တရုတ်ကားကုမ္ပဏီများနှင့် Tesla ၏ ဈေးနှုန်းလျှော့ ရောင်းချရေး ပြိုင်ပွဲ


လျှပ်စစ်ကားနှင့် ဓာတ်ဆီကား ထုတ်လုပ်သူများသည် ဈေးကွက်ရှယ်ယာများ ပိုမိုပိုင်ဆိုင်နိုင်ရန်အတွက် ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံတွင် အောင်မြင်လာအောင် အပြိုင်အဆိုင် ကြိုးပမ်းနေကြပြီး ဈေးနှုန်းလျှော့၍ ရောင်းချသည့် ပြိုင်ပွဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ 

 

ထိုပြိုင်ပွဲကို ပထမဆုံး စတင်ခဲ့သူမှာ အမေရိကန်လျှပ်စစ်ကား ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့် Tesla ဖြစ်ပြီး လွန်ခဲ့သည့် နှစ်အတွင်း လျှပ်စစ်ကား အများအပြား ရောင်းချနိုင်ရန် ငွေအရစ်ကျနှင့် ကားဈေးများ လျှော့ကာ ရောင်းချခဲ့သည်။ တရုတ်ပြည်တွင်းနှင့် နိုင်ငံခြား လျှပ်စစ်ကားထုတ်လုပ်သည့် ကုမ္ပဏီများက ယခုလမ်းစဥ်ကို လိုက်လာကြကာ BYD၊ XPeng၊ Nio နှင့် Volkswagen တို့ကလည်း ဝယ်ယူသူများများ ရရှိလာရန် လျှော့ဈေးများကို ရက်ရက်ရောရော ပေးလာခဲ့ကြသည်။ 

 

မတ်လ အစပိုင်းမှစတင်ကာ ဈေးနှုန်းလျှော့ချရေးပြိုင်ပွဲဟာ ပိုမိုကျယ်ပြန့်လာခဲ့ပြီး လောင်စာဆီသုံး မော်တော်ယာဥ်ရောင်းချသူ အများအပြားကို ပါဝင်လာစေခဲ့သည့်အပြင် ပြည်နယ်အစိုးရများပါ ပါဝင်လာခဲ့သည်။ 

 

Changan Oshan Z6 D SUV

 

မတ်လ ၁၀ ရက်နေ့တွင် Changan မော်တော်ကား ကုမ္ပဏီက လောင်စာဆီသုံးကားများနှင့် လျှပ်စစ်မော်တော်ယာဥ်များအတွက် ယွမ် ၄၀,၀၀၀ (ဒေါ်လာ ၅,၈၀၀) လျှော့ဈေးပေးသည့် အရောင်းကမ်ပိန်းကို စတင်ခဲ့ပြီး နောက်တစ်နေ့တွင် Chery မော်တော်ကား ကုမ္ပဏီက ဝယ်ယူသူများကို ယွမ် ၁၀ ဘီလီယံကျော်အထိ ထောက်ပံ့ကြေးပြန်ပေးမည့် အစီအစဥ်ကို ကြေညာခဲ့သည်။ 

 

ဒါ့အပြင် SAIC နှင့် Volkswagen ပူးပေါင်းထားသည့် SAIC Volkswagen မော်တော်ယာဥ်ထုတ်လုပ်ရေးကလည်း ၎င်းတို့၏ မော်တော်ယာဥ်များကို ဈေးနှုန်းလျှော့ချကြောင်း ကြေညာခဲ့သည်။ 

 

မျက်စိကျစရာကမ်းလှမ်းမှုများထဲမှ တစ်ခုဖြစ်သည့် Dongfeng Motor Group ၏ ကမ်းလှမ်းမှုတွင် Dongfeng သည် Hubei ပြည်နယ်အစိုးရ၏ ထောက်ပံ့ရေးရန်ပုံငွေဖြင့် ၎င်း၏ Citroen C6 မော်ဒယ်ကို ယွမ် ၉၀,၀၀၀ အထိလျှော့ချခဲ့ပြီး ထိုဈေးနှုန်းဟာ ပေါက်ဈေးရဲ့ ၄၀% အထိလျှော့ချထားကြောင်း သိရှိရသည်။ 

 

