ကားတစ်စီးရဲ့ အင်ဂျင်ပါဝါ cc နဲ့ Hp ဆိုတာ ဘာလဲ


“1300 ပြောလိုပြော.. 1.3 ပြောလိုပြော" “ထောင်နဲ့ပြောလိုက် ပွိုင့်နဲ့ပြောလိုက် Engine Power က ဘယ်လို Unit တွေတုန်း?”

ပြောလို့သာပြောနေကျတယ် တချို့များ ဘာကြောင့် ဒီလိုပြောကြတယ်၊ဘယ်လိုတိုင်းတာ တယ်ဆိုတာကို မသိသူများ ဖြစ်နေတတ်ပါတယ်။ 1300 နဲ့ 1.3 ဘာကွာလဲ ဆိုတာကို အမှန်တကယ်ကို မသိသူ အများအပြား ရှိနေပါတယ်။ တကယ်တော့ ဒီ ယူနစ် ၂ ခုဟာ လွန်စွာရိုးရှင်းတဲ့ အခြေခံ ရူပဗေဒ ယူနစ်များပဲ ဖြစ်ပါတယ်။

1300 နဲ့ 1.3 ဘယ်လို ကွာခြားလဲ

Cubic Centimeter (သို့) cc (သို့) cm3 ဆိုတာ ထုထည် တိုင်းတာတဲ့ ယူနစ်ဖြစ်ပါတယ်။ ဒီမှာ တစ်ခု သတိထားရမှာက 1300 လို့ သုံးရာမှာ 1300cc ဖြစ်ပြီး 1.3 လို့ ဆိုရာမှာတော့ 1.3 L ဖြစ်ပါတယ်။ L ဆိုတာကတော့ Liter ပဲ ဖြစ်ပါတယ်။ 1 Liter = 1000 cc ဖြစ်ပါတယ်။ မိမိနှစ်သက်သလို သုံးစွဲနိုင်ပါတယ်။ သို့သော်လည်း အာရှနဲ့ ဥရောပမှာ 1300cc အင်ဂျင်လို့ သုံးစွဲလေ့ရှိပြီး အမေရိကန်နိုင်ငံနဲ့ အခြားနိုင်ငံ များမှာတော့ 1.3 L အင်ဂျင်ရယ်လို့ သုံးစွဲပါတယ်။

1300 နဲ့ 1.3 ဆိုတဲ့ ယူနစ် ၂ ခုရဲ့ ကွာခြားတဲ့ အခြေခံ သဘောတရားကို သိရှိပြီဆိုရင် အနည်းငယ် ပိုမိုခက်ခဲတဲ့ အကြောင်းအရာတွေကို လေ့လာကြည့်ရအောင်။ ရှေ့ဆက်မသွားခင် အရင်ဆုံး သိရှိဖို့ လိုအပ်တာကတော့ အဓိပ္ပါယ် ဖွင့်ဆိုချက်များပဲ ဖြစ်ပါတယ်။

အဓိပ္ပါယ် ဖွင့်ဆိုချက်များ

Displacement

Definition: the amount of air-fuel mix the engine can burn at a time.

ကဲဒါဆိုရင် 1300cc အင်ဂျင်လို့ပဲ ပြောပြော၊ 1.3L အင်ဂျင်လို့ပဲခေါ်ခေါ် ဒီယူနစ်တွေက ဘာကိုရည်ညွှန်းပါသလဲ။ cc (သို့) liter ယူနစ်နဲ့ ပြောနေကြတဲ့ ကိန်းဂဏာန်းဟာ အင်ဂျင်တစ်ခုရဲ့ Displacement ကို ရည်ညွှန်းခြင်း ဖြစ်ပါတယ်။ အရိုးရှင်းဆုံး အဓိပ္ပါယ်ဖွင့်ဆိုရင်တော့ အင်ဂျင်စလင်ဒါထဲက ပစ်စတင် (pistons) တွေရဲ့ လောင်စာနဲ့ အောက်ဆီဂျင် (လေ) တို့ရဲ့ ရောနှောလောင်ကျွမ်းမှု ပမာဏကို တိုင်းတာတဲ့ နှုန်းပဲဖြစ်ပါတယ်။ Displacement (cc) ဟာ အင်ဂျင်ရဲ့ ပါဝါကို တိုက်ရိုက်တိုင်းတာတဲ့ ယူနစ်မဟုတ်ပေမယ့် displacement များလေ အင်ဂျင်ပါဝါ ကြီးမားလေလို့တော့ အကြမ်းဖျင်း သတ်မှတ်လို့ ရပါတယ်။

