စံချိန်မှီကောင်းသည့်ကားလမ်းပေါ်တွင်ကားကောင်းတစ်စီးကိုမောင်းရသည့်အရသာခံစားမှုမှာသာယာငြိမ့်ညောင်းသည့်တေးဂီတတစ်ပုဒ်ကိုခံစားရသလိုဖြစ်ပါသည်။
AC ဖွင့်ထားသည့်ကားထဲတွင်ဇိမ်ကျကျလိုက်ပါစီးနင်းရခြင်း၊ ဆူညံသံအနှောင့်အယှက်များမရှိခြင်း၊ ကားကိုယ်ထည်တုန်ခါမှုများလည်းမရှိပဲ တကယ့်ကို luxury car ကောင်းတစ်စီး၏အရသာဖြစ်ပါသည်။
ကားမကောင်းတာတောင်ကားအောက်ပိုင်းကောင်းပါကကားစီးရတာလူကိုသက်သောင့်သက်သာ ဖြစ်စေပါသည်။
ကားဆိုသည်မှာလမ်းပေါ်တွင်အမြဲရွေ့လျားနေသောကြောင့်အသုံးပြုတာများလာပါက ပျက်စီးချွတ်ယွင်းလာတတ်ပါသည်။
ဟိုနားကအသံထွက်ဒီနားကအသံထွက်နှင့်အသံမျိုးစုံကြားလာရသည့်အပြင်တုန်ခါမှုများပါခံစား လာရပါသည်။
တုန်ခါမှုတွေကြမ်းလာလျှင်ဆူညံသံများပိုပြီးမြည်လာပါသည်။
တုန်ခါနေပြီးအသံစုံမြည်နေသည့်ကားတစ်စီးကိုစီးရခြင်းမှာဘာမှခံစားလို့မကောင်းတော့ပါဘူး။
ပြုပြင်ထိန်းသိမ်းမှုညံ့တဲ့ကားတွေမှာမလိုလားအပ်သည့်တုန်ခါမှုများ၊ ဆူညံသံများထွက်နေပါသည်။ လမ်းများကစံချိန်မမီတော့ပိုဆိုးပါသည်။
ကားတစ်စီးတုန်ခါနေသည့်ချွတ်ယွင်းအားနည်းချက်များဘာကြောင့်ဖြစ်တာလဲ။
သက်တမ်းလွန်အရည်ကြိုအဆင့်ကားများမှာသံမဏိစက်ရုံကိုရောက်ကုန်ပါပြီ။
သို့သော်လမ်းပေါ်တွင်ပြေးနေသည့်ကားအများစုကတစ်ပတ်ရစ်သုံးပြီးသား used carများပါသည်။
ထိန်းသိမ်းပြုပြင်မှုအားနည်းနေသည့်ကားများပြည်ပမှသွင်းလာတာ ၃-၄ နှစ်လောက်သာရှိပါသည်။
သို့သော်တချို့Taxi (အငှားယာဉ်) များဆိုလျှင်နေ့တစ်ဂျူတီ၊ ညတစ်ဂျူတီမနားတမ်းခိုင်းသောကြောင့် ကားများကျကုန်ပါသည်။
ကားတစ်စီးကိုမောင်းကြည့်လို့ speed အမြန်နှုန်းကီလို 50km/h ,60km/h လောက်သာရှိပြီး ကားတစ်စီးလုံးသွက်သွက်ခါနေပါကအန္တရာယ်ဖြစ်နိုင်ပါသည်။
စတီယာရင်ထိန်းရတာလဲမကောင်းတော့ပါဘူး။
စီးရသည့်ခရီးသည်လည်းကားစီးရတာမကောင်းတော့ပါဘူး။
ကားတစ်စီးမှာဖြစ်လေ့ရှိသည့်တုန်ခါမှု (vibration) အမျိုးမျိုးနှင့်တုန်ခါမှုဖြစ်ပေါ်ရသည့်အ ကြောင်းရင်းများကိုအတွေ့အကြုံနည်းသေးသည့်လူငယ်ကားဆရာများသိထားသင့်ပါသည်။
