ဂျပန်နှင့် ယူကေမှာ ကက်တာလစ်တစ် ကွန်ဗတ်တာ ခိုးယူမှု များပြား


ကက်တာလစ်တစ် ကွန်ဗတ်တာ catalytic converters သည် ကားအိပ်ဇောမှ ထုတ်လွှတ်မည့် ဓာတ်ငွေ့များတွင် ကျန်းမာရေး ထိခိုက်စေသည့် အဆိပ်အတောက်  ဓာတ်ငွေ့များ ဖယ်ရှားပေးသည့် အစိတ်အပိုင်း တစ်ခုဖြစ်သည်။
ကက်တာလစ် catalyst ဓာတ်ကူဓာတုပစ္စည်းများ ထည့်ပေးထားပြီး အဆိပ်အတောက်  ဓာတ်ငွေ့များကို ထိခိုက်မှု လျော့နည်းသည့် ဓာတ်ငွေ့များ အဖြစ်သို့ ပြောင်းလဲပေးခြင်းဖြင့် ကားကြောင့် ဖြစ်ပေါ်သောပတ်ဝန်းကျင် လေထုညစ်ညမ်းမှုကို လျော့နည်းစေပါသည်။

ရာဇဝတ်မှု နည်းပါးသော ဂျပန်နိုင်ငံတွင် ဖြစ်နေကျ မဟုတ်သော ခိုးမှုမျိုးကို ရဲတို့ ကြုံကြရသည်။
ဓာတ်ဆီနှင့် ဘက်ထရီ နှစ်မျိုးတွဲသုံးသော Toyota Prius တစ်စီး ခိုးခံရသည်။ ကားကို ပြန်ရှာတွေ့သောအခါ ကားမှ ကက်တာလစ်တစ် ကွန်ဗတ်တာ ဖြုတ်ခိုးထားကြောင်း တွေ့ရသည်။
"အခုလို ကားပစ္စည်း ခိုးတာမျိုး ဟောဒီ စီရင်စုမှာ ကျနော် တစ်ခါမှ မကြားဖူးဘူး" ဟု ရဲက ပြောပြသည်။

ထိုခိုးမှုမျိုးကို ြဗိတိန်နှင့် အမေရိကန် နိုင်ငံများတွင်လည်း ဖြစ်ပွားနေသည်။

ယခုလို ကက်တာလစ်တစ် ကွန်ဗတ်တာ ခိုးယူကြသည်မှာ အဖိုးတန်  မြေရှားသတ္တုများ ပါဝင်နေသောကြောင့် ဖြစ်သည်။
ကက်တာလစ်တစ် ကွန်ဗတ်တာတွင် သုံးစွဲသော ရိုဒီယမ် rhodium နှင့် ပလေဒီယမ် palladium သတ္တုနှစ်မျိုးသည် ပလက်တီနမ် အုပ်စုဝင် သတ္တုများ ဖြစ်ကြသည်။ နဂိုကတည်းက ဈေးကြီးပြီးသား သတ္တုများ ဖြစ်ကြပြီး ယခုအခါ ဈေးထပ်တက်သည်။
မော်တော်ယာဉ်မှ ကက်တာလစ်တစ် ကွန်ဗတ်တာတွင် အဆိုပါသတ္တုနှစ်မျိုး ဂရမ်အနည်းစီ ထည့်ပေးထားသည်။ ထိုသတ္တုနှစ်မျိုးကို ပြန်ရောင်းစားရန် ကက်တာလစ်တစ် ကွန်ဗတ်တာကို ခိုးယူနေကြခြင်း ဖြစ်သည်။

အလွန်ရှားပါးသော ရိုဒီယမ် ဈေးနှုန်းသည် ၂၀၂၀ ပြည့်နှစ် ဇွန်လနောက်ပိုင်းတွင် ဈေးထိုးတက်သွားသည်။ ပြီးခဲ့သည့် မတ်လတွင် ၁ ထရွှိုင်အောင်စ troy ounce ကို အမေရိကန်ဒေါ်လာ ၃၀,၀၀၀ အထိ စံချိန်သစ်တင်သည့် ဈေးနှုန်းသို့ ရောက်ရှိသည်။ 