ဤသို့ ဈေးနှုန်းလျှော့ချပြိုင်ဆိုင်မှုသည် လောင်စာဆီကားများကို လျှပ်စစ်ကားများဖြင့် အစားထိုးနိုင်ရန် အရှိန်မြှင့်တင်နေသည့်အချိန်တွင် အချို့သော မော်တော်ယာဥ် ထုတ်လုပ်ရောင်းချသူများကို လက်ရှိ စီးပွားရေး လုပ်ငန်းအတွင်းမှ ထွက်ခွာသွားအောင် ပြုလုပ်နိုင်သည်ဟု မော်တော်ယာဥ်ဈေးကွက် သုတေသီတစ်ဦးက ပြောကြားခဲ့သည်။ 

 

Guangzhou Automobile Corp. (GAC) ၏ လျှပ်စစ် Brand Aion ၏ လက်ထောက် အထွေထွေမန်နေဂျာဖြစ်သူ Xiao Yong က “လက်ရှိမှာ ဈေးနှုန်းလျှော့ချပြီး မရောင်းနိုင်ရင် သေဖို့စောင့်နေတာနဲ့ တူတူပဲ” ဟူ၍ ပြောကြားခဲ့သည်။ ပြင်းထန်သည့် ကုမ္ပဏီတွင်း ဆွေးနွေးမှုအပြီးမှာ Aion ဟာ ကံနှင့် စိတ်ကူးယဥ်အတွေးအခေါ်များကို စွန့်လွှတ်ကာ လက်ရှိ ပြင်းထန်နေသည့် တိုက်ပွဲအတွက် ပြင်ဆင်တော့မည် ဖြစ်ကြောင်းကို Xiao က တရုတ်သတင်းဌာနတစ်ခုဖြစ်သည့် Caixin ကို ပြောကြားခဲ့သည်။ 

 

Advertisement

Click Here >>> Yarobi Co., Ltd.

 

တရုတ်နိုင်ငံ မော်တော်ယာဥ်ကဏ္ဍသည် ယခင်နှစ်ကုန်ပိုင်းတွင် အစိုးရထောက်ပံ့ကြေး ကုန်ဆုံးသွားပြီးနောက် အရောင်းအဝယ် ကျဆင်းလာသည့် နောက်ပိုင်းတွင် မော်တော်ယာဥ်များ ရောင်းချနိုင်ရန် ပြင်းထန်သည့် ဈေးနှုန်းလျှော့ချရေး ပြိုင်ပွဲတစ်ခု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ 

 

သုံးနှစ်တာ Covid Pandemic ကန့်သတ်မှုများနှင့် ပိတ်ဆို့မှုများက ဝယ်ယူသူများ၏ အသုံးစရိတ်ကို လျော့ကျစေခဲ့သည်။ China Passenger Car Association (CPCA) ၏ ပြောကြားချက်အရ ၂၀၂၂ ခုနှစ်တွင် ပထမနှစ်လအတွင်း ခရီးသည်တင်ယာဥ်ရောင်းချမှုဟာ ၁၉.၈% ကျဆင်းသွားခဲ့ပြီး ဝယ်ယူသူများသည် လျော့ဈေးကမ်းပိန်းကာလ မကုန်ဆုံးမီ အပြေးအလွှား ဝယ်ယူကြသည့်အတွက် ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်အတွင်း မော်တော်ယာဥ်ဈေးကွက် ၁၂.၄% တိုးလာခဲ့ကြောင်း သိရသည်။ 

 

ယခုလို ဈေးနှုန်းလျှော့ချမှုများ ရှိနေသော်လည်း ကားအရောင်းအဝယ်ဟာ မတ်လ၏ ပထမ ၁၉ ရက်အတွင်းမှာပင် ၈% လျော့ကျသွားခဲ့ပြီး ဖေဖော်ဝါရီလ ပထမ ၁၉ ရက်အတွင်း ရောင်းအားနှင့် နှိုင်းယှဥ်လျှင် ၄% လျော့ကျသွားကြောင်းကို CPCA ၏ စာရင်းများ အရ သိရသည်။ 

 