Horsepower

Definition:the max power available from the engine.

အင်ဂျင် Displacement နဲ့ မြင်းကောင်ရေအား (သို့) Horsepower ၂ ခုစလုံးဟာ အင်ဂျင်တစ်လုံးကနေ ထုတ်လုပ်ပေးနိုင်တဲ့ “အား” (သို့) ပါဝါကို သွယ်ဝှိုက်သောနည်းဖြင့် အဓိပ္ပါယ် ဖွင့်ဆိုထားခြင်း ဖြစ်ပါတယ်။ သို့သော်လည်း တိုင်းတာသည့် ယူနစ်များ ကွာခြားသလို (cc နှင့် hp) အဓိပါ္ပယ်ခြင်းလည်း လွန်စွာမှ ကွာခြားပါတယ်။

Horsepower (သို့) မြင်းကောင်ရေအား ဆိုသည်မှာ အင်ဂျင်တစ်လုံး၏ အချိန်အတိုင်းအတာ တစ်ခုအတွင်း အလုပ်ပြီးမြောက်အောင် လုပ်ဆောင်နိုင်စွမ်းအား တိုင်းတာသည့် နှုန်းထားပင် ဖြစ်သည်။ 1 hp = 745.7 watts = 33,000 ft lb/min ဆိုလိုသည်မှာ မြင်းကောင်ရေ ၁ ကောင်အားသည် တစ်မိနစ်လျှင် ၇၄၅.၇ ဝပ် (သို့) ၃၃၀၀၀ ပေါင်-ပေ နှုန်းရှိသည့် “အား” ကို ဆိုလိုသည်။ ပိုမိုရှင်းလင်းအောင် ဆိုရမည်ဆိုလျှင် 1 hp =33000 ft lb/min ဆိုတာက ၃၃၀၀၀ ပေါင်ရှိတဲ့အလေးကို ၁ မီနစ်အတွင်း အမြင့်တစ်ပေ ကို တွန်းနိုင်တဲ့ စွမ်းအားပါ။

Displacement နှင့် Horsepower တို့၏ ဆက်နွယ်မှု အထက်မှာ ဖော်ပြထားတာကို ပြန်လည်ဆွေးနွေးကြည့်ရအောင်။ အင်ဂျင် Displacement နဲ့ မြင်းကောင်ရေအား (သို့) Horsepower ၂ ခုစလုံးဟာ အင်ဂျင်တစ်လုံးကနေ ထုတ်လုပ်ပေးနိုင်တဲ့ “အား” (သို့) ပါဝါကို သွယ်ဝှိုက်သောနည်းဖြင့် အဓိပ္ပါယ် ဖွင့်ဆိုထားခြင်း ဖြစ်ပါတယ်လို့ အစောက ပြောခဲ့ပါတယ်။

