တစ်ပတ်ရစ်ကားတွေအတွက် ကောလိပ်ကျောင်းသား ၃ ယောက် ထူထောင်တဲ့ ဒေါ်လာ ၁ ဘီလျံ စီးပွားလုပ်ငန်း


တစ်ပတ်ရစ်ကားတွေအတွက် ကောလိပ်ကျောင်းသား ၃ ယောက် ထူထောင်တဲ့ ဒေါ်လာ ၁ ဘီလျံ စီးပွားလုပ်ငန်း

အာရှပစိဖိတ်ဒေသမှာ ကြီးထွားနှုန်း အမြန်ဆုံး လုပ်ငန်းသစ်တွေထဲမှာ တစ်ခု အပါအဝင်ဖြစ်တဲ့  Carro ရဲ့ ပူးတွဲထူထောင်သူနဲ့ စီအီးအိုက လုပ်ငန်းကို စတော့အိပ်ချိန်းမှာ စာရင်းတင်ပြီး ရှယ်ဘာများ ရောင်းချကာ အများပိုင်ကုမ္ပဏီအဖြစ်သို့ ကူးပြောင်းမယ်လို့ အသိပေး ပြောကြားပါတယ်။
 ဂျပန်မှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီး Softbank အပါအဝင် ရင်းနှီးမြှုပ်နှံသူတွေ ကျောထောက်နောက်ခံပြုပေးထားတဲ့အတွက် အရှိန်တင်ပြီး မောင်းနှင်တော့မှာ ဖြစ်ပါတယ်။
စီအီးအို Aaron Tan က CNBC  သတင်းမီဒီယာကို ပြောကြားတာမှာ "မေးခွန်းက ဘာလဲဆိုတော့ အခု ကျွန်တော်တို့က တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဘီလျံကို ရောက်နေတယ်။ ဒီတော့ ၁၀ ဘီလျံကို ကျွန်တော်တို့ ရောက်ဖို့ ဘယ်လို လုပ်ကြမလဲ။ ဘီလျံ ၁၀၀ ကို ရောက်ဖို့ ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ" လို့ ဆိုပါတယ်။

Carro ဆိုတဲ့အမည်က  “car hero” ကို နှစ်လုံး တစ်လုံးပေါင်းပြီး အတိုကောက်ပြုကာ အမည်ပေးထားကြတာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှ အွန်လိုင်း မော်တော်ယာဉ် ဈေးခင်းတစ်ခု ဖြစ်ပြီး ကားအရောင်းအဝယ်လုပ်တာမှာ လွယ်ကူအောင် ဉာဏ်ရည်တု နည်းပညာသုံးစွဲပြီး လုပ်ကိုင်နိုင်အောင် ဒီဇိုင်း ထုတ်ပေးထားပါတယ်။ 
၂၀၁၅ ခုနှစ်မှာ ကောလိပ်ကျောင်းသား သူငယ်ချင်း သုံးယောက်ဖြစ်ကြတဲ့ Aaron Tan ၊ Aditya Lesmana ၊ Kelvin Chng တို့က Carro ကို  ပူးတွဲထူထောင်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဇွန်လမှာ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၃၆၀ ထပ်မံရရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဘီလျံတန်တဲ့ ကုမ္ပဏီအဖြစ်သို့ ရောက်ရှိပါတယ်။ 

Carro  အွန်လိုင်း ဈေးခင်းရဲ့ အဓိက ပြိုင်ဘက်တွေက မလေးရှားမှ Carsome နဲ့ ဂျာမနီမှ Carmudi တို့ ဖြစ်ပါတယ်။ 

 

 

