တရုတ်ကားပြပွဲတွင် ကားအသစ်များ ပြသခဲ့သည့် VW၊ BMW၊ GMနှင့် Toyota


၂၀၂၃ ခုနှစ် ဧပြီ ၁၈ ရက် (အင်္ဂါနေ့) တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် ပြုလုပ်ခဲ့သည့် ကမ္ဘာ့အကြီးဆုံးကားပြပွဲတွင် ကမ္ဘာတစ်ဝှမ်းလုံးမှ မော်တော်ယာဉ်ထုတ်လုပ်ရေး လုပ်ငန်းများနှင့် တရုတ်ပြည်တွင်းရှိ ကားကုမ္ပဏီများက ၎င်းတို့၏ နောက်ဆုံးပေါ် SUV၊ Sedan နှင့် Muscle ကားများကို ဝင်ရောက်ပြသခဲ့ကြသည်။ 

 

ဤ မော်တော်ယာဉ်ပြပွဲ ( Auto Shanghai 2023 ) သည် လက်ရှိအာဏာရ တရုတ်ကွန်မြူနစ်ပါတီမှ နည်းပညာမြှင့်တင်ရေးအတွက် ဒေါ်လာ ဘီလီယံပေါင်းများစွာ အသုံးပြုခဲ့ပြီးနောက် ကြီးထွားလာသည့် တရုတ်လျှပ်စစ်ကားဈေးကွက်၏ ပြိုင်ဆိုင်မှု ပြင်းထန်လာပုံကို ထင်ဟပ်ပြသလျက်ရှိသည်။

 

ဒါ့အပြင် နာမည်ကြီး ကား Brand များဖြစ်သည့် General Motors၊ BMW၊ Nissan နှင့် တရုတ်ကုမ္ပဏီများဖြစ်သည့် BYD နှင့် NIO တို့ကလည်း ထိုပြပွဲတွင် ၎င်းတို့၏ ကားအသစ် ဒါဇင်များစွာ ပြသခဲ့ကြသည်။ 

 

မော်တော်ကားကုမ္ပဏီများသည် ပိုမိုမြန်ဆန်စွာ အားသွင်းနိုင်သည့်စနစ်၊ ဂြိုလ်တုနှင့် တိုက်ရိုက်ချိတ်ဆက်သည့် လမ်းညွှန်စနစ်၊ ဖျော်ဖြေရေးစနစ်များအပြင် အနာဂတ်တွင် ဖြစ်လာနိုင်ချေရှိသည့် မောင်းသူမဲ့စနစ် အစရှိသည့် နည်းပညာများကို မိတ်ဆက်ခဲ့ကြသည်။ 

 

ထိုအထဲတွင် Volkswagen သည်လည်း ၎င်း၏ ဇိမ်ခံလျှပ်စစ်ကားအသစ် တစ်စီးကို ပြသခဲ့ပြီး အဆိုပါ လျှပ်စစ်ကားသည် တစ်ခါအားသွင်းရုံဖြင့် ကီလိုမီတာ ၇၀၀ ( ၄၃၅ မိုင် ) အထိမောင်းနှင်နိုင်မည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

 

Volkswagen ID.7 Vizzion

 

Volkswagen ၏ အဆိုပါ ID.7 Sedan ကားသည် ၎င်းထုတ်လုပ်ခဲ့သည့် လျှပ်စစ်ကားများ အထဲတွင် ထိပ်တန်းဇိမ်ခံကား အသစ်ဖြစ်ကာ ဂျာမနီကားကုမ္ပဏီများမှ ပြသခဲ့သည့် ကား ၂၈ စီးထဲတွင် တစ်ခု အပါအဝင်ဖြစ်သည်။ ထိုကား ၂၈ စီးတွင် ထက်ဝက်ခန့်သည် လျှပ်စစ်ကားများ ဖြစ်ကြောင်းလည်း သိရသည်။ 

 

Volkswagen ခရီးသည်တင်ကား Brand များ၏ CEO ဖြစ်သူ Thomas Schafer က စင်မြင့်ပေါ်သို့ Minibus တစ်စီးဖြင့် တက်ရောက်လာခဲ့ပြီး ၎င်းတို့၏ လျှပ်စစ်ကား ကမ်းပိန်းကို အရှိန်မြှင့်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။ 

 

မော်တော်ယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီများက အမေရိကန်နှင့် ဥရောပတွင် ဝယ်လိုအားနည်းနေသဖြင့် တရုတ်တွင် ရောင်းအားတိုးချဲ့ချင်နေကြသော်လည်း တရုတ်၏ မော်တော်ကား ဈေးကွက်သည် ကုမ္ပဏီများစွာဖြင့် ပြည့်ကျပ်နေကာ ထိုဈေးကွက်သို့ ဝင်ရောက်နိုင်ရန် ပြိုင်ဆိုင်နိုင်သည့် မော်တော်ယာဉ်များ ထုတ်လုပ်ရေးအတွက် ရင်းနှီးမြှုပ်နှံရမည် ဖြစ်သည်။ 

 

ကမ္ဘာ့နာမည်အကြီးဆုံး မော်တော်ယာဉ် Brand များသည် ဈေးကွက်အတွင်းသို့ အသစ်ဝင်ရောက်လာသည့် တရုတ်မော်တော်ယာဉ် Brand များကြောင့် ဖိအားများ ရရှိနေသည့်အပြင် အစိုးရ၏ ချမှတ်ထားသော လျှပ်စစ်ကား ရောင်းချမှ သတ်မှတ်ချက်များကို ပြည့်မီနိုင်ရန်လည်း ကြိုးစားနေရသည်။ ထို့အပြင် မော်တော်ယာဉ် Brand များသည် တိုးချဲ့ထုတ်လုပ်ရေး ကုန်ကျစားရိတ်များ လျှော့ချနိုင်ရန် ပူးပေါင်းဖက်စပ် လုပ်ငန်းများ စက်ရုံများ တည်ထောင်လာခဲ့ကြသည်။ 