အင်ဂျင်ကြီးမားလေ၊ displacement ပိုများလေ အင်ဂျင်ရဲ့ မြင်းကောင်ရေအားလည်း ပိုများလေပါပဲ။ အင်ဂျင်ရဲ့ မြင်းကောင်ရေအား ပိုများလေ အင်ဂျင်ရဲ့ ပါဝါ ပိုကြီးလေ ဖြစ်ပါတယ်။ ဥပမာ - စလင်ဒါ ၄ လုံးပါ 1500cc (သို့) 1.5 L အင်ဂျင်ပါရှိတဲ့ Toyota Yaris ရဲ့ မြင်းကောင်ရေအားဟာ ၁၀၀ ကျော်သာ ရှိပေမယ့် စလင်ဒါ ၄ လုံးတပ် 2000 cc (သို့) 2.0 L အင်ဂျင် တပ်ဆင်ထားတဲ့ Audi A6 ကတော့ မြင်းကောင်ရေအား 211 hp ရရှိမှာ ဖြစ်ပါတယ်။

အင်ဂျင်တစ်လုံး၏ displacement နဲ့ horsepower တို့ဟာ ကိန်းဂဏာန်းအတိအကျနဲ့ တိုက်ရိုက်ဆက်နွယ်မှု မရှိပါဘူး။ တူညီတဲ့ displacement ရှိတဲ့ အင်ဂျင် ၂ လုံးဟာ မြင်းကောင်ရေအားမှာ ကွာခြားမှုရှိမှာသေချာပါတယ်။ အသုံးပြုတဲ့ ပင်စတင်ခေါင်း၊ နည်းပညာ၊ တာဘိုစနစ် စတာတွေအပေါ် မူတည်ပြီး တူညီတဲ့ displacement ရှိတဲ့ အင်ဂျင် ၂ လုံးရဲ့ မြင်းကောင်ရေအားဟာ ကွာခြားသွားပါလိမ့်မယ်။ ဒါပေမယ့် အလွယ်တွက်နည်း(ခန့်မှန်း) နဲ့ တွက်မယ်ဆိုရင်တော့ ၂၀၀၈ ခုနှစ် နောက်ပိုင်းမှာ ထုတ်လုပ်ထားတဲ့ ဓာတ်ဆီသုံးအင်ဂျင် တပ်ဆင်ထားတဲ့ မော်တော်ယာဉ်တွေမှာ ပျှမ်းမျှအားဖြင့် displacement 17 cc ဟာ 1 hp နဲ့ ညီမျှတယ်လို့ ဆိုနိုင်ပါတယ်။

Torque (သို့) အင်ဂျင်ရုန်းအား

Definition: 

the amount of force that the car applies at the wheels

Torque (သို့) အင်ဂျင်ရုန်းအား ဆိုသည်မှာ အင်ဂျင်တစ်လုံးက ထွက်ရှိလာတဲ့ ပါဝါကို ဘီးများထံမှတဆင့် လမ်းမပေါ်သို့ ရောက်ရှိတဲ့ ပမာဏကို ဆိုလိုပါတယ်။ နောက်တစ်နည်း ပြောရရင်တော့ torque ဆိုတာ အင်ဂျင်ပါဝါကို ဘီးတွေကတဆင့် လမ်းမပေါ်သို့ အရောက်ပို့လွှတ်ပြီး မော်တော်ယာဉ်အား တွန်းပို့ပေးသည့် ရုန်းကန်အားကို ဆိုလိုပါတယ်။

Torque ရဲ့ အရေးပါမှုကတော့ မြန်မာနိုင်ငံမှာ သိရှိသူ အလွန်နည်းပါးလှပါတယ်။ ကားတစ်စီးရဲ့ အင်ဂျင်ရုန်းအားကို စိတ်ဝင်စားသူ မရှိသလောက်ကို နည်းပါပေမယ့် ကားတစ်စီး၊ အထူးသဖြင့် စွမ်းရည်မြင့် ကားတစ်စီးကို ဝယ်ယူရာမှာ torque ကို သတိထားကြည့်ဖို့ များစွာလိုအပ်ပါတယ်။ အင်ဂျင်ပါဝါ ဘယ်လောက်ကောင်းကောင်း torque နည်းနေတဲ့ မော်တော်ယာဉ်တစ်စီးဟာ ရုန်းအားမကောင်းပဲ တာထွက်နှေးနေမှာ ဖြစ်သလို ဂီယာပြောင်းရာမှာလဲ တုန့်သွားတတ်ပါတယ်။ အထူးသဖြင့် red line လို့ ခေါ်တဲ့ အင်ဂျင်လည်ပတ်မှုနှုန်း (rpm) အမြင့်ဆုံး ဘယ်အချိန်မှာ ရောက်လဲပေါ်မူတည်ပြီး torque ရဲ့ လုပ်ဆောင်ချက်က ကားတစ်စီးရဲ့ ရွှေ့လျားမှုကို ထိန်းချုပ်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။

