၏ ဘဏ္ဍာရေး အခြေအနေ ယိုယွင်းနေသဖြင့် Foxconn က ပူးပေါင်းဆောင်ရွက်မှုများ ရပ်ဆိုင်းထားလိုက်သည်။
နန်ဂျင်းမြို့ တည်ရှိရာ ကျန်းစုပြည်နယ်သည် လျှပ်စစ်မော်တော်ယာဉ် အချက်အချာတစ်ခု ဖြစ်ရန် ကြိုးပမ်းအားထုတ်ခဲ့ရာ မော်တော်ယာဉ် ထုတ်လုပ်ရေးပဏ္ဍတွင် အမေရိကန်ဒေါ်လာ ၃၂ ဘီလျံကို ၂၀၂၀ ခုနှစ်အထိ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်သည်။ ယခုအခါ ကားထုတ်လုပ်ရေးလုပ်ငန်းခုရေ ၃၀ ကျော် ရှိနေပြီ ဖြစ်သည်။ တရုတ်အစိုးရက ပြန်လည်သုံးသပ်ပြီး စိစစ်ရန် ညွှန်ကြားခဲ့သည်။ အခွန်ကင်းလွတ်ခွင့် ပေးထားခြင်းများ၊ စက်ရုံမြေနေရာ ပေးအပ်ခြင်းများဖြင့် မော်တော်ယာဉ်ထုတ်လုပ်ရေး လုပ်ငန်းများကို ဆွဲဆောင်ခဲ့သည်မှာ တရုတ်အစိုးရ၏ လမ်းညွှန်ချက်များကို ဘောင်ကျော်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။
Yinlong New Energy Co သည် နန်ဂျင်းရှိ စက်ရုံကို ၂၀၁၇ ခုနှစ်တွင် ပန္နက်ချခဲ့သည်။ စုစုပေါင်း ယွမ် ၁၀ ဘီလျံ ရင်းနှီးမြှုပ်နှံရန် အစီအစဉ် ရှိသည်။တစ်နှစ်လျှင် လုပ်ငန်းသုံး လျှပ်စစ်မော်တော်ယာဉ် စီးရေ ၃၀,၀၀၀ ကို ထုတ်လုပ်ရန် လျာထားပြီး အများစုမှာ လျှပ်စစ်ဘတ်စ်ကားများ ဖြစ်သည်။ လျှပ်စစ်မော်တော်ယာဉ်သုံး ဘက်ထရီထုတ်လုပ်ရန်လည်း အစီအစဉ် ရှိသည်။ ထုတ်လုပ်မှုကို ၂၀၁၈ ခုနှစ်တွင် စတင်ရန် လျာထားခဲ့သော်လည်း ယခုအခါ စက်ရုံပိတ်ထားသည်မှာ အတော်ကြာခဲ့ပြီ ဖြစ်သည်။
ကုမ္ပဏီ၏ အကြီးမားဆုံး ရှယ်ယာပိုင်ရှင် Gree Electric Appliances Inc. က မော်တော်ယာဉ် ထုတ်လုပ်ရေး နှင့် ဘက်ထရီထုတ်လုပ်ရေး မည်သည်ကို လုပ်ကိုင်သင့်ကြောင်း မဆုံးဖြတ်ရသေးဟု ဆိုသည်။
Group Lotus Plc မှ စီအီးအို Feng Qingfeng က “သူတို့ရဲ့ပထမဆုံးကားကို ဈေးကွက်ထဲ ရောက်ဖို့ မလုပ်ဘဲ သူတို့က စက်ရုံတွေ တစ်ရုံ နှစ်ရုံ သုံးရုံ ငါးရုံ ဆောက်လိုက်ကြတယ်။ လူတိုင်းက ကားထုတ်လုပ်ရတာ လွယ်ပါတယ်လို့ ထင်ထားကြတယ်။ ကားလုပ်ငန်းက သူတို့ ထင်ထားသလို မလွယ်ပါလား ဆိုတာ သဘောပေါက်သွားတဲ့အခါ သူတို့က ရင်းနှီးမြှုပ်နှံမှုကို ရပ်ပစ်လိုက်ကြတယ်” ဟု ပြောပြသည်။
bloomberg.com