 

Advertisement

Click Here >>> Real Hub

 

တရုတ်နိုင်ငံသည် စက်မှုလုပ်ငန်း၏ လျှပ်စစ်နှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုတွင် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု Ford Motor ၏ အမှုဆောင်အရာရှိချုပ် Jim Farley က ဗီဒီယိုတစ်ခုတွင် ပြောကြားခဲ့သည်။

 

၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံတွင် SUV၊ Sedan နှင့် Minivan စုစုပေါင်း ၂၃.၆ သန်း ရောင်းချနိုင်ခဲ့ပြီး ထိုပမာဏတွင် လျှပ်စစ်ကားရောင်းချမှုသည် လေးပုံတစ်ပုံကျော် အထိရောက်ရှိနေခဲ့ပြီး လောင်စာဆီသုံးမော်တော်ကား ရောင်းအားသည် တဖြည်းဖြည်း လျော့ကျလာသည်ကို တွေ့ရသည်။ 

 

BMW သည်လည်း ၎င်း၏ လျှပ်စစ်ကား မော်ဒယ် အသစ် ၂ ခုဖြစ်သည့် i7 M70 နှင့် XM Label Red ကို ပြသခဲ့ပြီး Sport Type ဇိမ်ခံကားဖြစ်သည့် M760Le ကို တရုတ်တွင် ပထမဦးဆုံး မိတ်ဆက်ပြသလာခဲံသည်။ 

 

GM သည်လည်း ၎င်း၏ လျှပ်စစ် SUV ကားအသစ်ဖြစ်သည့်  Buick Electra E5  ကို ပြသခဲ့ပြီး Toyota Motor ကလည်း ဓာတ်ငွေ့ထုတ်လွှတ်မှုမရှိသည့် မော်တော်ယာဉ်မော်ဒယ် ၂ စီးကို ချပြခဲ့သည်။ ဒါ့အပြင် Toyota က ၎င်း၏ တရုတ် Pony.ai ကုမ္ပဏီနှင့် ပူးပေါင်းထုတ်လုပ်ထားသည့် အလိုအလျောက်မောင်းနှင်နိုင်သော Taxi Prototype ကိုပါ ပြသခဲ့သည်။ Pony.ai သည် တရုတ်နိုင်ငံ၏ အလိုအလျောက်မောင်းနှင်သည့် စနစ် တီထွင်သည့် လုပ်ငန်းကဏ္ဍတွင် ဦးဆောင်နေသည့် ကုမ္ပဏီလည်းဖြစ်သည်။ 

 

BMW i7 M70

 

၂၀၁၉ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံတွင်းသို့ ခရီးသွားလာမှုအများစုကို ဖြတ်တောက်ထားသည့် ဗိုင်းရပ်စ်တိုက်ဖျက်ရေး ထိန်းချုပ်မှုများကို ရုတ်သိမ်းပြီးနောက် မော်တော်ယာဉ်ပြပွဲအတွက် အမေရိကန်၊ ဥရောပနှင့် ဂျပန်တို့မှ အမှုဆောင်အရာရှိများ ရောက်ရှိလာခဲ့သည်။ 

 

VW သည် တရုတ်ဈေးကွက်အား ကတိကဝတ်ပြုခဲ့ပြီး ၎င်း၏ ဒါရိုက်တာဘုတ်အဖွဲ့တစ်ခုလုံးနှင့် Porsche မှ အဖွဲ့တစ်ခုလုံး ရောက်ရှိလာခဲ့သည်။ 

 

တရုတ်သတင်းဌာနတစ်ခု၏ ပြောကြားချက်အရ အဆိုပါပွဲစီစဉ်သူများသည် မော်တော်ယာဉ် အသစ် အစီး ၁၀၀ ကျော် မိတ်ဆက်ခဲ့ပြီး ၎င်းအထဲတွင် ၇၀ ကျော်ခန့်သည် လျှပ်စစ်ကားများ ဖြစ်ကြောင်း သိရသည်။ 

 

ကမ္ဘာ့အကြီးဆုံး မော်တော်ယာဥ်ဈေးကွက်ဖြစ်သည့် တရုတ်ဈေးကွက်မှ မော်တော်ယာဉ်မောင်းနှင်သူများသည် ၂၀၂၂ ခုနှစ်တွင် လျှပ်စစ်စစ်စစ်ကား အစီးရေ ၅.၄ သန်းကို ဝယ်ယူခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စုစုပေါင်း 8 သန်း၏ သုံးပုံနှစ်ပုံခန့်နှင့် ဓာတ်ဆီ-လျှပ်စစ် ဟိုက်ဘရစ် 1.5 သန်းတို့ကို ဝယ်ယူခဲ့ကြသည်။

 

အဆိုပါ ပမာဏသည် တစ်ကမ္ဘာလုံးဆိုင်ရာ စုစုပေါင်းကားရောင်းချရမှု ၂၃ ဒသမ ၆ သန်း၏ လေးပုံတစ်ပုံကျော်ဖြစ်ကာ ယခုနှစ်တွင် လျှပ်စစ်ကား ရောင်းအားသည် နောက်ထပ် ၃၀% တိုးလာမည်ဟု ခန့်မှန်းထားကြောင်းလည်း သိရသည်။ 

 

Source - Nikkei Asia

Read 261 times