မိမိကားတွင် စတီယာရင်တုန်ခါခြင်းသည် အားနည်ချက်ပေါင်းများစွာထဲမှ မည်သည့်အချက်ကြောင့် ဖြစ်သည်ကို စစ်ဆေးဖော်ထုတ်ရမည်ဖြစ်ပြီး အောက်ပါ အချက်များကို ထည့်သွင်းစဉ်းစားရပါမည်။
၁။ သင့်ကားအောက်ပိုင်း ဆပ်စပန်းရှင်း မပြုပြင်ဘဲ ထားသည်မှာ မည်မျှကြာနေသနည်း။ အောက်ပိုင်းချောင်မချောင်၊ ကားဘီးများ အလိုင်းမန့်ပြန်ချိန်၍ အောက်ပိုင်း ဆပ်စပန်းရှင်းစနစ်များ ကောင်း၊မကောင်း တစ်ခါတည်းစစ်ဆေးပါ။
၂။ သင့်ကားတာယာများ ကောင်းမကောင်း၊ တာယာများကို Balance ချိန်ဖူးပါသလား။ တယာများကို လှည့်၍ သုံးပေးသင့်ပါသည်။ ထိုနောက် စတီးတာယာများလိမ်နေပါက ဖြုတ်လဲသင့်ပါသည်။
၃။ ဒစ်ဝှီးခွေများ လိမ်ဖည်နေခြင်း၊ ဘဲဥပုံလိုက်ခြင်း ရှိမရှိ စက်ပေါ်တင်၍ စစ်ဆေးပြီး ပြန်လည်ပြုပြင်၍ ရသလောက် ပြုပြင်ပြီး လုံးဝပြုပြင်၍မရပါက ဒစ်ဝှီးအသစ် လဲသုံးသင့်ပါသည်။
၄။ စတီယာရင်စနစ်မှ တိုက်ရော့ဂေါ်လီသီးနှင့် နှင့်ဘွတ်များ ကောင်မကောင်းစစ်ဆေးပြီး မကောင်းပါက အသစ်လဲလှယ်ရပါမည်။
၅။ ရှော့အက်ဇောဘား (Shock Absorber) များ ကောင်းမကောင်းစစ်ဆေးပါ။ အထူးသဖြင့် ကားရှေ့ဘီးရှော့ဘားများ မကောင်းပါက လမ်းကြမ်းများတွင် တုန်ခါမှုပိုမိုဖြစ်ပေါ်ပြီး စတီယာရင်ပါ လိုက်ပါ တုန်ခါမှုဖြစ်ရပါသည်။
ရှော့ခ်ဘားများကို ပြန်ပြင်၍ မသုံးဘဲ အသစ်သာ အစုံလိုက်လဲလှယ်သင့်ပါသည်။
၆။ ရှေ့ဘီး ဒစ်ဘရိတ် (Disc Brake) မှ Roter မျက်နှာပြင်များ ပွန်းစားပြီး မညီမညာ လိုင်းထနေလျှင် ဘရိတ်ဖမ်းလိုက်ပါက တုန်ခါမှုဖြစ်တက်သည်။ Brake Pad မျက်နာပြင်လိုင်နာကုန်ခါနီးလျှင် ဘရိတ်ဖမ်းပါက တုန်ခါပြီး အသံမြည်တက်သည်။ ဒစ်ဘရိတ်များကို စစ်ဆေးပြီး မကောင်းသော အရာများကို ပြုပြင်ပေးရပါမည်။
၇။ ရှေ့ဘီး Hub ဘောလ်များ ချောင်နေပါက တာယာဘီးအလွတ်ကစားနိုင်သောကြောင့် Hub ဘောလ် Lock Nut ပုံမှန်တင်းကျပ်မှုရှိရန် ဂရုစိုက်သင့်ပါသည်။
၈။ ရှေ့ဆွဲကားများတွင် ဒူးဆစ်များစားပြီး ချောင်နေပါက လမ်းအချိုးအကွေ့များတွင် ဒူးဆစ်အသံထွက်ပြီး တုန်ခါမှု ဖြစ်ပေါ်တက်ပါသည်။ ဒူးဆစ် (C.V Joint) များမကောင်းပါက အသစ်လဲလှယ်ပေးရပါမည်။
အထက်ပါ ချို့ယွင်းတက်သော အားနည်းချက်များမှ မိမိကားတွင် မည်သည့်အားနည်းချက်များ ဖြစ်နေသည်ကို သိရှိရန် ကျွမ်းကျင်သော ကားဝပ်ရှော့တွင် စစ်ဆေးဖော်ထုတ်ရပါမည်။
ဖော်ပြပါ ချွတ်ယွင်းပျက်ဆီးတက်သော ပြစ်ချက်များသည် ဖြစ်လေ့ရှိသော ယေဘုယျ အားနည်းချက်များသာ ဖြစ်ပါသည်။
မိမိကားတွင် မည်သည့်အားနည်းချက်များ ရှိနေသည်ကို မျက်မြင်ကြည့်ရှုစစ်ဆေးရုံဖြင့် အတိအကျ သိရှိနိုင်မည် မဟုတ်ပေ။
သက်ဆိုင်ရာကားဝပ်ရှော့များတွင် ကျွမ်းကျင်သော မက္ကင်းနစ်ဆရာများမှ စစ်ဆေးပါလိမ့်မည်။
အများဆုံးဖြစ်တက်သော အကြောင်းအရာများမှာ တာယာကြောင့်ဖြစ်သော အားနည်းချက်များနှင့် ကားအောက်ပိုင်း ဆပ်စပန်းရှင်းစနစ် အားနည်းချက်များသာ ဖြစ်ပါသည်။
ကားစတီယာရင်စနစ် ချွတ်ယွင်းမှုကြောင့် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှုများစွာရှိပြီး စတီယာရင် တုန်ခါမှုအပါအဝင် တိုက်ရော့ ပြုတ်ထွက်သော ဖြစ်စဉ်များကြောင့် အသက်ဆုံးရှုံးရသော ခရီးသည်အရေအတွက်မှာလည်း များပြားလှပါသည်။
အမြန်လမ်းတွင် ခရီးဝေးမောင်းနှင်သော မော်တော်ယာဉ်များ၏ အရေးကြီးဆုံးအချက်မှာ ဘေးကင်းလုံခြုံရေး (Safety) ဖြစ်ပါသည်။
ကားစတီယာရင်၊ ကားအောက်ပိုင်းစနစ်များ အားနည်းသောကားများ၊ တာယာ အားနည်းချက်ရှိသောကားများ၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် မတော်တဆ တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပေါ်နေပါသည်။
Highspeed အမြန်နှုန်းတစ်ခုဖြင့် ရွေ့လျားနေသော ကားတစ်စီးသည် တိုက်ရော့ပြုတ်ထွက်သွားလျှင်ဖြစ်စေ၊ ကားတာယာ ဘီးပေါက်သွားလျှင်ဖြစ်စေ စတီယာရင် ထိန်းမရတော့ဘဲ ကြီးမားသော ဘေးအန္တရာယ်နှင့် ကြုံတွေ့နိုင်ပါသည်။