ယခုအခါ အသက် ၃၃ နှစ် ရှိပြီဖြစ်တဲ့ Aaron Tan က အသက် ၁၃ နှစ်မှာ စင်ကာပူနိုင်ံရဲ့ ဆယ်ကျော်သက်တစ်ဦးအဖြစ် ကြီးပြင်ခဲ့ရင် အပိုအသုံးစရိတ်ဖို့ သူက ဝဘ်ဆိုက်တွေ တည်ဆောက်ပေးပြီး ဝန်ဆောင်ခ ရယူပါတယ်။ အပ်ထည် အဖြစ် ဆောက်လုပ်ပေးတာတွေ ရှိသလို သူက အသင့်တည်ဆောက်ပေးထားပြီးသားကို ရောင်းတာလည်း ရှိပါတယ်။
နောက်တော့ သူက အမေရိကန်မှာ အရဲစွန့်ရင်းနှီးမြှုပ်နှံသူတစ်ဦး ဖြစ်လာပါတယ်။ 
ကားရောင်းဝယ်ရေးကို ဝါသနာကြီးတဲ့သူဆိုတော့ ကိုယ်ပိုင်လုပ်ငန်းထူထောင်ပြီး အရဲစွန့် ရင်းနှီးမြှုပ်နှံဖို့ စိတ်ကူးရတယ်။ 
"ကျွန်တော်က အမေရိကန်မှာ အရဲစွန့် ရင်းနှီးမြှုပ်နှံသူအဖြစ် နှစ်အတန်ကြာ လုပ်ကိုင်နေစဉ်မှာ ကားကုမ္ပဏီ အမျိုးမျိုးနဲ့ ကျွန်တော် ဆုံတွေ့ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ကောင်း‌ကောင်းမှတ်မိနေတယ်။ Beepi ၊ Uber ၊ DriveShift  စတာတွေနဲ့ တွေ့ဖြစ်ပါတယ်။ သူတို့ လုပ်ကိုင်နေတဲ့ နယ်ပယ်ထဲမှာ အဟုန်ကောင်းနေတာ ကျွန်တော် တွေ့ခဲ့ပါတယ်"

အမေရိကန်မှာ ကားအဟောင်း ပြန်ရောင်းတာ ငွေဝင်လမ်းဖြောင့်တာ မှန်ပေမဲ့ အရှ့တောင် အာရှမှာ ဖြစ်နိုင်မှာလား။ ရောင်းသူနဲ့ ဝယ်သူတို့အကြား အလယ်မှာ ဝင်ကစားတဲ့ ပွဲစားတွေထားပြီး တစ်ပတ်ရစ်ကားတွေ ရောင်းကြတယ်ကြတာ ဆိုတော့ ရောင်းသူဝယ်သူ တိုက်ရိုက် တွေ့ဆုံပေးပြီး အရောင်းအဝယ် လုပ်ခိုင်းလို့ ဖြစ်နိုင်မှာလား။ ကားရောင်းချင်တဲ့ ကားပိုင်ရှင်က ကိုယ်တိုင် မရောင်းဘူး။ ပွဲစားတွေလက်ထဲ ကားကို အပ်လိုက်ကြတယ်။
အဲဒီလို လုပ်ကိုင်တာကို Tan  က ပြောင်းလဲပေးလိုတယ်။
၂၀၁၅ ခုနှစ်မှာ စင်ကာပူကို သူ ပြန််လာတယ်။  ကွန်ပျူတာသိပ္ပံဘာသာရပ် သင်ယူစဉ် ကောလိပ်အတူတက်ခဲ့တဲ သူငယ်ချင်းနှစ်ယောက်နဲ့အတူ စလုံးရေ စလိုက်တယ်။ 

ဒစ်ဂျစ်တယ်နည်းလမ်းတွေကို အားကိုးပြီး သုံးစွဲချင်ကြတဲ့ လူလတ်တန်းစားအလွှာမှာ လူဦးရေ ပိုများလာတယ်။ အဲဒီလူဦးရေထဲမှာ ဈေးနှုန်းကို အရမ်းဂရုစိုက်တဲ့သူတွေ ရှိနေပြီး သူတို့က တစ်ပတ်ရစ်ကားကို ဝယ်စီးလိုကြတယ်။ 

ကားဈေးခင်း Carro ကို ၂၀၁၉ မှာ စင်ကာပူအတွက် ကားရောင်းဝယ်ရေး ဝန်ဆောင်မှု အဖြစ် စတင်လိုက်တယ်။

