ကားစတီယာရင် ကိုင်ပုံကိုင်နည်းဆိုတာ


ကားစတီယာရင်ကို ဘယ်လို ဘယ်ပုံကိုင်လဲဆိုတာ ကားမောင်းတဲ့သူတွေအတွက် အနည်းငယ်တော့ အထူးအဆန်းဖြစ်နေပါလိမ့်မယ်။

လူတော်တော်များများကတော့ ကားစတီယာရင်ကိုင်တာဟာ မထူးခြားပါဘူး ဘယ်နေရာကိုင်ကိုင် သက်တောင့်သက်သာနဲ့ထိန်းချုပ်လို့ရရင်ပြီးတာပဲလို့ ထင်ကြပါတယ်။

တကယ်တော့ ကားစတီယာရင်ကိုင်နည်းဟာလည်း ကားမောင်းသူတွေအတွက် အရေးကြီးပါတယ်။

နိုင်ငံအလိုက်မတူညီတဲ့စတီယာရင် ကိုင်ပုံကိုင်နည်းတွေအများအပြား တွေ့ရပါတယ်။

လက်ကို ဆန့်တန်းပြီး လက်ကိုင်ဂွေကို ကိုင်သူများ ( စင်ကာပူ ) ၊ လက်တစ်ဖက်ကို နာရီလက်တံ ၁၂ နေရာတွင် တင်ပြီး မောင်းနှင်သူများ ( အမေရိက )နှင့် လက်တစ်ဖက်ကို အရေးအကြောင်းကြုံပါက

ဟွန်းတီးရန် အဆင်သင့်အနေအထားဖြင့် ဟွန်းပေါ်တွင် တင်ထားသူများ ( မြန်မာ ) စသည်ဖြင့် ပုံစံအမျိုးမျိုး ကိုယ်တွယ်ကြပါတယ်။

ကားစတီရင်သည် ကားတစ်စီး၏ ဦးတည်ရာတစ်ခုလုံးကို ထိန်းချုပ်သည့် တစ်ခုတည်းသောအရာဖြစ်သည့်အတွက် စတီယာရင်အား နည်းစနစ်တကျ မှန်မှန်ကန်ကန် ကိုင်တွယ်ဖို့လွန်စွာအရေးကြီးပါတယ်။

စတီယာရင်အား နည်းလမ်းမှန်စွာ စနစ်တကျကိုင်တွယ်ဖို့အတွက် ပထမအချက်အနေဖြင့် ထိုင်ခုံထိုင်သည့် အနေအထား မှန်ကန်ဖို့ လိုပါတယ်။

ဦးစွာစတီယာရင်နှင့် မိမိခန္ဓာကိုယ် အကွာအဝေးအတွက် ထိုင်ခုံပေါ်ထိုင်ပြီး မိမိလက်ကို ရှေ့သို့ဆန့်တန်းကာစတီယာရင်ပေါ် ( ၁၂နာရီ)ကိုတင်သည့်အခါမိမိလက်ကောက်ဝတ်နှင့် စတီယာရင် တို့ထိနေသည့်အနေအထား ဖြစ်ရပါမယ်။

၎င်းအကွာအဝေးသည် လေအိတ်ပွင့်ထွက်လာခဲ့သော်လည်း အန္တရာယ်မရှိသည့် အနေအထားဖြစ်ပြီး စတီယာရင်ကို ဆုတ်ကိုင်သည့်အခါတွင်လည်း လက်သည် ဆန့်တန်းမနေပဲ ရုတ်တရက် ပေါ်ပေါက်လာသည့် အန္တရာယ်ကို ရှောင်ရှားရန်

လက်မောင်းအား အသုံးပြုပြီး ထိန်းချုပ်နိုင်သည့်အနေအထား ဖြစ်ပါတယ်။

တစ်ချို့ကစတီယာရင် နှင့်တော်တော်ဝေးဝေးတွင်ထိုင်ပြီး လက်ကိုဆန့်တန်း မောင်းလေ့ရှိပြီး ပုံမှန်သွားလာနေသည့်အခါမျိုးတွင် အဆိုပါ ထိုင်ခုံထိုင်သည့်အနေအထားသည် အန္တရာယ်မရှိသော်လည်း အရှိန်ဖြင့်မောင်းနှင်သည့်အခါမျိုးတွင်