ယခုလို ဈေးနှုန်းလျှော့ရောင်းချရေး ပြိုင်ပွဲဟာ ရေတိုလုပ်ဆောင်ချက်များစွာကြောင့် အစပျိုးလာခြင်း ဖြစ်သည်ဟု Wuhan Automobile Industry Association ၏ ဥက္ကဌဖြစ်သူ Chen Binbo က ပြောကြားခဲ့သည်။ အစိုးရ ထောက်ပံ့ငွေပေးသည့် အချိန်ကာလ ကုန်ဆုံးသွားသည့်နောက် ဂျူလိုင် ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် တင်းကျပ်သည့် ဓာတ်ငွေ့ထုတ်လွှတ်မှုဆိုင်ရာ ဥပဒေများကြောင့် မော်တော်ယာဥ် ထုတ်လုပ်သူများအား မော်ဒယ်ဟောင်းများကိုသာ အရှိန်မြှင့် ရောင်းချရန် ဖိအားပေးသလို ဖြစ်ခဲ့ကြောင်း ထပ်တိုးပြောကြားခဲ့သည်။ 

 

ဒါ့အပြင် Chen က ယခုလို ဈေးနှုန်းလျော့ရောင်းချရေး ပြိုင်ပွဲ၏ အခြေခံသဘောတရားဟာ ထောက်ပံ့ရေးနှင့် ဝယ်လိုအားလမ်းကြောင်း အပေါ်မှာ မူတည်ကြောင်း ပြောပြခဲ့သည်။  

 

Dongfeng Citroen C6

 

မည်သူမှ ယခုလို မိမိကုမ္ပဏီနှင့် ပြိုင်ဖက်ကုမ္ပဏီနှစ်ခုလုံးကို အန္တရာယ်ဖြစ်စေသည့် ဈေးနှုန်းလျှော့ရောင်းချရေး ပြိုင်ပွဲတစ်ခုကို မလိုလားကြောင်း ထိပ်တန်းမော်တော်ယာဥ်ရောင်းဝယ်ရေး ကုမ္ပဏီတစ်ခု၏ အမည်မဖော်လိုသူ အရောင်းမန်နေဂျာတစ်ဦးက ပြောကြားခဲ့သည်။ ၎င်းက ကုမ္ပဏီများ၏ ကုန်ပစ္စည်းလျော့ကျမှုကြောင့် ထုတ်လုပ်ရေး ကျဆင်းလာနိုင်သည့်အတွက် ယခုဈေးနှုန်းပြိုင်ပွဲဟာ မတ်လ အကုန်တွင် တဖြည်းဖြည်း မှေးမှိန်သွားနိုင်ကြောင်း ပြောကြားခဲ့သည်။ 

 

မော်တော်ယာဥ်သတင်းဌာန Cheshi Technology Inc., ၏ အယ်ဒီတာချုပ်ဖြစ်သူ Sun Yong ပြောကြားချက်အရ ယခု ဈေးနှုန်းပြိုင်ပွဲဟာ ဝယ်လိုအားနည်းနေသ၍ ဖြစ်ပေါ်နေဦးမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ် တစ်နှစ်လုံး ဖြစ်နေနိုင်ကြောင်း ပြောကြားခဲ့သည်။ 

 

လက်ရှိဖြစ်ပေါ်နေသည့် ဈေးနှုန်းပြိုင်ပွဲဟာ မည်သည့်အချိန်မှ ရပ်တန့်မည်ဖြစ်သည်ကို သဘောတူညီမှု မရရှိသော်လည်း မော်တော်ယာဥ်စက်ရုံများ၏ ကျယ်ကျယ်ပြန့်ပြန့် မွန်းမံပြင်ဆင်မှုများအတွက် မျှော်လင့်ထားပြီး နည်းပညာတိုးတက်မှုနှင့် ကားတန်ဖိုးသစ်များကြောင့် သိသာသော ကုန်ကျစရိတ်များ လျှော့ချနိုင်သည့် ကုမ္ပဏီများသာ ရှင်သန်ကျန်ရစ်ခဲ့မည်ဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။ 

 

အချို့သော ကားလုပ်ငန်းများက ရောင်းချမှုနှုန်း ပိုမိုတိုးတက်လာစေရန်နှင့် ဈေးနှုန်းလျော့ချမှု အတွက် အဆင်ပြေလာစေရန် အစိုးရအထောက်အပံ့များကို လိုလားနေကြပြီး အစိုးရသည်လည်း လွန်ခဲ့သော နှစ်ကုန်ပိုင်းတွင် သက်တမ်းကုန်ခဲ့သည့် NEV ယာဥ်များရောင်းချမှုအတွက် အခွန်ကင်းလွတ်ခွင့် ဥပဒေကို ၁၂ လ အထိ သက်တမ်းတိုးပေးခဲ့သည်။ 