"အရှေ့တောင်အာရှ လူလတ်တန်းစား အလွှာမှာ ကားပိုင်တဲ့သူ နည်းနေတာကြောင့် သူတို့ကို တစ်ပတ်ရစ်ကားတွေ ရောင်းချဖို့ အခွင့်သာနေစေပါတယ်။ အဲဒီအချက်က တစ်ပတ်ရစ်ကားဈေးကွက်ကို အသက်ဝင်နေစေပါတယ်" လို့  Euromonitor မှ အကြံပေး Justinas Liuima က CNBC သတင်းမီဒီယာကို ပြောပြတယ်။

Carro က စင်ကာပူအပြင် အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှားတို့ကိုပါ ချဲ့ထွင်လုပ်ကိုင်တယ်။

 

 


အရောင်းအဝယ်ကိစ္စများသာမက အာမခံကိစ္စ၊ ဘဏ်ချေးငွေကိစ္စ၊ ကားပြုပြင်ထိန်းသိမ်းရေးကိစ္စတို့ကိုပါ ဝန်ဆောင်မှုများ ပေးအပ်တယ်။ 
လစဉ်ကြေးဖြင့် ကားအငှား ဝန်ဆောင်မှုကို စတင်ခဲ့တယ်။ လစဉ်ကြေးမှာ အခွန်အခ၊ အာမခံချက်၊ ပြုပြင်ထိန်းသိမ်းရေး စတဲ့ စရိတ်စကတွေ တစ်ပါတည်း ပါပြီးသား ဖြစ်ပါတယ်။ ဒီတော့ လစဉ်‌ကြေး မှန်မှန် ပေးသွင်းနေရုံဖြင့် ကားတစ်စီး ပိုင်ထားသလို ဖြစ်နေစေတယ်။

၂၀၂၀ မှာ ကိုဗစ် ကပ်ရောဂါ ကျရောက်ပါတယ်။ လုပ်ငန်းအများအပြားတို့ တုံ့ဆိုင် ကုန်ကြတယ်။ Carro  အဖို့တော့ အခွင့်အလမ်း ဖြစ်ပါတယ်။
လူအများနဲ့အတူ ဘတ်စ်ကားစီးတာ၊ ရထားစီးတာတွေကို  ရှောင်ချင်ကြလို့ Carro ထံမှာ ကားငှားစီးကြတယ်။ တတ်နိုင်တဲ့သူက တစ်ပတ်ရစ်ကား ဝယ်စီးကြတယ်။ 
ကားအသစ် ထုတ်လုပ်ရေးကဏ္ဍမှာ ချစ်ပ်နဲ့ ယာဉ်ပစ္စည်း ပြတ်လပ်လို့ စီးရေ လျှော့ထုတ်ကြရတယ်။ ကားအသစ်တွေ ထပ်ရောက်မလာဘူး၊ ဒီတော့ တစ်ပတ်ရစ်ကားတွေ ဝယ်စီးကြတယ်။ နောက်တစ်ချက်က အွန်လိုင်းမှာ ရောင်းတာဝယ်တာတွေ ပိုလုပ်လာကြတယ်။
အဲဒီပြောင်းလဲချက်တွေက  Carro  က ပေးအပ်နေတဲ့ ဝန်ဆောင်မှုများနဲ့ အံကိုက်ပဲ။

လူချင်းထိတွေ့မှု မရှိဘဲ ကားဝယ်လို့ ရအောင် Carro  က စီစဉ်ပေးတယ်။ အများသုံး ယာဉ်ရပ်နားရန် နေရာမှာ ဝယ်ဖို့ လာကြည့်မယ့်ကားကို ရပ်ပေးထားတယ်။ တည်ရာလိပ်စာကို အွန်လိုင်း အသိပေးလိုက်တယ်။  QR code ပေးထားတယ်။ ကားမှာ ရှိတဲ့  QR code ကို ဖုန်းနဲ့ဖတ်ပြီး ကားကို တံခါးဖွင့်ဝင်ကာ အစမ်း‌မောင်းကြည့်လို့ ရတယ်။ 

၂၀၂၁ မတ်လမှာ Carro ရဲ့ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် စံချိန်တင် ရရှိခဲ့ပါတယ်။ 

 

 

Read 5413 times