အားသွင်းစနစ် (Charging System)၊ အော်လ်တာနေတာ (Alternator) အလုပ်လုပ်ပုံနှင့် Charging မဝင်သည့်ပြသနာ


မော်တော်ယာဉ်တစ်စီးတွင် လျှပ်စစ်ပါဝါသုံးပစ္စည်းများအားလုံးနှင့် Control စနစ်များ အလုပ်လုပ်နိုင်ရန်အတွက် Power Supply လိုအပ်ပါတယ်။ Battery သည် ကားစက်ရပ်ထားချိန်တွင် သိုလှောင်ထားသော လျှပ်စစ်စွမ်းအင်ကို ထုတ်ပေးနိုင်သော်လည်း အင်ဂျင်လည်ပတ်နေချိန်တွင် ဒိုင်နမို (သို့မဟုတ်) အော်လ်တာနေတာမှ လိုအပ်သော လျှပ်စစ်ဓာတ်ကို ထုတ်လုပ်ပေးပါတယ်။ ဘက်ထရီကိုလည်း အားပြည့်နေစေရန် Charging သွင်းပေးပါတယ်။
ကားတစ်စီးတွင် မီးကြီးနှင့် အချက်ပြ မီးလုံးမျိုးစုံ၊ စက်နိုးမော်တာ၊ အခြားပါဝါ မော်တာမျိုးစုံ၊ ဝိုင်ဘာ၊ ဟွန်း၊ TV နှင့် Audio ပစ္စည်းများ၊ Air Con စနစ်များ၊ Ignition မီးပေးစနစ်များ၊ ကွန်ပျူတာစနစ်များ စသည်ဖြင့် လျှပ်စစ်ပါဝါသုံး စနစ်မျိုးစုံ ပါဝါပါတယ်။ ၎င်းပစ္စည်းများ ပုံမှန် အလုပ်လုပ်ရန်အတွက် လိုအပ်သော လျှပ်စစ်စွမ်းအင် အချိန်ပြည့် ရရှိစေရန်အတွက် အားသွင်းစနစ် (Charging System) က ဆောင်ရွက်ပေးသည်။

အားသွင်းစနစ်မှာတော့ ဒိုင်နမို (သို့မဟုတ်) အော်လ်တာနေတာ၊ ကတ်တောက်ရယ်ဂူလေတာ (သို့မဟုတ်) I.C Regulator ၊ ဘက်ထရီ ၊ ကေဘယ်ဝါယာ၊ Ignition Swith နှင့် Charging Lamp တို့ပါပါတယ်။ကားစက်နှိုး၍ အင်ဂျင်စက်လည်သည်နှင့် ဒိုင်နမိုပါ လိုက်လည်ပါတယ်။ ဒိုင်နမိုသည် ပုံမှန်အားဝင်နေပါက Charging lamp မီးနီ ပျောက်သွားပါတယ်။ အကယ်၍ ကားသွားနေစဉ် Charging lamp မီးနီ လင်းလာပါက ဒိုင်နမို အလုပ်မလုပ်တော့ကြောင်း အချက်ပြနေခြင်း ဖြစ်ပါတယ်။ ဘက်ထရီသို့ အားမဝင်တော့၍ သိုလှောင်ထားသော လျှပ်စစ်စွမ်းအင်များ တဖြည်းဖြည်း လျော့နည်းလာမည်။ ဤသို့ဖြစ်လျှင် ဒိုင်နမို (သို့မဟုတ်) အော်လ်တာနေတာ အား၊ ချို့ယွင်းချက်များ စမ်းသပ်ရှာဖွေ ပြုပြင်ရပ်မယ်။