ထိုင်သည့်အနေအထားဝေးလွန်းပါက ကားအားထိန်းချုပ်ရ ခက်ခဲပြီး ယာဉ်တိုက်မှုများ ဖြစ်ပေါ်နိုင်ပါတယ်။

စတီယာရင်ကိုကိုင်တွယ်ရာမှာလည်း တင်းတင်းကြပ်ကြပ် ဆုတ်ကိုင်ထားခြင်းမျိုးမဟုတ်ပဲ အလိုက်သင့်အသာအယာ ကိုင်တွယ်ထိန်းချုပ်မောင်းနှင်ရပါမယ်။

၎င်းကဲ့သို့ ကိုင်တွယ်မောင်းနှင်ခြင်းဖြင့် ကားမောင်းရာတွင် ပိုမိုချောမွေ့မှုုရှိပြီး အန္တရာယ်ကျရောက်နိုင်သည့် အခြေအနေတွင်လည်း ရှောင်ရှားရန် ပိုမိုလွယ်ကူပါတယ်။

စတီယာရင် ကိုင်သည့်အနေအထားအမှန်ကတော့ ဘယ်ဘက်လက်သည် လက်ကိုင်ဂွေ၏ ဘယ်ဘက် ( ၃ နာရီ ) နှင့် ညာဘက်လက်သည် ညာဘက် ( ၉ နာရီ ) အနေအထားတွင်ဖြစ်ရပါမယ်။

များသောအားဖြင့် ကားတော်တော်များများတွင် အဆိုပါအနေအထားတွင်ကိုင်တွယ်ကြရပြီး လမ်းကြမ်းမောင်းနှင်ရသောကားနှင့် တစ်ချို့ကားများတွင် ၂ နာရီနှင့် ၁၀ နာရီတွင်ကိုင်ပြီး မောင်းနှင်ရပါတယ်။


စတီယာရင် မှန်ကန်စွာကိုင်ခြင်းဖြင့် အန္တရာယ်မှ ကာကွယ်ပေးခြင်း
===============

ပုံပါအတိုင်း နည်းလမ်းမှန်စွာကိုင်ခြင်း ( ၃ နာရီနှင့် ၉ နာရီ ၊ တံတောင်သည်ဆန့်မနေပဲ အနည်းငယ်ကွေးနေခြင်း ) ဖြင့် ယာဉ်တိုက်ခိုက်မှုတွင် လက်သည်ဆန့်တန်းမနေပဲ အလိုက်သင့် ကွေးပေးသောကြောင့် လက်ကျိုးခြင်းမျိုးမှ ကာကွယ်ပေးပါတယ်။

ပုံပါအတိုင်း ၃နာရီနှင့် ၉နာရီတွင် ကိုင်ထားသောကြောင့် မတော်တဆထိခိုက်မှုကြောင့် လေအိတ်ထွက်လာပါက လေအိတ်အတွက်လမ်းဖွင့်ပေးထားပြီးဖြစ်၍ လက်သည် လေအိတ်နှင့်မိမိခန္ဓာကိုယ် ကြားတွင်ရှိမနေ လေအိတ်ကြောင့်

လက်ကျိုးခြင်းစသဖြင့် မလိုလားအပ်သော အန္တရာယ်များမှ ကာကွယ်ပေးပါတယ်။

မိမိကား၏ ဘီးများတုန့်ပြန်မှုကို ခံစားသိရှိရခြင်း
===========

မိမိလက်များအား စတီယာရင် ဘေးနှစ်ဘက်တွင်ကိုင်ထားခြင်းအားဖြင့် မိမိကားရှေ့ဘီးနှစ်ဘီးမှ တုန့်ပြန်မှုများကို ခံစားသိရှိနိုင်ပါတယ်။

စတီယာရင်အား ညင်သာစွာ ဆုတ်ကိုင်ထားခြင်းအားဖြင့် ယာဉ်မောင်းနေစဉ်အတွင်း မိမိကားအလိုင်းမန့်မညီခြင်း ၊ လေပေါင်နည်းခြင်း ၊ တိုင်းရော့ဘုရှ်များပါးခြင်းစသည့်အခြေအနေများကိုမိမိလက်မှ ခံစားမိပါတယ်။

