ကျပ်သိန်း ၁၀၀ ဝန်းကျင်Suzuki Carry နဲ့ Daihatsu Hijet ထရပ်ကား အငယ်စားများ


Daihatsu Hijet

Daihatsu ကုမ္ပဏီကထုတ်တဲ့ Kei ကားအမျိုးအစား Hijet ကို Pick-up အဖြစ်နဲ့တင်မကဘဲ Microvan အနေနဲ့လည်း ထုတ်လုပ်ထားပါတယ်။

Hijet ဆိုတဲ့အမည်ကိုတော့ Toyota ကားတွေဖြစ်တဲ့ Hiace နဲ့ Hilux တို့ကို ပေါင်းစပ်ပြီး အမည်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

Daihatsu Hijet ကို ၁၉၆၀ ပြည့်နှစ်မတိုင်ခင်က ထုတ်လုပ်ခဲ့တဲ့ သုံးဘီးကား Midget နေရာမှာ အစားထိုးခဲ့တာ ဖြစ်ပါတယ်။

ဂျပန်ပြည်တွင်းဈေးကွက်မှာ hijet ရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ တခြား Kei ကားတွေကတော့ Honda Acty ၊ Subaru Sambar ၊ Mitsubishi Minicab နဲ့ Nissan Clipper တို့ဖြစ်ပါတယ်။

အင်ဂျင်အမျိုးအစား

Hijet Pick-up ကို Kei ကားအနေနဲ့ ထုတ်လုပ်ထားတဲ့အတွက် အင်ဂျင်ပါဝါ ၆၆၀ စီစီဖြစ်ပြီး 2WD ၊ 4WD နှစ်မျိုးစလုံးနဲ့ ထုတ်လုပ်ထားပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

Hijet Pick-up ကို ၁၉၆၀ ပြည့်နှစ်ကတည်းက ထုတ်လုပ်ခဲ့တာဖြစ်ပြီး ၂၀၁၆ မော်ဒယ်အထိ မျိုးဆက် ၁၀ ဆက်အထိ ရှိခဲ့ပြီ ဖြစ်ပါတယ်။

နောက်ဆုံးမျိုးဆက်ကို ၂၀၀၄ ခုနှစ်က စတင်ထုတ်လုပ်ခဲ့တဲ့အတွက် ၂၀၀၄ မော်ဒယ်မှာ ရုပ်ပြောင်းသွားသလို နောက်ပိုင်းထုတ်လုပ်တဲ့ ၂၀၀၇ မော်ဒယ်ကားတွေမှာတော့ ဘက်မှန်မှာ ကြွက်နားရွက် ပါသွားပါတယ်။

လုပ်ငန်းသုံးကားတွေဖြစ်တဲ့အတွက် အတွင်းခန်းဖွဲ့စည်းပုံ ရိုးရှင်းပြီး ရေဒီယိုနဲ့ စတူဒီယိုစနစ် စပီကာ နှစ်လုံးပဲ ပါရှိပါတယ်။

Hijet Jumbo ကတော့ ခေါင်မြင့်ပြီး တစ်ခန်းခွဲကားတွေလိုမျိုး နောက်ခန်းမှာ ပစ္စည်းထည့်ဖို့အခန်းငယ်တွေ ပါလာပါတယ်။

Hijet မှာ Auto ဂီယာ၊ ပါဝါစတီယာရင်၊ အဲကွန်းစတာတွေ ပါရင် ဂရိတ်အပြည့်ဖြစ်ပြီး ဂရိတ်မပြည့်တဲ့ကားတွေမှာ အဲကွန်းပါပြီး ပါဝါစတီယာရင် မဖြစ်ပါဘူး။

ဂရိတ်အနိမ့်ဆုံးမှာတော့ အဲကွန်းလည်းမပါသလို ပါဝါစတီယာရင်လည်း မဖြစ်ပါဘူး။

ဈေးနှုန်း

Daihatsu Hijet မှာ မော်ဒယ်၊ ရန်ကုန်လိုင်စင်နဲ့ နယ်လိုင်စင်၊ ဂရိတ်ပြည့်/ မပြည့်နဲ့ အက္ခရာ၊ ကားအခြေအနေအပေါ် မူတည်ပြီး ကျပ် သိန်း ၉၀ ကနေ ၁၃၀ အထိ ရှိပါတယ်။

Suzuki Carry

ခွေးဘီလူးကားလို့ လူသိများတဲ့ Suzuki Carry က Diahatsu Hijet ပြီးရင် လူကြိုက်အများဆုံး ဖြစ်ပါတယ်။

