ကားမောင်းသူများ သိထားသင့်သည့် ကားစတီယာရင် တုန်ခါမှု ဖြစ်ပေါ်ရသည့် အကြောင်းအရင်းများ


လမ်းပေါ်တွင် ကားတစ်စီး အန္တရာယ်ကင်းစွာ ထိန်းကျောင်း မောင်းနှင်နိုင်စေရန် စတီယာရင်စနစ်သည် အရေးကြီးသော အရာဖြစ်ပါသည်။

စတီယာရင်တုန်ခါမှုဖြစ်နေသော ပြဿနာများသည် ကားတစ်စီးဘေးကင်းလုံခြုံရေး (Vehicle Safety) အတွက် အရေးကြီးသော အချက်ဖြစ်ပါသည်။

လမ်းကြမ်းများ၊ ချိုင့်ခွက်နှင့် လှိုင်းထနေသော လမ်းဆိုးများတွင် ကားမောင်းပါက စတီယာရင် လှုပ်ယမ်းမှုနှင့် တုန်ခါမှုကို ခံစားရပါသည်။

ဘရိတ်နင်းလိုက်သောအချိန်တွင်လည်း စတီယာရင်တုန်ခါမှုကို လက်ထဲတွင် ခံစားရပါသည်။

ကားအမြန်နှုန်း ကီလို 30 km/hr-40 km/hr ခန့်မောင်းနှင်နေရာမှ ယာဉ်ကြောရှင်းသော လမ်းမကြီးများတွင် 90-100 km/hr အထိ အရှိန်တင်၍ မောင်းလိုက်လျှင် စတီယာရင် တုန်ခါလာတက်ပါသည်။

အချို့သောတာယာများသည် စက်ရုံမှ ထုတ်လုပ်စဉ်ကပင် Balance အောက်နေတက်ပြီး ထို Balance အောက်နေသော တာယာဘီးတစ်လုံးသည် အရှိန်မြန်လာပါက တုန်ခါမှု (Vibration) ဖြစ်ပေါ်ပါသည်။

တုန်ခါမှုသည် ရှေ့ဘီးနှစ်လုံးတွင်ဖြစ်ပေါ်ပါက စတီယာရင်သို့ သက်ရောက်မှုဖြစ်ပေါ်စေပါသည်။

Steel Belted Tyre များသည် တာယာပန်းသားမကုန်မီကပင် တာယာရော်ဘာသားအတွင်းရှိ စတီးဝါယာကြိုးများ အထိုင်ပျက်ပြီး လိမ်ဖည်သွားတက်သည်။

လိမ်နေသောတာယာသည် စတီယာရင်ကွင်းကိုသာမက ကားကိုယ်ထည်တစ်ခုလုံးကိုပါ တုန်ခါလှုပ်ယမ်းစေပါသည်။

ဒစ်ဝှီးနေရာတွင် သံခွေ၊ သို့မဟုတ် အလွိုင်းခွေကို အသုံးပြုကြပြီး လမ်းအဆောင့်ဒဏ်တစ်ခု ကြီးကြီးမားမားရိုက်ခတ်ခံရပါက သံခွေ၊ အလွိုင်းခွေများသည် အလိုင်းမန့်အောက်ပြီး လိမ်ဖည်ဖည်ဖြစ်သွားနိုင်ပါသည်။

ဘဲဥပုံ လိုက်နေသော ဒစ်ဝှီးခွေကြောင့်လည်း တာယာဘီးများ လည်ပတ်ရာတွင် တုန်ခါမှုဖြစ်နိုင်ပါသည်။

ဒစ်ဝှီးနှင့် တာယာများ Balance အောက်နေခြင်း၊ လိမ်ဖည်နေခြင်းများ ရှိ/မရှိကို Balancing Machine စက်ပေါ်တွင် တင်၍ စစ်ဆေးကြည့်နိုင်ပါသည်။

ဘဲဥပုံလိုက်၍ လိမ်ဖည်နေသော ဒစ်ဝှီးနှင့် တာယာများ နေရာတွင် ဒစ်ဝှီးအသစ်နှင် တာယာများ အစားထိုး လဲလှယ်မှသာ ထိုအားနည်းချက်များကို ကုစားနိုင်ပါမည်။

Hub ဘောလ်များ အထိုင်ချောင်လွန်းနေခြင်းသည် ရှေ့ဘီးတာယာများကို ခါယမ်းစေပါသည်။

ရှေ့ဘီး Disc Brake များမကောင်းပါက ဘရိတ်ဖမ်းလိုက်ချိန်တွင် တုန်ခါမှု ဖြစ်ပေါ်စေသည့်အပြင် ရှေ့ဘီးတိုက်ရှော့၊ ဘောဂျွိုင်းများ၊ ဘွတ်များ ပွန်းစားပြီး အလွတ်ကစားမှု များနေပါက လမ်းကြမ်းများတွင် ကားမောင်းချိန်၌ တုန်ခါမှုဖြစ်ပေါ်စေနိုင်သည်။

ရှေ့ဘီးရှော့ဘားများ မထိန်းနိုင်ပါကလည်း လမ်းမျက်နှာပြင်လှိုင်းများ၊ ချိုင့်ခွက်များကြောင့် ဖြစ်ပေါ်သော တုန်ခါမှုများသည် စတီယာရင်သို့ သက်ရောက်နိုင်သည်။

စတီယာရင်စနစ်မှ ဂျွိုင်းဆက်များ၊ ဘွတ်များ ပွန်းစားပြီး ချောင်နေပါကလည်း တုန်ခါမှုဖြစ်ပေါ်စေနိုင်သည့်အပြင် ရှေ့ဘီးမောင်းကားများတွင် ဒူးဆစ် (C.V Joint) များစားနေပါကလည်း တုန်ခါမှုဖြစ်နိုင်ပါသည်။

ရှေ့ဘီး Hub ဘောလ်၊ Lock Nut များ ချောင်နေပါကလည်း တာယာဘီးများ ခါယမ်းနိုင်ပါသည်။

ကားအောက်ပိုင်း ဆပ်စပန်းရှင်းစနစ်မှ အစိတ်အပိုင်းများ ပွန်းစားပြီး အလိုင်းမန့်မှားယွင်းနေပါကလည်း ကားဘီးတာယာများ လည်ပတ်လျှင် တုန်ခါလာမည်ဖြစ်ပါသည်။

 

Read 1830 times