စတီယာရင်၏ ဘယ်ဘက်နှင့် ညာဘက်တွင် ကိုင်ထားခြင်းဖြစ်သောကြောင့် အဆိုပါအခြေအနေကြောင့်ဖြစ်ပေါ်လာသော ပုံမှန်မဟုတ်သည့်တုန်ခါမှုမျိုးကို ဘယ် သို့မဟုတ် ညာဘက် စသည်ဖြင့် တိုက်ရိုက်သိရှိနိုင်ပါတယ်။

အကွေ့များတွင် ညင်သာချောမွေ့စွာ ကွေ့နိုင်ခြင်း
===========

အဆိုပါ ၃ နာရီနှင့် ၉ နာရီတွင် ကိုင်ထားလျှင် စတီယာရင်လှည့်ရာတွင် လက်များမလိုအပ် ပဲ ပြောင်းရွှေ့စရာမလိုပဲ ညင်သာစွာ မောင်းနှင်နိုင်ပါတယ်။

ဆိုလိုချင်တာကတော့ အရှိန်ဖြင့် မောင်းနှင်နေစဉ် အကွေ့တစ်ခုအား ကျော်ဖြတ်ရာ၌ လက်များပြောင်းဖို့မလိုသောကြောင့် မိမိယာဉ်အား ပိုမိုတည်ငြိမ်စွာ ထိန်းချုပ်နိုင်ပါတယ်။

ဒါကြောင့် formula one ကဲ့သို့သော ပြိုင်ကားများ၏ စတီယာရင်မှာ အဝိုင်းမဟုတ်ပဲ ၃ နာရီနှင့် ၉ နာရီတွင်သာ ကိုင်တွယ် မောင်းနှင်လို့ရအောင် ပုံစံမျိုးတတ်ဆင်ထားပါတယ်။

စတီယာရင်ကိုင်ပုံနှင့်ပတ်သက်ပြီး အငြင်းပွားမှုများစွာလည်းရှိပါတယ်။

ရှေးကျသော ယာဉ်မောင်းနှင်သူများအဖို့ “hand over hand” ဟုခေါ်သော ကွေ့ရာတွင် လက်တစ်ဖက်ပြီး တစ်ဖက် ကန့်လန့်အနေအထားမျိုးဖြင့် ကွေ့ခြင်းမျိုးကွေ့ကြပါတယ်။

ယခုနောက်ပိုင်း လေအိတ်စနစ်ပေါ်ထွက်လာသောကြောင့် အဲလို အချိန်မျိုးတွင် လေအိတ်ပွင့်ထွက်လာပါက မိမိလက်ကိုရိုက်ချိုးသကဲ့သို့ဖြစ်နိုင်ပြီး အန္တရာယ်ရှိပါတယ်။

ဒါကြောင့် ယခုနောက်ပိုင်းတွင် ကွေ့ရာ၌ လက်တစ်ဖက်ပေါ်တစ်ဖက် ကန့်လန့်အနေအထားမျိုးဖြင့်ကွေ့ခြင်းအစား “shuffling” ဟုခေါ်သော လက်သည် လေအိတ်ထွက်ပေါက်အတွက် ဖွင့်ပေးထားပြီး

မသိမသာ စတီယာရင်အား လျောပြီးလှည့်ခြင်းမျိုးဖြင့် မောင်းနှင်ရန် တိုက်တွန်းလာကြပါတယ်။

ထိုသို့ကွေ့ခြင်းမျိုးအား အသားကျအောင် ဖြည်းဖြည်းခြင်းပြောင်းယူဖို့တော့လိုအပ်ပါတယ် ။ “ shuffling ”နှင့် “ Hand over hand” တို့တွင် “shuffling” သည် ယနေ့ခေတ်ပေါ်ကားများ မောင်းနှင်ရာ၌

ထိခိုက်ဒဏ်ရာရရှိမှု ပိုမိုနည်းစေနိုင်သောမောင်းနှင်မှုလက်အနေအထား ဖြစ်ပါတယ်။

Read 10342 times