 

၂၀၂၂ ခုနှစ် မေလပိုင်းက တရုတ်အစိုးရဟာ ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းသော မော်တော်ယာဥ် ဝယ်ယူခွန် ထက်ဝက်လျှော့ချရေး ၆ လ ကြာ မူဝါဒကို ကြေညာခဲ့ပြီး ၎င်း၏ နှေးကွေးနေသော စီးပွားရေးကို အထောက်အကူဖြစ်စေရန် လုံ့ဆော်ပေးခဲ့သည်။ 

 

NEV Sales 2023 Jan

 

အစိုးရ၏ ထောက်ပံ့မှုများသည် လွန်ခဲ့သည့် နှစ်ကုန်ပိုင်းတွင် သက်တမ်းကုန်ဆုံးခဲ့ပြီ ဖြစ်သည့်အတွက် အစိုးရထံမှ နောက်ထပ် ထောက်ပံ့မှုများကို မိတ်ဆက်ပေးမည် မဟုတ်တော့ကြောင်းကို China Automobile Dealers Association က လက်ထောက်အထွေထွေအတွင်းရေးမှူးဖြစ်သူ Lamg Xuehong က ထောက်ပြခဲ့သည်။ 

 

ပြောင်းလဲလာသော တရုတ်၏ မော်တော်ကားဈေးကွက်ပေါ် သက်ရောက်သည့် အစိုးရ၏ ထောက်ပံ့မှု အကျိုးသက်ရောက်မှုများသည် အငြင်းပွားစရာဖြစ်နေခဲ့ပြီး ဈေးကွက်ကျဆင်းနေချိန်တွင် အကျိုးသက်ရောက်မှု နည်းသော်လည်း ၎င်းတို့၏ စကားအပြောအဆိုသည် ဈေးကွက် အတက်အကျကို ဖြစ်စေသည်ဟု လေ့လာသူတစ်ဦးက ဆိုသည်။ 

 

နိုင်ငံနှင့် ပြည်နယ်ဆိုင်ရာ အထောက်အပံ့များသည် ဈေးကွက် ပြိုင်ဆိုင်မှု စည်းမျဥ်းများကို ကျော်လွှားပြောင်းလဲ နိုင်မှာ မဟုတ်ကြောင်း ပူးပေါင်းမော်တော်ယာဥ်ကုမ္ပဏီတစ်ခု၏ အရောင်းမန်နေဂျာ တစ်ဦးက ပြောကြားခဲ့သည်။ 

 

CPCA ၏ ဥက္ကဌဖြစ်သူ Cui Dongshu က အစိုးရ၏ ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးစံညွှန်းများကို ၂၀၂၃ နှစ်ကုန် အထိရွှေ့ဆိုင်းထားရန် ‌အဆိုပြုထားသော်လည်း ယခုအထိ ထုတ်ပြန်ကြေညာခြင်း မရှိသေးကြောင်း ကို Caixin သတင်းဌာနအား ပြောကြခဲ့သည်။ 

 

Elon Musk ဟာ ၂၀၂၃ ခုနှစ်အတွင်း Tesla မော်တော်ယာဥ် ၁.၈ ဘီလီယံ စီး ရောင်းချနိုင်ရန် ပစ်မှတ်ထားနေပြီး ဤပမာဏဟာ ၂၀၂၂ ခုနှစ်အတွင်း ရောင်းချခဲ့သည့် ယာဥ်အစီးရေထက် ၁.၃၇ ဆ ပိုများကြောင်း သိရှိရသည်။ Tesla ယာဥ်များ၏ ဈေးနှုန်းသည် ကားဘတ်ထရီကုန်ကြမ်း ဈေးနှုန်းကြီးမားမှုကြောင့် ၂၀၂၂ ခုနှစ်အစပိုင်းမှ စ၍ အတက်အကျ များပြားခဲ့သော်လည်း ဝယ်ယူသူများက Tesla ကားများ ဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေကြသည်ကို တွေ့ရသည်။ 