ဘာတွေကိုပြုပြင်သင့်သည်ဆိုသည်ကိုလည်းသိထားသင့်ပါသည်။
ကားစတီယာရင်ကွင်းတုန်ခါခြင်း
အမြန်နှုန်း speed တစ်ခုကိုရောက်သည့်အချိန်တွင်ရှေ့တာယာဘီးများတုန်ခါလာပြီး ကား စတီယာရင်ကွင်းမှာတုန်ခါမှုများတိုးပါသည်။
တုန်ခါမှုများလျှင်စတီယာရင်ကွင်းပါလိုက်ပြီးတုန်ပါသည်။
လမ်းကြမ်းကြမ်းတွင်ကားမောင်းလျှင်အောက်ပိုင်းကထွက်သည့်အသံမျိုးစုံပါ ကြားရပါသည်။
ကားစတီယာရင်လည်းထိန်းလို့မကောင်းတော့ပါဘူး။
စတီယာရင်တုန်ခါပြီးအသံစုံထွက်နေသည့်ကားတစ်စီးမှာချွတ်ယွင်းအားနည်းချက်များအတော်များနေပြီ ဖြစ်ပါသည်။
စတီယာရင် link အဆက်များ၊ တိုက်ရော့၊ ဘောလ်ဂျွိုင်းအဆက်များပွန်းစားနေတာများပြီး အလွတ်ကစားတာွများနေပါသည်။
ကားအောက်ပိုင်းကတန်းဘွတ်များလည်းစားပြီးချောင်နေပါပြီ။
ရှေ့ဘီး hub ဘောလ်စားပြီးအလွတ်ကစား (free ဖြစ်)တာများနိုင်ပါသည်။
ယင်းအဆင့်အထိပျက်စီးမှုဖြစ်ခြင်းမှာပုံမှန်ထိန်းသိမ်းပြုပြင်မှုမလုပ်ခဲ့လို့ဖြစ်ပါသည်။
ကားအောက်ပိုင်းတစ်ခုလုံး အစားထိုးလဲလှယ်ပြုြုပင်ရပါလိမ့်မည်။
တန်းဘွတ်များအသစ်လဲပေးခြင်း၊တိုက်ရော့ဂေါ်လီ၊ ဘောလ်ဂျွိုင်းများအသစ်လဲသင့်ပါသည်။
Hub ball များပြန်စစ်ကြည့်ပါ။
အမဲဆီထပ်ဖြည့်ပြီးပုံမှန်အနေအထားဖြစ်အောင်ပြန်ချိန်ပါ။
ကားစတီယာရင်စနစ်က Link အဆက်များစစ်ဆေးပါ။
ပွန်းစားပြီးချောင်နေသည့်အစိတ်အပိုင်းများလဲပေးရန်လိုအပ်ပါသည်။
ဘရိတ်နင်းလျှင်တုန်းခါပြီး အသံထွက်ခြင်း
ကားဘရိတ်ဖမ်းသည့်အချိန်တွင်အသံထွက်ခြင်း၊တုန်ခါမှုဖြစ်ခြင်းကိုဘရိတ်ခြေနင်းတံအဖျားမှာ လာတိုးသောကြောင့်ခြေဖျားမှာခံစားသိရှိနိုင်ပါသည်။
ဘရိတ်ဆာဗစ်စင်လုပ်ပေးရန်လိုနေပြီဆိုသည့်ရှေ့ပြေးလက္ခဏာဖြစ်ပါသည်။
ဘရိတ်ရှူးခြမ်းလိုက်နာများစားပြီးသံခြမ်းနှင့်ဘရိတ်ဒရမ်ပွတ်တိုက်သည့်မြည်သံပါ။
ဒစ်ဘရိတ်မှာဆိုလျှင်လည်း ဒစ်ပြားမျက်နှာပြင်မှာလှိုင်းထပြီးမညီမညာဖြစ်နေပါသည်။
Brake post လိုင်နာရှူးစားပြီးကုန်နေသည့်အခြေအနေတွင် disc အပြားနှင့်ပွတ်တိုက်တုန်ခါပြီး အသံထွက်နိုင်ပါသည်။
နောက်တစ်ချက်ကdisc ဘရိတ်ကလစ်ပါအထိုင်ဖမ်းထားသည့် Bolt & Nut အရစ်များချောင်ပြီး ဘရိတ်နင်းလိုက်သည့်အချိန်တွင်တုန်ခါမှုဖြစ်နိုင်ပါသည်။
