ကားဘီးပေါက်လျှင် မတိမ်းမှောက်စေဖို့


အဝေးပြေးလမ်းများတွင် ကားတာယာရုတ်တရက် ပွင့်/ပေါက်ခြင်းသည် ယာဉ်မောင်းများအတွက် အသက်အန္တရာယ်များဆုံး မတော်တဆဖြစ်ရပ်များတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။

HILUX SURF, PRADO, LAND CRUISER စသော 4×4 SUV အမြင့်ကားများအတွက် အဆိုပါတာယာပွင့်ခြင်းများ ပို၍ဆိုးပါသည်။ အခြားကားများ တာယာပွင့်လျှင် ထိန်း၍ရနိုင်သောလည်း 4×4 SUV အမြင့်ကားများ တာယာပွင့်လျှင် တိမ်းမှောက်ရန် ၉၀% သေချာသည်။

ယခုခေတ် အဆင့်မြင့် နည်းပညာများကြောင့် တာယာပွင့်ထွက်မှု အကြိမ်ရေလျော့နည်း လာသော်လည်း ယာဉ်မောင်းများ၏ အသက်အန္တရာယ်ကို ချိန်းခြောက်ဆဲဖြစ်သည်။ ထို့ကြောင့် ``ရုတ်တရက်တာယာပွင့်ခဲ့လျှင်´´ဆောင်ရွက်ရန် အောက်ပါအချက်(၆)ချက်ကို အကြံပြုအပ်ပါသည်။

၁။ စိတ်ချရသော သတ်မှတ်အရှိန်နှုန်းအောက်တွင်သာ မောင်းနှင်ပါ

တာယာပွင့်စဉ်အရှိန်လျော့နည်းလေ သင့်အသက်ရှင်ရန် အခွင့်အလမ်းများလေ ဖြစ်သည်။ 80 မှ 90 km/h နှင့် 120 မှ 140 km/h အရှိန်နှုန်းနှစ်ခုအနက် အသေအပျောက်အချိုးမှာ (၁း၁၀) ဖြစ်ပါသည်။ 130km/h အရှိန်နှင့် မောင်းစဉ် တာယာပွင့်၍ သင်ဘာမှမဖြစ်လျှင် မဟာကံထူးရှင်ဖြစ်သည်။

၂။ တာယာပွင့်စဉ် ဘရိတ်ရုတ်တရက်မနင်းရ

အပြောလွယ်သလောက် အလုပ်ခက်ပါသည်။ ယာဉ်မောင်း၏အလေ့အထနှင့် ဦးနှောက်အယူအဆအရ ကားရုတ်တရက် တစ်ခုခုချို့ယွင်းသည်နှင့် ဘရိတ်အုပ်မိတတ်ကြပါသည်။ ကားတာယာပွင့်၍ ထိန်းသိမ်းရခက်နေစဉ် ရုတ်တရက် ဘရိတ်အုပ်ခြင်းသည် ပိုမို၍ ထိန်းရခက်စေပြီး တဘက်သို့ ဆွဲချသွားလိမ့်မည်။

၃။ ရုတ်တရက်အရှိန်မြှင့်ခြေနင်း(လီဗာ)ကိုမလွှတ်ရ

ကားတာယာပွင့်စဉ် မိမိနင်းထားသော လီဗာကို ရုတ်တရက် မလွတ်ဘဲ ဖြေးညင်းစွာလျှော့ချရန် ဖြစ်ပါသည်။ လီဗာကို (၃)စက္ကန့်ခန့် ယခင်အတိုင်း ဆက်နင်းထားပြီးမှ ဖြည်းဖြည်းလျှော့ချပါ။ ပွင့်နေသော တာယာခွေ၏ ဆွဲအားကြောင့် ကားမှာလည်း အလိုလိုအရှိန်လျော့သွားမည် ဖြစ်ပါသည်။ သင့်ကား၏ CRUISE CONTROL (အလိုအလျောက်မောင်းစနစ်) ခလုတ်ဖွင့်ထားလျှင် အမြန်ပိတ်ပါ။

၄။ ရှေ့တည့်တည့်သွားရန် အကောင်းဆုံး ကြိုးစားထိန်းပါ

ရှေ့ကားဘီးပွင့်ပါက သင့်ကား၏ တည်ငြိမ်မှုကို အပြင်းထိန်ဆုံး ထိခိုက်မည်ဖြစ်ရာ သင့်ကား၏ ဝဲ/ယာသို့ ဆွဲချမည်ဖြစ်သည်။ `ဝဲ´သို့ဆွဲလျှင် `ယာ´ဘက်သို့ စတီယာရင် ချိုးချပါ။ `ယာ´သို့ဆွဲလျှင် `ဝဲ´ဘက်ချိုးချပါ။ ဤအလုပ်ကို လျင်မြန်စွာနှင့် ရဲရင့်စွာလုပ်ရန်လိုပါသည်။ သို့မှသာ ကားမှာ လမ်းအတိုင်း တည့်တည့်တရွတ်တိုက် ရွေ့မည်ဖြစ်သည်။

၅။ သွေးမပျက်ဘဲ တည်ငြိမ်စွာထိန်းရန်

အဓိကအချက်ဖြစ်သော ကား၏တည်ငြိမ်မှု၊ တည့်တည့်သွားမှုသည် အရေးကြီးပါသည်။ ရုတ်တရက် အများကြီး စတီယာရင်ချိုးကွေ့မှုသည် ကားကို တိမ်းမှောက်ပြီး၊ သုံး/လေးပတ်လိမ့်စေနိုင်သည်။ ကားကိုထိန်းချုပ်နိုင်သည်အထိ စတီယာရင်ကို လိုသလိုထိန်းညှိ၍ စိတ်ချသောနေရာတွင် ရပ်ရန်ဖြစ်ပါသည်။

၆။ ကားအရှိန်လျော့လာပြီး စိတ်ချစွာရပ်နည်း

ကားကို ပထမအဆင့်ထိန်း၍ ရပြီဆိုလျှင် ဂီယာဒေါင်း၍ အရှိန်လျှော့ပါ။ (Auto Gear ဆိုလျှင် 2/L သို့ ဆွဲချပါ)။ အချက်ပြမီးပြပြီး အမြန်လမ်းပေါ်မှ ဘေးမြေသားပေါ်သို့ဆင်းပါ။ တာယာကျွတ်သွား၍ ကျန်သောကားဘီးခွေကို မနှမြောပါနှင့် ဒီတိုင်းဆက်မောင်းပါ။ ကားရပ်သွားလျှင် စုံအချက်ပြမီး (Hazard Light) ဆက်ဖွင့်ထားပါ။

Read 8264 times