ဂျပန်ပြည်တွင်း ကားလုပ်ငန်းကြီးများသည် ကားကို လစဉ်ကြေးဖြင့် ငှားစီးသည့် ဝန်ဆောင်မှုကို မြှင့်တင်ပေးလျက် ရှိပြီး ကားအသစ် စီးသူအနေဖြင့် ကားကို အပိုင်ဝယ်ဖို့ မလိုအပ်တော့ချေ။ အထူးသဖြင့် လူငယ်များအတွက် အဆင်ပြေနေစေသည်။
Toyota Motor Corp. က လစဉ်ကြေးအငှားစနစ် ဝန်ဆောင်မှု ဖြစ်သော Kinto auto subscription service ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ခဲ့သည်။ နောက်ပိုင်းတွင် အခြား ပြည်တွင်း ကားလုပ်ငန်းကြီးများလည်း အလားတူ ဝန်ဆောင်မှုကို စတင်ခဲ့ကြသည်။
ကားအသစ်ကို ယူစီးသူအနေဖြင့် ကားအသစ်ကို အပိုင်ဝယ်ယူရန် မလိုချေ။ သတ်မှတ်ထားသည့် လစဉ်ကြေကို ပေးသွင်းနေဖို့သာ လိုအပ်သည်။ သို့ဖြစ်ရာ စစချင်းမှာ တစ်လုံးတစ်ခဲ ငွေပေးချေဖို့ မလိုတော့ချေ။ လစဉ်ကြေးတွင် အခွန်များ၊ မော်တော်ယာဉ် အာမခံနှင့် ပြုပြင်ထိန်းသိမ်းစရိတ်တို့ တစ်ပါတည်း ပါပြီးသား ဖြစ်သည်။
Toyota က ကားအသစ် မော်ဒယ် ၃၂ မျိုး ရွေးချယ်ဖို့ ပေးထားသည်။ Toyota ထုတ်သမျှ အိမ်စီးကား မော်ဒယ် အကုန်လုံးနီးပါး ဖြစ်သည်။ အမြင့်တန်းဖြစ်သော Lexus မော်ဒယ်များလည်း ပါဝင်သည်။ Kinto ဝန်ဆောင်မှု သက်တမ်းမှာ သုံးနှစ်၊ ငါးနှစ်နှင့် ခုနစ်နှစ် အဆင်ပြေရာကို ရွေးချယ်နိုင်သည်။ လစဉ်ကြေးသည် အနည်းဆုံး ယန်း ၂၀,၀၀၀ ဖြင့် စတင်သည်။
ယခုနှစ် မတ်လတွင် Kinto ဝန်ဆောင်မှု ရယူသူဦးရေ ၁၆,၈၀၀ ရှိသည်။ လစဉ် လျှောက်ထားသူအသစ် ၁,၀၀၀ ဝန်းကျင် ရှိသည်။ ဝန်ဆောင်မှု ရယူသူများ၏ ၄၀% သည် အသက် ၃၀ နှစ်နှင့် အောက်တွင် ရှိသူများဖြစ်သည်။
Honda Motor Co. က မေလတွင် လစဉ်ကြေးအစီအစဉ်ကို ကားအသစ်များဖြင့် စတင်ခဲ့ပြီး လူကြိုက်များသည့် မော်ဒယ် ၁၇ မျိုးကို ရွေးချယ်နိုင်သည်။ ယခင်က တစ်ပတ်ရစ်ကားများဖြင့်သာ လစဉ်ကြေး ဝန်ဆောင်မှုကို ပေးခဲ့ပြီး ယခုမှ ကားအသစ်ဖြင့် စတင်လိုက်ခြင်း ဖြစ်သည်။
Nissan Motor Co. နှင့် Mitsubishi Motors Corp.တို့သည်လည်း လစဉ်ကြေးဝန်ဆောင်မှုများ ပေးအပ်လျက် ရှိသည်။