ကားအောက်ပိုင်းများစားပြီးချောင်နေမည်။
ရှေ့/နောက်တန်းဘွတ်များလည်းစားပြီးချောင်နေမည်။
ယင်းကဲ့သို့ဘတ်ပေါင်းစုံကအားနည်းပြီးချွတ်ယွင်းမှုဖြစ်နေသည့်အချိန်တွင်ဘရိတ်ဖမ်းတိုင်း အသံထွက်မည်၊တုန်ခါမှုဖြစ်ခြင်းမှာသဘာဝပါ။
အောက်ပိုင်းချောင်လွန်းနေသည့်အတွက်ဘရိတ်ဖမ်းတိုင်း၊ နင်းတိုင်းအသံထွက်နေမည်ဖြစ်ပါသည်။
နောက်ဘီးမှာဒရမ်ဘရိတ်အမျိုးအစားသုံးသည့်ကားများမှာ Wheel ဆလင်ဒါနဲ့ ဘရိတ်ရှူးခြမ်းများ အထိုင်ချထားသည့် Back plate ပြားချောင်နေလျှင်လည်းတုန်ခါမှုဖြစ်ပြီးမူမမှန်သည့်အသံထွက်မည် ဖြစ်သည်။
ဘရိတ်စနစ်တစ်ခုလုံးကိုစစ်ဆေးပြီး ဆာဗစ်စင်လုပ်ပါ။
မကောင်းသည့်ဘရိတ်ရှူးလိုင်နာများအသစ်လဲပေးပါ။
ဒရမ်မျက်နှာပြင်အတွင်းပိုင်းမှာ ပွန်းစားပြီးမညီမညာဖြစ်နေခြင်းများကိုပျောက်အောင်ဘရိတ်ဒရမ်ကို စက်စားပစ်ပါ။
တွင်ခုံတင်ပြီးအတွင်းမျက်နှာပြင်ကိုအချောကိုင်ပေးပါ။
ထိုနည်းအတူ Disc ဘရိတ်မှာလည်းအသုံးပြု တာကြာလာလျှင်ဒစ်ပလိပ်ပြားမျက်နှာပြင်ကို ပြန်သပေးဖို့လိုအပ်ပါသည်။
ဒစ်ဘရိတ်ကလစ်ပါအထိုင် Nut များတင်းကြပ်နေရန်လိုအပ်ပါသည်။
ဘရိတ်ဆားဗစ်လုပ်လျှင်တစ်လက်စတည်းဘရိတ်ဝါရှာတွေပါစစ်ဆေးပြီးလဲပေးပါ။
ဘရိတ်ဆီအသစ်ပါလဲပါ။
တာယာနှင့်ကားဘီးပြဿနာ
ကားဘီးတာယာဆိုသည်မှာတာယာနှင့်ဒစ်ဝှီးခွေပေါင်းစပ်တပ်ဆင်ထားသည့်အရာဖြစ်ပါသည်။
Out of balance နေသည့်တာယာ၊ လိမ်နေသည့်တာယာ၊ ဘဲဥပုံလိုက်နေသည့်တာယာ၊ ဒစ်ဝှီးခွေလိမ်နေသည့်ကား ဘီးများမှာတုန်ခါမှုများဖြစ်နိုင်ပါသည်။
တာယာတစ်လုံးကိုပြန်လည်တပ်ဆင်သည့်အချိန်မှာ Balancing ပြန်ချိန်ရန်လိုအပ်ပါသည်။
Balance မညီသည့်တာယာဘီးတစ်လုံးမှာ speed မြန်လွန်းသည်နှင့်အမျှတုန်ခါမှုများဖြစ်လာပါသည်။
Radial စတီးတာယာတွေသုံးတာကြာလာလျှင်အတွင်းကြိုးမျှင်များအထိုင်ပျက်တတ်ပါသည်။
လိမ်ဖယ်နေသည့်တာယာတစ်လုံးကိုတပ်ဆင်အသုံးပြုထားလျှင်ကားဘော်ဒီကိုယ်ထည်ပါခါရမ်းနေတတ် ပါသည်။
ရှေ့ဘီးတာယာများအလိုင်းမင့်မှန်ရန်လည်းလိုပါသည်။