ဒါကြောင့်လည်း Mitsubishi Mini Cab ၊ Nissan Clipper ၊ Sabura Sambar ၊ Honda Acty ၊ Mazda Scrum တို့ထက် ဈေးပိုများပြီး အရောင်းအဝယ်ဖြစ်ဖို့လည်း လွယ်ကူပါတယ်။

Suzuki Carry ကို ၁၉၆၁ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့တဲ့အတွက် သက်တမ်းအတော်ကြာပြီဖြစ်ပြီး မျိုးဆက် ၁၀ ခုအထိ ရှိပြီဖြစ်ပါတယ်။

ထုတ်လုပ်တဲ့နိုင်ငံအပေါ်မူတည်ပြီး ကားပုံစံ၊ အင်ဂျင်ပါဝါနဲ့ ဂရိတ်တွေ ကွာခြားသွားပါတယ်။

Suzuki Myanmar Motor ကနေ ထုတ်လုပ်တဲ့ Suzuki Carry ကတော့ ဂျပန် Domestic ကားတွေနဲ့ယှဉ်ရင် ဂရိတ် တော်တော်နိမ့်ပါတယ်။

အိန္တိယနိုင်ငံမှာလည်း Suzuki Carry ကို Maruti Carry ဆိုပြီး ထုတ်လုပ်ပေမဲ့ ဂျပန်ပြည်တွင်းထုတ်ကားတွေလောက်တော့ အရည်အသွေးမကောင်းပါဘူး။

အင်ဂျင်အမျိုးအစား

Suzuki Carry ကို 2WD ၊ 4WD နှစ်မျိုး ထုတ်လုပ်ထားသလို Auto/ Manual Gear နှစ်မျိုးစလုံးနဲ့ လာပါတယ်။

ဂျပန်ကနေ တင်သွင်းခဲ့တဲ့ကားတွေကတော့ အင်ဂျင်ပါဝါ ၆၆၀ စီစီဖြစ်ပြီး Chassic က DA63T ဖြစ်ပါတယ်။

အပြင်ပိုင်းနဲ့ အတွင်းခန်း အပြင်အဆင်

Suzuki Carry နဲ့ Mazda Scrum တို့က Logo ကလွဲလို့ ပုံစံချင်း ဆင်ပါတယ်။

Suzuki Carry ကို Van Type အနေဖြင့် Suzuki Every ဆိုပြီး လူစီးကားနဲ့ Delivery Van အဖြစ် ထုတ်လုပ်ထားတာ ရှိပါတယ်။

နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ ၂၀၁၃ မော်ဒယ်မှာ ရုပ်ပြောင်းသွားပြီး ဒီမှာတော့ တင်သွင်းတဲ့ကား ရှားပါးပါတယ်။

Suzuki Carry ကို မြို့တွင်းသုံးဖို့အတွက် Auto Gear ကို ရွေးချယ်တာများပြီး နယ်မှာသုံးမယ့်သူတွေအတွက်တော့ ဈေးသက်သာတဲ့ Manual Gear ကို ရွေးချယ်ကြပါတယ်။

Suzuki Carry က တစ်ခြား Kei Truck တွေလို ဂရိတ်အပြည့်ဖြစ်တဲ့ Auto Gear ၊ Aircon ၊ Power Steering နဲ့လာသလို Auto Gear လည်းမဖြစ်၊ Power Steering လည်းမဟုတ်၊ Aircon လည်းမပါတဲ့ ဂရိတ်အနိမ့်နဲ့လည်း လာပါတယ်။

နောက်ပြီး Aircon ပါပြီး Power Steering မဖြစ်၊ Power Steering ဖြစ်ပြီး Aircon မပါတဲ့ ဂရိတ်တစ်ခြမ်းနဲ့လည်း လာပါတယ်။

ဒါကြောင့် ဂရိတ်ပြည့်တဲ့ကားနဲ့ ဂရိတ်မပြည့်တဲ့ကားကြားမှာ ဈေးကွာဟချက်လည်း များပါတယ်။

ဈေးနှုန်း

Suzuki Carry က Mini Truck တွေထဲမှာ Hijet ပြီးရင် ဈေးအမြင့်ဆုံးဖြစ်ပြီး ဂရိတ်၊ မော်ဒယ်၊ အက္ခရာနဲ့ လိုင်စင်အပေါ်မူတည်လို့ ကျပ်သိန်း ၈၀ ကနေ ၁၂၀ ကြား ရှိပါတယ်။

Read 4593 times