ဆဲလ်ဖုန်းနဲ့ ကားကို လှမ်းခိုင်းနိုင်တဲ့အဖြစ်ကို မရောက်ခင်မှာ-ကားရဲ့တိုးတက် လာတဲ့ဖြစ်စဉ်က ရှည်လျားလှပေမဲ့ အချိန်ကုန်လွန်လာတာနဲ့အမျှ နည်းပညာတွေ တိုးတက်မှုတွေက ပိုမိုမြန်ဆန်လာတယ်။ ပထမဆုံးကားကို ၁၈၈၆ တွင် Mercedes-Benz က တီထွင်ခဲ့သည်။ ထို့နောက် Henry Ford သည် ၁၉၀၈ တွင် Model T နှင့် ကားကို မည်သို့စီတန်းတပ်ဆင် တည်ဆောက်သည်ကို ပြသခဲ့သည်။
ကားကို ဂေါက်တံဖြင့် လှည့်ပြီး စက်နှိုးရသည့်အဖြစ်မှ ၁၉၂၂ တွင် လျှပ်စစ်မော်တာဖြင့် အင်ဂျင်ကို လှည့်ပေးပြီး စက်နှိုးသည့်အဖြစ်သို့ ရောက်ရှိခဲ့သည်။ သို့သော် ခလုတ်ကို ဖိထားပြီး မော်တာကို လှည့်ခိုင်းသည်။ စက်နှိုးသည့်အခါ ခလုတ်ဖိထားသည်ကို လွှတ်လိုက်သည်။ ထိုအခါ စက်နှိုးမော်တာ အလည်ရပ်သွားသည်။ သော့ဖြင့် စက်နှိုးသည့်အဖြစ်သို့ ၁၉၄၉ ခုနှစ်တွင် ရောက်ရှိအောင် Chrysler ကားက ပို့ပေးခဲ့သည်။ ၁၉၂၁ ခုနှစ်တွင် ကားထဲတွင် စီးကရက် မီးညှိဖို့ Cigarette lighter စတင်တပ်ဆင်ပေးနိုင်ခဲ့ကြသည်။
၁၉၃၀ တွင် ကားထဲသို့ ရေဒီယို ရောက်ရှိခဲ့သည်။ ပါဝါစတီယာရင်သည် ၁၉၅၁ ခုနှစ်နောက်ပိုင်းတွင် ပေါ်လာသည်။ ထို့နောက် Chrysler သည် လေအေးပေးစက်ကို ၁၉၅၃ တွင် စတင်မိတ်ဆက်သည်။ ၁၉၅၈ ခုနှစ်အစောပိုင်းတွင် ခရုဇ်ထိန်းချုပ်မှုပေါ်ပေါက်လာခဲ့သည်။ လက်ရှိသုံးနေသော ဒီဇိုင်းဖြင့် ထိုင်ခုံခါးပတ်သည် ၁၉၅၉ ခုနှစ်၌ Volvo ၏ ယာဉ်ပေါ်ပါသူ ဘေးကင်းရေးသည် ပထမ ဆိုသည့် မူဝါဒကျေးဇူးဖြင့် ကားထိုင်ခုံမှာ ခါးပတ်များ ပါလာသည်။
၁၉၆၀ ခုနှစ် နောက်ပိုင်းတွင် တံခါးမှန်အတင်အချကို မော်တာဖြင့် လုပ်ပေးသော ကားများ ရှိလာသည်။ မှန်သုတ်တံသည် အနှေးအမြန် အမျိုးမျိုး၊ ရပ်လိုက် သုတ်လိုက် ပြတ်တောင်းပြတ်တောင်း မှန်သုတ်သော မှန်သုတ်တံများ ( Wiper များ ) ပေါ်လာသည်။ ၁၉၇၁ ခုနှစ်တွင် Anti-lock brakes ပေါ်လာသည်။ ၁၉၇၄ တွင် ပထမဆုံးဒစ်ဂျစ်တယ် ဒတ်ရှ်ဘုတ် ပေါ်လာသည်။ လေအိတ်များသည် ၁၉၈၀ ပြည့်လွန်နှစ်များမှစတင်ကာ မပါမနေရ ဖြစ်လာခဲ့သည်။
၁၉၉၀ ပြည့်နှစ် နောက်ပိုင်းတွင် နည်းပညာက ကားကို လုံးဝပြောင်းလဲပစ်လိုက်သည်။ အရာရာမှာ ချစ်ပ်အသီးသီး ရှိနေပြီး ချစ်ပ်တို့သည် သင်ပေးထားသည့်အတိုင်း တသွေမတိမ်း လိုက်နာကာ တာဝန်ကျေကြသည်။ လေကာမှန်ပေါ် ရောင်စုံပုံရိပ်ချပေးပြီး စခရင်တစ်ခုအဖြစ်သုံးသော Head-Up Display ကို တိိုယိုတာက ကားပေါ်တင်ပေးလိုက်သည်။
အင်တာနက်နှင့် တည်နေရာပြ ဂျီပီအက်စ်တို့လည်း ကားပေါ်မှာ ရှိနေကြပြီ။ ယာဉ်မောင်းကို ကားက ကားကူမောင်းပေးသည့် ခရုစ်ကွန်ထရိုကို ပိုပိုကောင်းအောင် လုပ်ပေးကြသည်။ လေဆာရောင်ခြည်လွှတ်သော Laser Adaptive Cruise Control ကားတွေပေါ် ရောက်လာသည်။