ကားအောက်ပိုင်းဆပ်စပင်းရှင်းစနစ်များချောင်ပြီးစားနေသည့်ကားမှာလမ်းမကောင်းလျှင် ပိုပြီးသိသာပါသည်။
ကားအောက်ပိုင်းစနစ်များမကောင်းသောကြောင့်တုန်ခါမှုများပိုပြီးဖြစ်နိုင်ပါသည်။
ရှော့ဘားများလေးပင်၊ ဘွတ်များချောင်နေလျင်လည်းတုန်ခါမှုဖြစ်ပြီးဆူညံသံများထွက်လာနိုင်ပါသည်။
ပွန်းစားပြီးချောင်နေတဲ့ကား အောက်ပိုင်းပစ်္စည်းတွေ ပြုပြင်လဲလှယ်ပေးဖို့လို ပါတယ်။
အင်ဂျင် slow လည်နေသည့်နှန်းနှေးတဲ့အချိန်တုန်ခါမှုဖြစ်ပါသည်။
အင်ဂျင်မောင်းတိန်းအထိုင်ကအင်ဂျင်တုန်ခါမှု (Vibration) ကိုကားဘော်ဒီကိုယ်ထည်ပေါ် တိုက်ရိုက်မသက်ရောက်အောင်ကာကွယ်ပေးထားပါသည်။
အင်ဂျင်မောင်းတိန်းအထိုင်မကောင်းသည့်ကားများမှာ Vibration တုန်ခါမှုများခံစားရပါသည်။
ရာဘာမောင်းတိန်းဆိုတာအသုံးပြုတာကြာလာလျှင်ပျက်စီးတက်ပါသည်။
မောင်းတိန်းပြတ်နေသည့်ပြဿနာကိုစစ်ဆေးပြီးအသစ်လဲပေးပါ။
Driveline တုန်ခါမှု
အင်ဂျင်မှဂီယာဘောက် Drive shaft အထိကို driveline လို့ခေါ်ပါသည်။
အင်ဂျင်ဘလောက်တုံးကို အင်ဂျင်မောင်းတိန်းပေါ်မှာအထိုင်ချထားသကဲ့သို့ဂီယာ Box ကိုလည်းမောင်း တိန်းပေါ်မှာအထိုင်ချထားပါသည်။
အော်တိုဂီယာဘောက်များမှာပါဝါဆီလျော့နည်းလာလျှင်တုန်ခါမှုရှိပါသည်။
Manuel မှာကလပ်အုံနှင့်ဆက်ထားပါသည်။
ကလပ်ခုန်ခြင်းမျိုးဖြစ်လျှင်တုန်ခါမှုကဂီယာဘောက်ကိုရောက်လာတတ်ပါသည်။
ကလပ်ဘောလ်မကောင်းခြင်းမှာကလပ်အုံမကောင်းသောကြောင့်တုန်ခါမှုများဖြစ်တတ်ပါသည်။
နောက်တွဲကားများမှာဂီယာဘောက်မှရောင်းအုံကိုဂျွိုင်းရှပ်နှင့်ဆက်ရပါသည်။
ဂျွိုင်းရှပ်မှာခါးဆွဲဘောလ် (center Baring) နှင့်ဂျွိုင်းဘောလ်၊ ဂျွိုင်းနက်များပါသည်။
ခါးဆွဲဘောလ်ကို ရာဘာသရေတုံးပေါ်မှာအထိုင်ချထားပါသည်။
ဂျွိုင်းဘောလ်မကောင်းခြင်း၊ ဂျွိုင်း နတ်ချောင်တာမျိုးဖြစ်လျှင်အသံမြည်ပြီးတုန်ခါမှုဖြစ်တတ်ပါသည်။
တစ်ချို့ဂျွိုင်း Goss ဘောလ်တွေမှာ အမဲဆီထိုးပေးရပါသည်။
ဂျွိုင်းရှပ် Balance out နေခြင်းမျိုးဖြစ်လျှင်လည်းတုန်ခါမှုဖြစ်နိုင်ပါသည်။
ဂျွိုင်းရှပ်ကို Balance ပြန်ချိန်ဖို့လိုပါသည်။
