GM က ၎င်း၏ လူကြိုက်အများဆုံး လျှပ်စစ်ကား Chevy Bolt ထုတ်လုပ်မှု ရပ်နားမည်


General Motors (GM) ကားကုမ္ပဏီသည် ၎င်း၏ လူကြိုက်အများဆုံးဖြစ်သည့် Chevrolet Bolt ကား ထုတ်လုပ်မှုရပ်နားတော့မည်ဖြစ်ကြောင်း Mashable သတင်း Website မှ ပြောကြားခဲ့ပြီး အဆိုပါရပ်နားမှုသည် ၂၀၂၃ ခုနှစ်နှစ်ကုန်ပိုင်းတွင် စတင်မည်ဖြစ်သည်ဟု ဆိုသည်။ 

 

ဤကြေညာချက်သည် General Motor ၏ ဧပြီလ ၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဝင်ငွေရှင်းလင်းပွဲတွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း Orion၊ Michigan တွင် ရှိသည့် GM ၏ တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ၌ လျှပ်စစ်ကားများ ဆက်လက် ပြုလုပ်သွားမည်ဟု သိရပြီး ကုမ္ပဏီသည် Pickup ကားများဖြစ်သည့် GMC Sierra နှင့် Chevy Silverado တို့အပေါ် ပို၍ အလေးထား ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

 

General Motor သည် အမေရိကန်ရှိ စက်ရုံများမှ နှစ်စဉ် လျှပ်စစ်ကား ၆ သိန်း အထိ ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားကြောင်းလည်း သိရသည်။ 

 

Chevrolet Bolt ၏ လူကြိုက်များနေသည့် အခြေအနေတွင် GM မှ ယခုကဲ့သို့ ဆုံးဖြတ်ချက်ချလိုက်ခြင်းသည် အနည်းငယ် ထူးဆန်းနေကြောင်း Mashable Website တွင် ဖော်ပြထားခဲ့သည်။ 

 

Advertisement 

Click Here >>> Fuji Aluminium

 

အဆိုပါ Bolt ကားမော်ဒယ်အား ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ထုတ်လုပ်ခဲ့ပြီး ပုံမှန်ယာဉ်မောင်းများအတွက် ခရီးရှည်သွားနိုင်သည့် ပထမဆုံးထုတ်လုပ်ခဲ့သည့် လျှပ်စစ်ကားအမျိုးအစားများထဲတွင် တစ်ခုအပါအဝင်ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် Bolt သည် အမေရိကန်တွင် အရောင်းရဆုံး လျှပ်စစ်ကား ဖြစ်လာခဲ့သည်။ 

 

ရင်းနှီးမြှုပ်နှံသူများထံသို့ ပေးပို့သည့် စာတမ်းတွင် GM ၏ ဥက္ကဌနှင့် CEO ဖြစ်သူ Mary Barra သည် ၂၀၂၃ ခုနှစ် ပထမသုံးလ အတွင်း ကုမ္ပဏီမှ လျှပ်စစ်ကား စုစုပေါင်း ၂၀,၀၀၀ တင်ပို့ ရောင်းချနိုင်ခဲ့ပြီး လျှပ်စစ်ကား ဈေးကွက်ရှယ်ယာ ၈% တိုးတက်လာကြောင်း ထည့်သွင်း ဖော်ပြထားခဲ့သည်။ 

 

 

အဆိုပါတိုးတက်မှု အတွက် စာတမ်းထဲတွင် Chevrolet Bolt EV နှင့် Bolt EUV တို့အား ပို့ဆောင်ရောင်းချနိုင်မှု နှင့် Cadillac LYRIQ အရောင်းမြှင့်တင်မှု၏ တတိယအကြိမ်မြောက် သုံးလပတ် စံချိန်တင်ခြင်းအား ဂုဏ်ပြုကြောင်း ရေးသားထားခဲ့သည်။ 

 

General Motors သည် Chevrolet၊ Buick၊ GMC နှင့် Cadillac ကားကုမ္ပဏီများ၏ မိခင်ကုမ္ပဏီဖြစ်ကာ ၂၀၂၂ ခုနှစ်အတွက် တစ်ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ရှယ်ယာ ၁၇.၂% ပိုင်ဆိုင်ထားခဲ့သည်။


Source - Mashable

Read 2518 times