ယခုခေတ်ပေါ်ကားများတွင် ဒိုင်နမိုမသုံးတော့ဘဲ AC/DC ဒိုင်နမိုခေါ် Alternator ကို သုံးစွဲလာပါတယ်။ Alternatorမှာ ဒိုင်နမိုထက်သာလွန်ကောင်းမွန်သော အချက်များရှိပါတယ်။ အင်ဂျင် slow လည်နေသော အချိန်၌ပင် Charging သွင်းအားကောင်းပါတယ်။ ဒိုင်နမိုထက် ကြာရှည်ခံနိုင်ရည်ရှိပြီး၊ မီးထွက်အားလည်း ကောင်းပါတယ်။Alternator သည် AC လျှပ်စစ်သာ ထုတ်ပေးသော်လည်း ကားတွင်သုံးနိုင်ရန်အတွက် ဒိုင်အုတ်များက AC ကို DC သို့ ပြောင်းပေးပါတယ်။ Alternator တွင် ပူးတွဲတပ်ဆင်ထားသော IC Regulator က ချာဂျင်စနစ်တစ်ခုလုံးတွင် လိုအပ်သော လျှပ်စစ်အမ်ပီယာပမာဏကို ထိန်းချုပ်ပေးပါတယ်။ Alternator ၏ လျှပ်စစ်ထုတ်လုပ်မှု ပမာဏအနည်းအများကို IC က အလိုအလျောက် ထိန်းညှိပေးပါတယ်။ ထို့ကြောင့် ဗို့အားများလာခြင်း၊ ဘက်ထရီအိုး ဆူပွက်ပြီး အိုဗာ Charging ဖြစ်ခြင်းတို့မှ ကာကွယ်ပေးပါတယ်။ ဘက်ထရီအိုဗာ Charging ဖြစ်ပါက ဘက်ထရီ ပျက်စီးတတ်ပါတယ်။

AC လျှပ်စစ်ကို ထုတ်ပေးတာကြောင့် Alternator လို့ခေါ်တာပါ။ အင်ဂျင်၏ လည်ပတ်အားကြောင့် ပန်ကာကြိုးမှတဆင့် Alternator လည်ပတ်ပြီး AC လျှပ်စစ်ဓာတ် ထုတ်လုပ်ပေးပါတယ်။ အခြေခံသဘောတရားမှာ စတေတာကွိုင် (Stator coil)ကို လည်ပတ်နေသော Rotor မှ ထွက်လာသော သံလိုက်စက်ကွင်းအားများ ဖြတ်သန်းခြင်းကြောင့် AC လျှပ်စစ်များ ထွက်လာခြင်း ဖြစ်ပါတယ်။ Rotor မှ သံလိုက်စက်ကွင်းအားပြင်းလျှင် လည်ပတ်နှုန်း (r.p.m) များလျှင် စတေတာကွိုင်မှ AC လျှပ်စစ် များများ ထွက်ပါတယ်။ Alternatorမှ ထွက်လာသော AC လျှပ်စစ်ကို ဒိုင်အုတ်အတွဲများက DC လျှပ်စစ်အဖြစ် ကူးပြောင်းပေးပြီး နောက်ဆုံးထွက်လာတဲ့ လျှပ်စစ်မှာ DC ဖြစ်ပါတယ်။

ထုတ်လုပ်သောကား ကုမ္ပဏီအလိုက် ဒီဇိုင်းပုံသဏ္ဍာန် အမျိုးမျိုး ကွဲပြားသော်လည်း အခြေခံ အလုပ်လုပ်ပုံသဘောတရားမှာ အားလုံးအတူတူပါပဲ။ လူစီးကားငယ်များတွင် 12 V စနစ်သုံးထားပြီး 12 V Alternator တပ်ဆင်ထားပါတယ်။ ဘတ်စ်ကားများနှင့် ကုန်ကားကြီးများတွင် 24 V စနစ်သုံး၍ Alternator သည်လည်း 24 Volt ဖြစ်ပါတယ်။ဒီဇယ်ကားများတွင် သုံးသော Alternator သည် ဓာတ်ဆီကား Alternator ထက် မီးထွက်အား ပိုကောင်းပြီး ပိုကြီးပါတယ်။ ထို့ပြင် ဒီဇယ်ကား Alternator တွင် Vacuum Pump ပါပူးတွဲတပ်ဆင်ထားပါတယ်။ ကားကြီးများတွင် မီးသုံးစွဲမှုများသဖြင့် ၎င်းတို့တွင် သုံးစွဲသော Alternatorသည် ပို၍ ထုထည်ကြီးမားပါတယ်။