 

Advertisement

Click Here >>> Shwe Byain Phyu

 

Tesla သည် ၂၀၂၂ ခုနှစ် အလယ်ပိုင်းတွင် အလှည့်အပြောင်းတစ်ခုရရှိခါခဲ့ပြီး Shanghai စက်ရုံတွင် မော်တော်ယာဥ်များ တိုးချဲ့ထုတ်လုပ်ခွင့်ရရှိခဲ့သည်။ Tesla ၏ စီးပွားရေးဆိုင်ရာ စာရင်းတင်ပြချက်အရ Shanghai စက်ရုံတွင် တစ်နှစ်အတွင်း မော်တော်ယာဥ် ၇ သိန်းခွဲ ထုတ်လုပ်နိုင်ကြောင်းသိရသော်လည်း လေ့လာစောင့်ကြည့်သူများ၏ ပြောကြားချက်အရ ၎င်းစက်ရုံမှ မော်တော်ယာဥ် ၁ သန်း အထိ ထုတ်လုပ်နိုင်သည်ဟု ခန့်မှန်းထားသည်။

 

သို့သော်လည်း ဈေးကွက် ဝယ်လိုအားကို ထုတ်လုပ်ရေး တိုးချဲ့လိုက်သည့် Tesla က အမှီလိုက်နိုင်ခြင်း မရှိသေးသည့်အတွက် Tesla ဟာ စက်တင်ဘာလတွင် မော်တော်ယာဥ်များကို ဈေနှုန်းယွမ် ၈,၀၀၀ အထိ လျှော့ချပေးခဲ့သည်။ 

 

အောက်တိုဘာလတွင် Tesla သည် ၎င်း၏ မော်တော်ယာဥ်ဈေးနှုန်းကို အများဆုံး ယွမ် ၃၆,၀၀၀ အထိလျှော့ချပေးခဲ့ပြီး ကုမ္ပဏီ၏ရောင်းအားကို အနည်းငယ် မြှင့်တင်ပေးနိုင်ခဲ့သော်လည်း စုစုပေါင်း ဝယ်လိုအားသည် ဆက်တိုက်ကျဆင်းလာခဲ့သည်။ 

 

အခြားသော လျှပ်စစ်ကားကုမ္ပဏီများကလည်း ဆုတ်ယုတ်နေသည့် ဝယ်လိုအား ထိုးနှက်မှုဒဏ်ကို ခံစားနေရပြီး တရုတ်ကားထုတ်လုပ်ရေး ကုမ္ပဏီ ၃ ခုဖြစ်သည့် Nio၊ Xpeng နှင့် Li Auto Inc., တို့သည်လည်း ၎င်းတို့ ကားများ၏ ၂၀၂၂ ခုနှစ် အရောင်းပန်းတိုင်ကို မရရှိခဲ့ပေ။ 

 

TroyTeslike မှ စာရင်းများအရ Tesla မော်တော်ယာဥ်များ၏ တစ်ကမ္ဘာလုံးဆိုင်ရာ လစဥ် မှာယူမှုသည် ၂၀၂၂ ခုနှစ် ဂျူလိုင်လတွင် ၄၇၆,၀၀၀ စီးရှိခဲ့ရာမှ ဒီဇင်ဘာလတွင် ၁၆၃,၀၀၀ စီးအထိကျဆင်းသွားခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံအတွင်း မှာယူမှုသည် ဂျူလိုင်လတွင် ၁၇၆,၀၀၀ စီးရှိခဲ့ရာမှ နှစ်ကုန်ပိုင်းတွင် အစီးရေ ၆,၀၀၀ အောက်အထိကျဆင်းခဲ့ပြီး ထိုပမာဏသည် Tesla ၏ Shanghai စက်ရုံမှ တစ်ပတ်စာထုတ်လုပ်မှုနှင့် ညီမျှသည်ဟု ဆိုသည်။ 

 

