ယနေ့ခေတ်ပေါ်ကားများတွင်ယာဉ်မောင်းအထောက်အကူပြုစနစ်များပါဝင်ဖွဲ့စည်းတည်ဆောက်ထားသဖြင့် ခရီးဝေးမောင်းနှင်ရာ၌ယာဉ်မောင်းသူကိုသက်သာစေသည်။
ဘေးအန္တရာယ်လည်းကင်းစေသည်။
အဝေးပြေး Highway လမ်းမကြီးတွင် မိုင်ပေါင်းရာချီဝေးသောခရီးရှည်တစ်ခုကို နာရီပေါင်းများစွာ မောင်းနှင်ရသည်။
Highway လမ်းမကြီးတွင်သတ်မှတ်အမြန်နှုန်း ( Speed) အတွင်းသာမောင်းရသည်။
သတ်မှတ် Limit Speed ထက်လျော့၍လည်းမရ၊ ပို၍လည်းမောင်းခွင့်မရှိ။
ရှည်လျားသောခရီးစဉ်တစ်ခုကို ပုံသေအမြန်နှုန်းတစ်ခုဖြင့် ရွေ့လျားနေစေရန်ယာဉ်မောင်းသည်။
အရှိန်ထိန်းလီဗာကိုအချိန်ကြာကြာနင်းထားရလျှင်ခြေထောက်ကြွက်သားများညောင်းညာလာမည်။ နာရီပေါင်းများစွာကြာလျှင် ပင်ပန်းနွမ်းနယ်မှုများဖြစ်မည်။
ပုံသေအမြန်နှုန်းသတ်မှတ်ချက်အတွင်းမော်တော်ကားတစ်စီးအစဉ်ရွေ့လျားနေစေရန်ကွန်ပျူတာ ထိန်းချုပ်စနစ်မှ စေခိုင်း၍ရသည်။
အမြန်နှုန်းထိန်းချုပ်စနစ်ခေါ် Cruise Control (သို့မဟုတ်) Speed Control (သို့မဟုတ်) Autocruise စနစ်ကို ခေတ်ဟောင်း ကားများတွင်သုံးခဲ့သည်။
ယနေ့ခေတ်ကားများ၏ Engine Management System သည်ကွန်ပျူတာစနစ်ဖြစ်သည်။
ကွန်ပျူတာစနစ်ဖြင့်ထိန်းကျောင်းသော Cruise Control စနစ်ကို Adaptive Cruise Control (ACC) ဟုခေါ်သည်။
ယာဉ်မောင်းသူတစ်ဦးသည် Highway အမြန်လမ်းတစ်ခုတွင်ခရီးရှည်သွားလာမောင်းနှင်ရပါကကား စတီယာရင်ကွင်းတွင်ပါသော Cruise Control ခလုတ်ကိုနှိပ်ပြီးမိမိမောင်းလိုသော Speed ကို Setting လုပ်ပေး ရန်သာလိုသည်။
နာရီပေါင်းများစွာလီဗာကိုနင်းထားစရာမလိုတော့လူသက်သာသည်။
လမ်းကြောင်းယာဉ်ကြောအခြေအနေအရကားအမြန်နှုန်းကိုလိုအပ်သလိုအတိုးအလျှော့လုပ်ပေးနိုင်သည်။
ရှေးယခင်ကအင်ဂျင်တစ်လုံး၏ Speed Control ကို ဂါဗနာ (Governor) ဖြင့်ထိန်းကျောင်းပေးခဲ့သည်။
ခေတ်မီ Cruise Control စနစ်ကိုတီထွင်ခဲ့သူမှာစက်မှုအင်ဂျင်နီယာ Ralph Teetor ဆိုသူဖြစ်သည်။
(၁၉၄၈) ခုနှစ်လောက်ကတည်းကတီထွင်ခဲ့ခြင်းဖြစ်သည်။
(၁၉၇၃) ခုနှစ် ကမ္ဘာ့ရေနံအကျပ်အတည်း (Oil Crisis) ဖြစ်သောအခါ Cruise Control စနစ်သည်လောင်စာဆီ ချွေတာနိုင်ရန်လူကြိုက်များရေပန်းစားလာခဲ့သည်။
အီလက်ထရွန်နစ်စနစ်ဖြင့်ထိန်းချုပ်သော Electronic Cruise Control စနစ်သည် (၁၉၆၈) ခုနှစ်လောက်တွင် ပေါ်ထွက်လာသည်။