Torque ကို တိုင်းတာရာမှာ အင်ဂျင်လည်ပတ်နှုန်း အမြင့်ဆုံး ဘယ်လောက်မှာ ၁ ပေါင်အလေးချိန်ရှိတဲ့ “အား” ဟာ မျဉ်းဖြောင့်အနေအထား ၁ ပေ အကွာမှာရှိတဲ့ နေရာပေါ်သို့ အကျိုးသက်ရောက်တဲ့ ရုန်းကန်အားကို ဆိုလိုပါတယ်။ ဥပမာ 275 lb-ft @ 5400 rpm လို့ ဖော်ပြရပါတယ်။


ဥပမာ - မြင်းကောင်ရေအား 330 hp ရှိပြီး အင်ဂျင်ရုန်းအား 275 lb-ft @ 5400 rpm ရှိတဲ့ မော်တော်ယာဉ် တစ်စီးဟာ ပုံစံတူ၊ ဒီဇိုင်းတူ၊ အလေးချိန်တူညီတဲ့ မြင်းကောင်ရေအား 305 hp သာရှိပြီး အင်ဂျင်ရုန်းအား 300 lb-ft @ 5400 rpm ရှိတဲ့ မော်တော်ယာဉ်ကို တာအထွက်မှာ နာတစ်ဖျား အသာပေးရဖို့ များပါတယ်။ သို့သော်လည်း တာဝေးမှာတော့ ပိုများတဲ့ မြင်းကောင်ရေကြောင့် အသာစီး ပြန်ရနိုင်မှာ ဖြစ်ပါတယ်။


သတိပြုဖို့ကတော့ ကားတစ်စီးရဲ့ အမြန်နှုန်းကို တွက်ချက်ရာမှာ အထက်မှာ ဖော်ပြခဲ့တဲ့ Displacement ၊ Horsepower နဲ့ Torque ဆိုတဲ့ အချက် ၃ ချက်တည်းနဲ့ တွက်ချက်တိုင်းတာလို့ မဖြစ်နိုင်ပါဘူး။ ကားရဲ့ ပုံစံဒီဇိုင်း၊ အလေးချိန်၊ ဂီယာ၊ aerodynamics ဖြစ်မှုနဲ့ တာဘိုစနစ်တို့အပြင် အရေးကြီးဆုံးဖြစ်တဲ့ ယာဉ်မောင်းရဲ့ စွမ်းရည်နဲ့ ကျွမ်းကျင်မှုတို့အပေါ် များစွာမူတည်နေပါတယ်။

မမေ့ပါနဲ့ မည်မျှပင် အဆင့်မြင့်ပြီး စွမ်းဆောင်ရည်ကောင်းတဲ့ စူပါကားပင် ဖြစ်နေပါစေ၊ ယင်းမော်တော်ယာဉ်၏ စွမ်းဆောင်ရည်မှာ ယာဉ်မောင်းသူအပေါ်တွင် အများဆုံး မူတည်နေပါတယ်။ တကယ်တမ်းတော့ စူပါကားတွေ ဆိုတာလည်း စက်ပစ္စည်းများသာဖြစ်ပါတယ်။

Source: Myanmar Consumer Guide


 

Read 3802 times