၂၀၂၂ ခုနှစ်တွင် BYD သည် မော်တော်ယာဥ်အစီးရေပေါင်း ၁.၈ သန်းအထိ ရောင်းချနိုင်ခဲ့ပြီး ထိုမော်တော်ယာဥ်များတွင် လျှပ်စစ်ကားနှင့် Hybrid ကားများပါဝင်ကာ BYD အား ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကားကုမ္ပဏီဖြစ်လာစေခဲ့သည်။ BYD သည် ၂၀၂၃ ခုနှစ်တွင် မော်တော်ယာဥ် အစီးရေ ၄ သန်း ရောင်းချနိုင်ရန် ခန့်မှုန်းထားသည်ဟု ကုမ္ပဏီတွင်း အစည်းအဝေးတစ်ခုမှ ပေါက်ကြားလာခဲ့သည်။ 

 

လျှပ်စစ်ကားများအား ဈေးနှုန်းလျှော့ရောင်းချခြင်းက ၎င်းတို့အပေါ်ကို လောင်စာဆီကားများထက် လူစိတ်ဝင်စားမှု ပိုမိုများပြားလာစေပြီး သမာရိုးကျ ကားထုတ်လုပ်သူများကို အကျပ်ရိုက်စေတယ်လို့ China FAW Group Corp ၏ စီးပွားရေး ဗျူဟာ မန်နေဂျာ ဖြစ်သူ Li Quanchao က ပြောကြားခဲ့သည်။ 

 

လောင်စာဆီသုံးမော်တော်ယာဥ်များ၏ ရောင်းချမှုသည်လည်း လွန်ခဲ့သည့်နှစ်များနှင့် နှိုင်းယှဥ်လျှင် ပိုမို ကျဆင်းလာခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်း ယာဥ်အစီးရေ ၁၅ သန်း သာရှိခဲ့ပြီး ၁၃% ကျဆင်းခဲ့ကာ လျှပ်စစ်ကားအရောင်းအဝယ်သည် ယာဥ်အစီးရေ ၅.၇ သန်းရှိခဲ့ပြီး ၉၀% တိုးလာခဲ့သည်။ 

 

NEV Sales 2023 Feb

 

Compact နှင့် Mid-size ကားများသည် လောင်စာသုံးမော်တော်ယာဥ်ထုတ်လုပ်သူများအတွက် အရောင်းရဆုံး မော်ဒယ်များဖြစ်ပြီး Tesla နှင့် BYD တို့၏ ကားမော်ဒယ်များကို ဈေးကွက်ရှယ်ယာ အမြောက်အမြား ဆုံးရှုံးနေရကြောင်း China Associatiom of Automobile Manufacturers (CAAM) ၏ စာရင်းများအရ သိရသည်။ 

 

Nissan Motor၊ Honda Motor နှင့် Stellantis တို့နှင့် ဖက်စပ်ပူးပေါင်းထားသည့် Dongfeng Motor သည် ယခင်နှစ်တွင် ကားရောင်းအား ၁၁.၂% ကျဆင်းခဲ့ပြီးနောက် စုစုပေါင်း ရောင်းအား ၅၁% အထိကျဆင်းခဲ့သည်။ 

 

၂၀၂၃ ခုနှစ်သည် ကုမ္ပဏီမှ ခန့်မှန်းထားသည့် ရလဒ်ထက် ပို၍ဆိုးရွားနေပြီး ကုန်ပစ္စည်းပြတ်လပ်မှုကြောင့် မော်တော်ယာဥ်ထုတ်လုပ်မှု နှောင့်နှေးခဲ့သည်ဟု Dongfeng Motor နှင့် နီးစပ်သူတစ်ဦးက Caixin သတင်းဌာနကို ပြောကြားခဲ့သည်။ 

 

တရုတ်ကားထုတ်လုပ်ရေး ကုမ္ပဏီများသည် ဈေးနှုန်ပြိုင်ပွဲများနှင့် မစိမ်းသည့်အပြင် လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုလုံးတွင် ပြိုင်ဆိုင်မှုပြင်းထန်သည့် အခြေအနေများနှင့် ရင်ဆိုင်ခဲ့ကြပြီး ၂၀၀၈ ခုနှစ်အပါအဝင် ၂၀၁၈ တွင်လည်း တရုတ်ကားဈေးကွက်သည် သူ၏ တစ်နှစ်တာ ရောင်းအားကျဆင်းမှု အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။ 

 

