ကားနေကာပြားအကြောင်း တစ်စေ့တစ်စောင်း


ကားအတွင်းခန်းခေါင်းမိုးတွင် တပ်ဆင်ထားသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လိုအပ်သလို အတင်အချလုပ်နိုင်အောင် ပတ္တာပုံစံအပြားနှင့် ပြုလုပ်ထားပါသည်။

ကားများ၏ ရှေ့လေကာမှန်အပြင်ဘက် အပေါ်ပိုင်းတွင် တပ်ဆင်ထားသော နေကာပြားများကို Ford Model T ကားများတွင် ၁၉၂၄ ခုနှစ်က စတင်အသုံးပြုခဲ့ပြီး အခြားကားများတွင်လည်း ၁၉၃၁ ခုနှစ်အထိ တပ်ဆင်အသုံးပြုခဲ့ပါသည်။

ရှေ့မှန်လေခွင်းအား ပိုကောင်းရန် ဒီဇိုင်းများ ဆန်းသစ်လာသည့်အတွက် ၁၉၃၂ ခုနှစ်ကစပြီး လေကာမှန် အပြင်ဘက်တွင် တပ်ဆင်သော Cadet-type နေကာပြားများကို ကားများတွင် မမြင်ကြရတော့ပေ။

နောက်ပိုင်းတွင် နေကာပြားများကို ကားအတွင်းပိုင်းတွင် တပ်ဆင်လာကြပါသည်။

ခေတ်မီကားအများစုတွင် ယာဉ်မောင်းနှင့် ကားရှေ့ခန်းခရီးသည်အတွက် တပ်ဆင်ထားသော နေကာပြားနှစ်ခုပါဝင်လေ့ရှိပြီး နေကာပြားနှစ်ခု၏ အလယ်တွင် နောက်ကြည့်မှန်ကို တပ်ဆင်ထားပါသည်။

ရှေ့လေကာမှန်မှ ဝင်လာသော နေရောင်ကို နေကာပြားများနှိမ့်ချပြီး ကာကွယ်နိုင်သကဲ့သို့ ဘေးမှန်က နေရောင်ထိုးလာလျှင် ရှေ့ဘက်က နေကာပြားတစ်ဖတ်ကို ဖြုတ်၍ ဘေးမှန်ပြတင်းတံခါးအပေါ်ဘက်ကိုဆွဲပြီး နေရောင်ကာနိုင်အောင် ပြုလုပ်ထားသော နေကာပြားများလည်း ရှိပါသည်။

လက်ရှိသုံးနေသော နေကာပြားတစ်ချို့က ယာဉ်မောင်းဘက်တွင်သာမက ခရီးသည်ဘက်ကပါ နေရောင်လာသော ဘေးဘက်ကို ဆွဲဆန့်ထုတ်ပြီး နေကာ၍ ရပါသည်။

တစ်ချို့နေကာပြားများတွင် ခရီးသည်များ အသုံးပြုနိုင်ရန် နေကာပြားကိုယ်ထည်ထဲတွင် မှန်ငယ်တစ်ခုကိုပါ ထည့်သွင်းတပ်ဆင်ပေးထားပြီး တစ်ချို့နေကာပြားများတွင် ထိုမှန်ငယ်အတွက် အပေါ်လှန်ဖွင့်၍ရသော သို့မဟုတ် ဘေးတိုက်တွန်းဖွင့်၍ရသော ကာဗာအဖုံးလေးများကို တပ်ဆင်ပေးထားပါသည်။

မီးအလင်းရောင်ပါဝင်သော နေကာပြားများလည်းရှိပြီး နောက်ပိုင်း ကားထုတ်လုပ်ရေးလုပ်ငန်းများက နေကာပြားများကို ခေတ်မီနည်းပညာများနှင့် ပုံစံအမျိုးမျိုး ထုတ်လုပ်လာကြပါသည်။

Read 1276 times