ကားမောင်းနေရင်းရုတ်တရက်တာယာပွင့်ခဲ့လျှင် လိုက်နာသင့်သည့်အချက်များ


အဝေးပြေးလမ်း များတွင် ကားတာယာ ရုတ်တရက် ပွင့်/ပေါက်ခြင်းသည် ယာဉ်မောင်းများ အတွက် အသက်အန္တရာယ် အများဆုံး မတော်တဆဖြစ်ရပ်များတွင် တစ်ခု အပါအဝင်ဖြစ်ပါသည်။

HILUX SURF, PRADO, LAND CRUISER စသော 4×4 SUV အမြင့်ကားများအတွက် အဆိုပါတာယာပွင့်ခြင်းများ ပို၍ဆိုးပါသည်။

အခြားကားများ တာယာပွင့်လျှင် ထိန်း၍ ရနိုင်သောလည်း 4×4 SUV အမြင့်ကားများ တာယာပွင့်လျှင် တိမ်းမှောက်ရန် ၉၀% သေချာသည်။

ယခုခေတ် အဆင့်မြင့် နည်းပညာများကြောင့် တာယာပွင့်ထွက်မှု အကြိမ်ရေလျော့နည်း လာသော်လည်း ယာဉ်မောင်းများ၏ အသက်အန္တရာယ်ကို ချိန်းခြောက်ဆဲဖြစ်သည်။

ထို့ကြောင့် “ရုတ်တရက် တာယာ ပွင့်ခဲ့လျှင်´´ ဆောင်ရွက်ရန် အောက်ပါအချက်(၆)ချက်ကို အောက်တွင် ဖော်ပြထားပါသည်။

၁။ (အကောင်းဆုံးစည်းကမ်း) စိတ်ချရသော သတ်မှတ်အရှိန်နှုန်း အောက်တွင်သာ မောင်းနှင်ပါ။

တာယာ ပွင့်စဉ် အရှိန်လျော့နည်းလေ သင့်အသက်ရှင်ရန် အခွင့်အလမ်းများလေ ဖြစ်သည်။

80 မှ 90 km/h နှင့် 120 မှ 140 km/h အရှိန်နှုန်း နှစ်ခုအနက် အသေအပျောက် အချိုးမှာ (၁း၁၀) ဖြစ်ပါသည်။

130km/h အရှိန်နှင့် မောင်းစဉ် တာယာပွင့်၍ သင် ဘာမှမဖြစ်လျှင် မဟာကံထူးရှင် ဖြစ်သည်။

၂။ တာယာပွင့်စဉ် ဘရိတ် ရုတ်တရက်မနင်းရအပြောလွယ်သလောက် အလုပ်ခက်ပါသည်။

ယာဉ်မောင်း၏အလေ့အထနှင့် ဦးနှောက် အယူအဆအရ ကားရုတ်တရက် တစ်ခုခု ချို့ယွင်းသည်နှင့် ဘရိတ်အုပ်မိတတ်ကြပါသည်။

ကားတာယာပွင့်၍ ထိန်းသိမ်းရခက်နေစဉ် ရုတ်တရက် ဘရိတ်အုပ်ခြင်းသည် ပိုမို၍ ထိန်းရခက်စေပြီး တဘက်သို့ ဆွဲချသွား လိမ့်မည်။

၃။ ရုတ်တရက် လီဗာ ကိုမလွှတ်ရ

ကားတာယာ ပွင့်စဉ် မိမိနင်းထားသော လီဗာကို ရုတ်တရက် မလွှတ်ဘဲ ဖြေးညင်းစွာလျှော့ချရန် ဖြစ်ပါသည်။ လီဗာကို (၃)စက္ကန့်ခန့် ယခင် အတိုင်း ဆက်နင်းထားပြီးမှ ဖြည်းဖြည်း လျှော့ချပါ။

ပွင့်နေသော တာယာဂွေ ၏ ဆွဲအားကြောင့် ကားမှာလည်း အလိုလို အရှိန်လျော့သွားမည် ဖြစ်ပါသည်။

၄။ ရှေ့တည့်တည့်သွားရန် အကောင်းဆုံး ကြိုးစားထိန်းပါ

ကားရှေ့ဘီးပွင့်ပါက သင့်ကား၏ တည်ငြိမ်မှု ကို အပြင်းထန်ဆုံး ထိခိုက်မည်ဖြစ်ရာ သင့်ကား၏ ၀ဲ/ယာသို့ ဆွဲချမည်ဖြစ်သည်။

`၀ဲ´သို့ဆွဲလျှင် `ယာ´ဘက်သို့ လည်းကောင်း `ယာ´သို့ဆွဲလျှင် `၀ဲ´ဘက်သို့ လည်းကောင်း တည့်တည့်သွားနိုင်ရန် စတီယာရင် ကို တည်တည်ငြိမ်ငြိမ် ထိန်းပါ။

သို့မှသာ ကားမှာ လမ်းအတိုင်း တည့်တည့် ရွေ့မည်ဖြစ်သည်။

၅။ သွေးမပျက်ဘဲ တည်ငြိမ်စွာထိန်းရန်

အဓိကအချက်ဖြစ်သော ကား ၏တည်ငြိမ်မှု၊ တည့်တည့်သွားမှုသည် အရေးကြီးပါသည်။

ရုတ်တရက် အများကြီး စတီယာရင် ချိုးကွေ့မှုသည် ကားကို တိမ်းမှောက်ပြီး၊ သုံး/လေးပတ်လိမ့်စေနိုင်သည်။ ကားကို ထိန်းချုပ်နိုင်သည်အထိ စတီယာရင်ကို လိုသလို ထိန်းညှိ၍ စိတ်ချသောနေရာတွင် ရပ်ရန် ဖြစ်ပါသည်။

၆။ ကားအရှိန်လျော့လာပြီး စိတ်ချစွာရပ်နည်း

ကား ကို ပထမအဆင့်ထိန်း၍ ရပြီဆိုလျှင် ဂီယာဒေါင်း၍ အရှိန်လျှော့ပါ။

(Auto Gear ဆိုလျှင် 2/L သို့ ဆွဲချပါ)။

အချက်ပြမီးပြပြီး အမြန်လမ်းပေါ်မှ ဘေးမြေသားပေါ်သို့ဆင်းပါ။

တာယာ ကျွတ်သွား၍ ကျန်သောကားဘီးခွေကို မနှမြောပါနှင့် ဒီတိုင်းဆက်မောင်းပါ။

ကား ရပ်သွားလျှင် စုံအချက်ပြမီး (Hazard Light) ဆက်ဖွင့်ထားပါ။

 

Read 6430 times