မော်တော်ယာဉ် လျှပ်စစ်စနစ်တွင် အများဆုံး ဒုက္ခပေးသောအရာမှာ ဘက်ထရီချာဂျင်အား မဝင်သည့် ပြဿနာ ဖြစ်ပါတယ်။ အင်ဂျင်လည်တိုင်း ဒိုင်နမိုလည်ရသဖြင့် ဒိုင်နမိုသည် မကြာခဏ ချို့ယွင်းမှု ဖြစ်တတ်ပါတယ်။ ချို့ယွင်းမှုများ လျော့နည်းစေရန် ဒိုင်နမိုအစား Alternator ကို ပြောင်းလဲသုံးစွဲကြသော်လည်း ပျက်စီးမှုများ ရှိတတ်ပါတယ်။Alternator၏ လျှပ်စစ်ထုတ်လုပ်မှုပမာဏကို ထိန်းချုပ်ပေးသော IC Regulator သည် ပုံမှန်အလုပ်မလုပ်နိုင်ပါက မီးထွက်မမှန်ဖြစ်တတ်ပါတယ်။ တခါတရံ Alternator မှလုံးဝမီးမထွက် ဖြစ်တတ်ပါတယ်။ ဒိုင်အုပ်များ မကောင်းပါကလည်း မီးထွက်နည်းတတ်ပါတယ်။

Rotor သို့ လျှပ်စစ်ပေးသော ကာဗွန်ကျိုးနေတတ်ခြင်း၊ ကာဗွန်တိုနေခြင်း၊ ကြေးကွင်းစားနေခြင်းများ ဖြစ်ပါကလည်း Alternator မှ မီးမထွက်ပါ။ Rotor အထိုင် ဘောလ်ဘယ်ရင်များ စားသွားပါက Rotor နှင့် Stator Coil တို့ တိုက်မိတတ်ပါတယ်။Vacuum Pump နှင့်တွဲသုံးသော Alternator တွင် Oil seal မလုံပါက အင်ဂျင်ဝိုင်များ ကာဗွန်အထိုင်နှင့် ကြေးကွင်းနေရာသို့ ရောက်လာပြီး ဒုက္ခပေးတတ်ပါတယ်။Rotor တွင်ပတ်ထားသော ကွိုင်ဝါယာများသည် ကြာလာလျှင် ရှော့ခ် ဖြစ်တတ်ပါတယ်။ Stator Coil သည်လည်း ထိုကဲ့သို့ ရှော့ခ်ဖြစ်ခြင်း၊ Opened circuit ဖြစ်ခြင်းစသည့် အားနည်းချို့ယွင်းမှုပြဿနာများ ပေါ်တတ်ပါတယ်။ချာဂျင်အဝင်နည်းခြင်း၊ လုံးဝမဝင်ခြင်း၊ Alternator ချို့ယွင်းမှု တစ်စုံတစ်ရာရှိသည်ဟု သံသယဝင်ခြင်းများ ရှိလာပါက ကျွမ်းကျင်သော ဒိုင်နမို/မော်တာ ဆားဗစ်စင်တာများတွင် ပြသ၍ စစ်ဆေးပါ။ လိုအပ်ချက်များအရ ပြုပြင်ပါ။Alternator နှင့် Charging system တို့၏ အခြေခံသဘောတရားများကို သိရှိထားခြင်းဖြင့် ကားတစ်စီးစီး၏ လျှပ်စစ်ပိုင်းနှင့် သက်ဆိုင်သော ဖြစ်လေ့ဖြစ်ထရှိသည့် ချို့ယွင်းချက်များကို ကြိုတင်သိရှိပြီး အကောင်းဆုံး ပြုပြင်နိုင်ရေးအတွက် စဉ်းစားဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။

Source;မင်းသစ်ထူး (စက်မှု)

Read 1425 times