ရှေ့ဆွဲကားများမှာရှေ့ဒူးဆစ်hub နှင့် ဘောလ်များမကောင်းလျှင်တုန်ခါမှုဖြစ်နိုင်ပါသည်။
ဒူးဆစ် (CV) မကောင်းသည့်အပိုင်းကိုအသစ်လဲပေးပါ။
ဒူးဆစ်ပျက်စီးရသည့်အကြောင်းတစ်ခုကဒူးဆစ်သဲကာပေါက်ပြီးဒူးဆစ်အမဲဆီများလွင့်ထွက်ကုန်သည့် အပြင်လမ်းပေါ်သဲများ၊ ရွှံ့များဒူးဆစ်ထဲဝင်ပြီးပွန်းစားကုန်တာဖြစ်တတ်ပါသည်။
ကားတစ်စီးမှာ နောက်ထပ်အသံမြည်နိုင်သည့်နေရာများမှာရှော့ဘားအထိုင်ရာဘာဘွတ်များနှင့် ရှေ့/နောက်ချုပ်တန်းဘေးတိုက်အထိန်းတန်းရာဘာဘွတ်များဖြစ်ပါသည်။
ရာဘာဘွတ်များစားပြီးချောင်းနေမည်ဆိုပါကအလွတ်ကစားမှုများပြီးတုန်ခါမှုမြည်သံများထွက်လာပါသည်။
ကားကောင်းတစ်စီး၊ ကားအသစ်တစ်စီးကိုလမ်းပေါ်တွင်ကြိုက်သည့်Speed နဲ့မောင်းကြည့်ပါ။ ကားအင်ဂျင်စက်သံ၊ ဂီယာဘောက်အသံကလွဲပြီးတစ်ခြားတုန်ခါမှုများ၊ ဆူညံသံများဘာမှမကြားရပါဘူး။ ထူးခြားတဲ့အသံတစ်ခုထွက်နေ ပြီဆိုလျှင် တစ်ခုခုချွတ်ယွင်းနေလို့ပါပဲ။
ယင်းအသံဘယ်နားကထွက်လာတာလဲ၊ ဘာကြောင့်မြည်တာလဲအပြစ်ရှာရတာလွယ်အောင်ကားတစ် စီးမှာအသံငြိမ်လေကောင်းလေပါပဲ။
တစ်ချို့လူငယ်များကားအသံကျယ်အောင်ပါဝါအိတ်ဇောဘူးများတပ်ပြီးကားစက်သံကိုဆူညံနေ အောင်လုပ်ထားတတ်ပါသည်။
ပါဝါအိတ်ဇောအသံကဆူညံနေသည့်အတွက်ကားတစ်စီးမှာမူမမှန်သည့်တခြားအသံများကို အလွယ်တကူ မသိရှိနိုင်တော့ဘူး။
ကားဆိုတာအသံငြိမ်လေ၊ ဘာအသံမှမထွက်လေအကောင်းဆုံးပါပဲ။
ထူးခြားတဲ့အသံတစ်ခုခုကိုကြားခွင့်ရဖို့ တေးဂီတအသံများ၊ ပါဝါအိတ်ဇောအသံများကအတားအ ဆီးဖြစ်နေပါသည်။
ပါဝါအိတ်ဇောတပ်ဆင်သုံးတာပတ်ဝန်းကျင်ကို စိတ်အနှောင့်အယှက်ဖြစ်စေပါသည်။
ဥပဒေနှင့်လည်းမကိုက်ညီပါဘူး။
ကားတစ်စီးမှာတုန်ခါမှုဖြစ်ပြီး အသံတစ်မျိုးမျိုးထွက်နေတယ်ဆိုလျှင်အသိလက်လွှတ်လစ်မထားပါနဲ့။ ချွတ်ယွင်းချက်များလာပြီး ကားတစ်စီးလုံးတုန်ခါမှုများဖြစ်၊ အသံမျိုးစုံမြည်နေတာ၊ လမ်းမကောင်းလို့မဟုတ်ပါ။
အားနည်းချက်အပြစ်တွေများလာလျှင်အန္တရာယ်ဖြစ်နိုင်ပါသည်။
ကားတစ်စီးကိညီညာနေသည့်လမ်းကောင်းမှာ စိတ်ချလက်ချမောင်းနိုင်ရန်၊ တုန်ခါမှုများကင်းစင်သည့် Tip top ဖြစ်သည့်ကားကောင်းတစ်စီးဖြစ်ရန်လိုပါသည်။