Wuhan Automobile Industry Association မှ Chen ၏ ပြောကြားချက်အရ Covid Pandemic ဟာ ဝယ်ယူသူတွေရဲ့ ဝင်ငွေကို ထိခိုက်စေခဲ့ပြီး ဈေးကြီးသည့် ပစ္စည်းများအတွက် ပိုက်ဆံကို လျှော့သုံးဖို့ ပိုပြီး သတိထားမိအောင် ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဒါ့အပြင် Chen ဟာ ၂၀၂၃ ခုနှစ် တရုတ်ကားဈေးကွက် ကျဆင်းလားမည်ကို ကြိုတင်ခန့်မှန်းခဲ့ပြီး လက်ရှိဖြစ်ပေါ်နေသည့် ဈေးနှုန်းပြိုင်ပွဲ ဆက်လက် ဖြစ်ပေါ်နေဦးမည်ဟုလည်း ခန့်မှန်းထားသည်။ 

 

ယခုနှစ်ရဲ့ ဈေးနှုန်းပြိုင်ပွဲသည် လောင်စာဆီကားများ နေရာယူထားသည့် ဈေးကွက်ထိသို့ လျှပ်စစ်ကားများ အကြီးအကျယ် နေရာယူလာခြင်းကြောင့်ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဈေးနှုန်းလျှော့ရောင်းချရေးပြိုင်ပွဲဟာ လောင်စာကားများနှင့် လျှပ်စစ်ကားများ၏ ကမ္ဘာစစ်ဖြစ်ကြောင်း စောင့်ကြည့်လေ့လာသူ တစ်ဦးက ပြောကြာခဲ့သည်။ 

 

ဤပြိုင်ပွဲကြားတွင် ဆက်လက်ရှင်သန်နိုင်ရန် ကုန်ကြမ်းများ၏ ကုန်ကျငွေလျှော့ချနိုင်ရေးနှင့် ပိုမိုတိုးတက်သည့် နည်းပညာများ လက်ဝယ်ကိုင်ထားနိုင်ရန် လိုအပ်သည်ဟု Geely Automobile Group ၏ CEO ဖြစ်သူ Gan Jiayue က မတ်လ ၂၁ ရက်တွင် ပြုလုပ်ခဲ့သည့် ကုမ္ပဏီ ဝင်ငွေရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ Geely သည် Tesla ၏ လုပ်ဆောင်ပုံများကို အတုယူကာ နည်းပညာအသစ်များကို မည်သို့ ကိုင်သွယ်ရမည်ကို လေ့လာသင်ယူနေသည်ဟု ဆိုသည်။ 

 

၂၀၂၄ ခုနှစ်တွက် တရုတ်ထိပ်တန်း ကားကုမ္ပဏီများ၏ မော်တော်ယာဥ်မောင်းနှင်မှုစနစ် လုပ်ဆောင်ချက်များ သည် Tesla ကို မှီလာတော့မည်ဖြစ်ကြောင်း Li Auto ၏ CEO ဖြစ်သူ Li က ဆိုသည်။ 

 

Tesla China

 

Tesla အား အမှီလိုက်ရန်ဆုံးဖြတ်ချက်သည် ပို၍ ပြိုင်ဆိုင်မှုပြင်းထန်ပြီး မော်တော်ကားကုမ္ပဏီအားလုံးဟာ Tesla ကို ဦးတည်ရင်ဆိုင်ရန် စီစဥ်ထားသည့်အတွက် နည်းပညာများ၏ ကုန်ကျစရိတ်များသည် ဆက်လက် မြင့်မားနေဦးမည်ဟု အလိုအလျောက်မောင်းနှင်သည့်စနစ် ထုတ်လုပ်ရေး ကျွမ်းကျင်သူတစ်ဦး ပြောကြားချက်အရ သိရသည်။ ဒါ့အပြင် တရုတ်မော်တော်ယာဥ်ကုမ္ပဏီများအတွက် လောင်စာမှ လျှပ်စစ်အကူးအပြောင်း ပြီးမြောက်အောင်မြင်ရန်နှင့် ဈေးကွက်ကျဆင်းမှုဒဏ်ကို ကျော်လွှားနိုင်ရန် လွယ်ကူမည်မဟုတ်ကြောင်း ၎င်းက ထပ်မံ ဖြည့်စွက်ပြောကြားခဲ့သည်။ 


Source - Caixin Global

Read 367 times