Chevrolet cruze 2017


Chevrolet ၏ဒုတိယမျိုးဆက်ဖြစ်သည့် All-New Cruze သည် အရင်ထွက်ရှိခဲ့သည့် ပထမမျိုးဆက်က ကားများထက် ကိုယ်ထည်အချိုးပိုမိုလှပလာပြီး Aerodynamic ဖြစ်အောင်တည်ဆောက်ထားကြောင်း သိရသည်။

လေကာမှန်နှင့် နောက်ခန်းမှန်တို့ကို sport ဆန်ဆန်ခပ်ပြေပြေလေး ပြုလုပ်ပေးထားပြီး ကြော့ရှင်းမှုကို ပိုမိုပေါ်လွင်စေရန် ဘောနတ်နှင့် ကိုယ်ထည်တစ်လျှောက် လိုင်းလေးများထည့်သွင်းတည်ဆောက်ထားပါသည်။

ကိုယ်ထည်အချိုးအစားက အရင်မိုဒယ်များထက် ၂၅ မီလီမီတာ ပိုရှည်ပြီး ၁၀ မီလီမီတာ ပိုနိမ့်ပါသည်။

ဘီးဝင်ရိုးတန်းနှစ်ခုကြား အကွာအဝေး(wheel-base) အကွာအဝေးက ၂,၇၀၀ မီလီမီတာရှိပြီး ဆိုင်းထိန်းစနစ်များမှာ အလူမီနီယံသတ္တုကို ထည့်သွင်းအသုံးပြုထားသောကြောင့် အလေးချိန်ပေါ့ပါးပြီး အကောင်းဆုံးထိန်းချုပ်မောင်းနှင်မှုပုံစံကို ရရှိစေမည် ဖြစ်ပါသည်။

အတွင်းခန်းမှာ ယာဉ်မောင်းနှင့်ခရီးသည်များ သက်သောင့်သက်သာ မောင်းနှင်စီးနင်းနိုင်စေရန် ရှေ့ခန်း၊ နောက်ခန်းနှစ်ခုစလုံးကို ကျယ်ကျယ်ဝန်းဝန်းဖန်တီးပေးထားပါသည်။

ဒက်ရှ်ဘုတ်ပေါ်မှ Instrument Cluster ၏လိုင်းများက ရှေ့တံခါးနှစ်ချပ်နှင့် ပြေပြေပြစ်ပြစ် ပေါင်းစပ်သွားပါသည်။

ဒက်ရှ်ဘုတ်ဒီဇိုင်းက အပြင်ပိုင်းဒီဇိုင်းနည်းတူ တောင့်တင်းခိုင်မာမှုရသကဲ့သို့ ခံစားရစေပါသည်။

Chevrolet ၏နာမည်ကျော် MyLink Infotainment စနစ်အတွက် ခုနှစ်လက်မအရွယ် Touch Screen ကိုထည့်သွင်းပေးထားပါသည်။

ထိုမှတစ်ဆင့် ဖျော်ဖြေရေး၊ လမ်းပြမြေပုံစနစ်စသည်တို့ကို အလွယ်တကူအသုံးပြုနိုင်ပြီး Apple CarPlay နှင့် အဆင်ပြေပြေချိတ်ဆက်အသုံးပြုနိုင်မည် ဖြစ်ပါသည်။

၂၀၁၇ မိုဒယ် All-New Cruze မှာမျိုးဆက်သစ်နည်းပညာနှင့် တည်ဆောက်ထားသည့် 1.4L Turbocharged အင်ဂျင်ကို Auto Cylinder Block နှင့် Head များကို အလူမီနီယံနှင့် တည်ဆောက်ထားသောကြောင့် ယာဉ်အလေးချိန်ကို ပိုပြီးပေါ့ပါးသွားစေပါသည်။

အင်ဂျင်၏ စွမ်းဆောင်ရည်က မြင်းကောင်ရေ ၁၅၃ ကောင်အားရှိပြီး ယခင်မိုဒယ်များထက်ပိုပြီး ပေါ့ပါးသောကြောင့် စွမ်းဆောင်ရည်လည်း ပိုပြီး ကောင်းမွန်စေပါသည်။

စီးနင်းသူများ၏ လုံခြုံရေးအတွက် ကိုယ်ထည်ကိုကြံ့ခိုင်မှုအားကောင်းသည့် Steel ကိုအသုံးပြုထားပြီး မတော်တဆမှု တစ်ခုခုဖြစ်သည့်အခါ ခရီးသည်များကို ကာကွယ်မှု အပြည့်ပေးနို်င်စေရန် တည်ဆောက်ထားပါသည်။

ထိုင်ခုံများတွင် 3-Point Safety Belts များကိုတပ်ဆင်ပေးထားပြီး ယင်းခါးပတ်များက လိုအပ်ချိန်တွင် အလိုအလျောက်တင်းသွားပြီး စီးနင်းသူများကို ထိခိုက်မှုနည်းပါးအောင် ကာကွယ်ပေးထားပါသည်။

ထို့ပြင် ခေတ်မီလုံခြုံရေးစနစ်များဖြစ်သည့် Traction Control, Anti-lock Braking System, Electronic Stability Control, Rollover Mitigation နှင့် Tyre Pressure Monitoring စနစ်များကိုလည်း အသုံးပြုထားပါသည်။

၂၀၁၇ မိုဒယ် Chevrolet All-New Cruze ၏ စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၃၆၀၀၀ ၀န်းကျင်ဖြစ်ပြီး ၀န်ဆောင်မှုအနေဖြင့် သုံးနှစ် သို့မဟုတ် ကီလိုတစ်သိန်းအာမခံနှင့်ရောင်းချပေးလျှက်ရှိကြောငး် သိရသည်။

 

Read 1268 times