ထို့ထက် သာသည်မှာ ကားက လူမလိုဘဲ သူ့ဘာသာသူ မောင်းတတ်သွားခြင်း ဖြစ်သည်။ အတော်အတန် စိတ်ချနေရပြီ ဖြစ်သော်လည်း တစ်စုံတစ်ရာ မှားခဲ့သော် ကားကုမ္ပဏီအနေဖြင့် သောက်သောက်လဲ လျော်ရကိန်း ရှိသဖြင့် လူပါမှာ ဖြစ်မယ်ဟု ဆိုနေကြသည်။
ကားမောင်းရတာ သိပ်မခက်တော့။ လမ်းစည်းကမ်းနဲ့အညီ မောင်းဖို့သာ ခက်သည်။ ကားမောင်းဖို့ လွယ်ရန်သာမက ကားရပ်ဖို့ လည်း မခက်ရအောင် ကားမှာ မျက်လုံးတွေ တပ်ပေးထားသော Parking Camera စနစ်ကို စတင်သုံးစွဲလာကြသည်။
Toyota က Lexus ကို တန်းမြင့်ကားအဖြစ် မွေးထုတ်လိုက်ပြီး မှတ်မှတ်ရရ 2006 LS 460 မှာ ကားက သူ့ဘာသာသူ ပါကင်ထိုးတတ်အောင် သင်ပေးထားတယ်။ Self Parking မှာ ယာဉ်မောင်းက ဘက်ဂီယာ ထိုးပေးလိုက်ပြီးခလုတ်နှိပ်ပေးလိုက် ရင် ကားက ပါကင်ထိုးပေးတယ်။
၂၀၀၇ ခုနှစ်မှာတော့ ယာဉ်မောင်းတစ်ဦးအဖို့ မမြင်ကွယ်ရာ ဖြစ်နေတဲ့ နေရာတွေကို ကားက ကြည့်ပေးတဲ့ Blind Spot Information System ကို Volvo က 2007 S80 sedan မှာ စသုံးစွဲခဲ့တယ်။ Mazda ကလည်း 2008 Mazda CX-9 မှာ သုံးပေးထားတယ်။ ကားတွေမှာ တပ်ထားတဲ့ ဟေလိုဂျင် halogen မီးလုံးတွေက မီးအား တအားစားတယ်။ LED ခေတ်ကို ရောက်လာတော့ ကားမီးလုံးတွေ LED တွေ ဖြစ်သွားကြပြီး မီးအား စားတာ တအား သက်သာတယ်။ လင်းတာကလည်း တအားလင်းတယ်။
တံခါးသော့ခတ်ထားသည်ကို ကားနား မရောက်ခင် ဖွင့်လို့ ရလာသည့်အပြင် ကားကို အဝေးမှ စက်နှိုးစက်သတ်လို့ ရနေပြီ။ စက်ကို မနှိုးခင်မှာ ကားက ကိုယ့်အခြေအနေကို ကိုယ်တိုင်စစ်သည်။ အင်ဂျင်ဝိုင် ရှိမရှိအပြင် အင်ဂျင်ဝိုင်မှာ ဖြစ်ပေါ်နေသည့် ဖိအားကိုပါ တိုင်းပြီး စစ်သည်။ ဘရိတ် ဂီယာတို့ကို စစ်သည်။ ဘက်ထရီ ဗို့အားကိုလည်း စစ်သည်။ ရှေ့စက်ဖုံး ဖုံးထားတာ ဟန်ကျပန်ကျ ဖြစ်မဖြစ် စစ်သည်။ အစစအရာရာ အိုကေနေမှ ကားက ကိုယ့်ကိုယ်ကိုယ် စက်နှိုးလိုက်မည် ဖြစ်သည်။
ထို့နောက် ကားထဲ သိပ်ပူနေလျှင် အဲကွန်း ဖွင့်ပေးထားလိုက်မည်။ အရမ်းအေးနေလျှင် အပူပေးစက် ဖွင့်ပေးထားလိုက်မည်။ ကားသခင်က တံခါးဆွဲဖွင့်ပြီး ကားထဲ ဝင်ထိုင်လိုက်သောအခါ ကားတွင်း အပူချိန်က အနေတော် ဖြစ်နေမည်။
စမတ်ဖုန်းတွေ အရမ်းတိုးတက်လာတဲ့အခါ ကားနဲ့ စမတ်ဖုန်း တွဲသုံးလို့ရအောင် လုပ်ပေးလိုက်ကြတယ်။ ၂၀၁၈ ခုနှစ်ကစလို့ စမတ်ဖုန်းနဲ့ ကားကို လှမ်းခိုင်းလို့ ရသွားတယ်။ ကားမှာ ကားသော့ဆိုတာ မရှိတော့ဘူး။ စမတ်ဖုန်းနဲ့ပဲ တံခါးသော့ကို ဖွင့်တယ်။ ပိတ်တယ်။ စက်နှိုးတယ်။ စက်သတ်တယ်။ ပေ ၃၀ အကွာအဝေးကနေ စမတ်ဖုန်းနဲ့ လှမ်းခိုင်းလို့ရအောင် လုပ်ပေးထားတယ်။