၁ ထရွှိုင်အောင်စသည် အဖိုးတန်သတ္တုများကို တိုင်းတာသည့်အခါ သုံးစွဲသည့် အလေးချိန် ဖြစ်ပါသည်။
၁ ထရွှိုင်အောင်စသည် 1.09714 အောင်စနှင့် ညီမျှသည်။ ရွှေ ၁ အောင်စ ကမ္ဘာ့ပေါက်ဈေးမှာ အမေရိကန်ဒေါ်လာ  ၁၈၀၀ ဝန်းကျင်ဖြစ်ပါသည်။
၁ ထရွှိုင်အောင်စသည်  အကြမ်းအားဖြင့် ၃၁ ဂရမ်နှင့် ညီမျှသည်။

ပလေဒီယမ်သည် မေလက အမေရိကန်ဒေါ်လာ ၃,၀၀၀ ကျော်သည်အထိ ဈေးမြင့်တက်လာသည်။

သို့ဖြစ်ရာ ရိုဒီယမ်နှင့် ပလေဒီယမ် နှစ်မျိုးစလုံး ရွှေထက် ဈေးကြီးကြသည်။ 

ကိုဗစ်ကြောင့် မြေရှားသတ္တုများ ထုတ်လုပ်မှု၊ သန့်စင်မှုနှင့် တင်ပို့မှုများ ကမောက်ကမ ဖြစ်နေသဖြင့် မြေရှားသတ္တုများ ဈေးထိုးတက်ကုန်သည်။
ယူကေမှ အမျိူသားရဲတပ်ဖွဲ့ ရဲချုပ်များ ကောင်စီ National Police Chiefs' Council မှ ထုတ်ပြန်သော အစီရင်ခံစာတွင် မတ်လ၌ ကက်တာလစ်တစ် ကွန်ဗတ်တာ ခိုးမှု အထွတ်အထိပ်ရောက်ခဲ့ပြီး အမှုဖွင့်ခဲ့ရသော ကြိမ်ရေ ၃,၂၀၀ ကျော် ရှိခဲ့သည်။  ဒီဇင်ဘာလတွင် အမေရိကန်၌ အမှုဖွင့်ခဲ့ရသော ကြိမ်ရေ ၂,၃၀၀ ကျော် ရှိခဲ့သည်ဟု National Insurance Crime Bureau မှ ထုတ်ပြန်သော အချက်အလက်များတွင် ဖော်ပြထားသည်။


ကက်တာလစ်တစ် ကွန်ဗတ်တာ တစ်ခုတွင် သုံးစွဲရသော ပလက်တီနမ်အုပ်စုဝင် သတ္တုများ၏ တန်ဖိုးသည် လွန်ခဲ့သည့် ၃ နှစ်က အမေရိကန်ဒေါ်လာ ၁၀၀ ဝန်းကျင် ဖြစ်ပြီး ယခုအခါ အမေရိကန်ဒေါ်လာ ၈၀၀ ဝန်းကျင် ဖြစ်လာသည်။

ကက်တာလစ်တစ် ကွန်ဗတ်တာအဟောင်းဈေးမှာ ယခုနှစ် နှစ်ဆန်းပိုင်းတွင် အမေရိကန်ဒေါ်လာ ၅၀ မှ ၂၅၀ အထိ ရှိသည်။

ရိုဒီယမ်နှင့် ပလေဒီယမ် နှစ်မျိုးစလုံး ယခူအခါ ဈေးပြန်ကျလာပြီ ဖြစ်သော်လည်း အလုံအလောက် မရရှိသေးပေ။
ကားထုတ်လုပ်မှုများ ချစ်ပ်ရှားပါးမှုကြောင့် စီးရေ လျှော့ထုတ်နေသဖြင့် ကက်တာလစ်တစ် ကွန်ဗတ်တာအတွက် သတ္တုများ ဝယ်လိုအား လျော့ကျနေသည်ကြောင့်လည်း သတ္တုများ ဈေးကျခြင်း ဖြစ်သည်။

asia.nikkei.com

Read 25910 times