တီထွင်ခဲ့သူမှာ Daniel Aaron Wisner ဆိုသူအင်ဂျင်နီယာတစ်ဦးဖြစ်သည်။
အီလက်ထရွန်နစ် Cruise Control စနစ်သည်ယနေ့ခေတ်စားနေသော Adaptive Cruise Control စနစ်၏ ရှေ့ပြေးနည်းပညာဖြစ်သည်။
Adaptive Cruise Control ကွန်ပျူတာ ထိန်းချုပ်စနစ်ဖြစ် ၍ Intelligent Cruise Control ဟု လည်း ခေါ်သည်။ ရေဒါနှင့် လေဆာအာရုံခံ ကိရိယာများကို အသုံးပြုထား၍ Radar Cruise Control ဟုလည်းခေါ်သည်။
ယနေ့ခေတ်ပေါ်ဇိမ်ခံကား ကောင်းများတွင် Adaptive Cruise Control တပ်ဆင်ပါရှိ၍ ယာဉ်မောင်းနှင်ရာတွင် အထောက်အကူပြုသည့် အပြင် ယာဉ်မတော်တဆမှုကို ကြိုတင် ကာကွယ်ပေးသည်။ ရေဒါနှင့် လေဆာ ဆင်ဆာများက အာရုံခံ သတင်းပို့နေ၍ မိမိကားရှေ့တွင်ရှိသော အတားအဆီးများ၊ အခြားကားများနှင့် နီးကပ်လာပါက ကွန်ပျူတာ စနစ်က ကားရွေ့လျားနေသော အမြန်နှုန်းကို အလိုအလျောက်ထိန်းကျောင်း ပေးသည်။
ထိုသို့ ထိန်းကျောင်းနိုင်ရန် အရေးပေါ် ဘရိတ်စနစ်ကို ကွန်ပျူတာ ညွှန်ကြားချက်ဖြင့် အလုပ်လုပ်စေသည်။ ရှေ့တွင်အန္တရာယ်ကင်းရှင်းမှု ရှိ / မရှိကို ကားရှေ့ရှဲကြားတွင် တပ်ဆင်ထားသော ရေဒါက အာရုံခံ၍ ထောက်လှမ်းပေးသည်။
ယာဉ်ကြောရှင်းလင်းသွားပါကမူလသတ်မှတ်ထားသော Speed အမြန်နှုန်းအတိုင်းအလိုအလျောက် စက်ရှိန်မြင့်တက်လာစေရန်ကွန်ပျူတာကညွှန်ကြားစေခိုင်းသည်။
ဤစနစ်တွင် ကားတစ်စီး၏ အမြန်နှုန်းကို လမ်းအခြေအနေ၊ ယာဉ်ကြောအခြေအနေ၊ ပတ်ဝန်းကျင် အတားအဆီးများအခြေအနေများအရလိုအပ်သလို အလိုက်သင့် ပြောင်းလဲ၍ ထိန်းကျောင်းပေးနိုင်သဖြင့် Adaptive Cruise Control (ACC) ဟု ခေါ်ဆိုခြင်းဖြစ်သည်။
ACC စနစ်သည် Autonomous Car များ၏ရှေ့ပြေးအခြေခံနည်းပညာဖြစ်လာသည်။
ACC စနစ်တွင်အာရုံခံထောက်လှမ်းနိုင်သော ရေဒါစနစ်၊ လေဆာအာရုံခံစနစ်များပါ၍ကားရှေ့တွင်ရှိနေသော အခြားကားများ၏ အကွာအဝေးနှင့်အမြန်နှုန်း ( Speed) ကိုသိရှိနိုင်သည်။
မိမိကား ရွေ့လျားနေသော အမြန်နှုန်းနှင့် နှိုင်းယှဉ်ပြီး ရှေ့တွင်ရှိသော အခြားကားများနှင့် ပိုမိုနီးကပ်လာလျှင် အလိုအလျောက် ဘရိတ်ဖမ်းပေးနိုင်သည်။
ရေဒါစနစ်၏ ထိရောက်စွာထောက်လှမ်းပေးနိုင်သောအကွာအဝေးမှာမီတာ ၁၅၀ (၄၉၂ ပေ) ရှိသည်။ ရွေ့လျားနေသောမော်တော်ယာဉ်၏ Speed Ranging မှာ 18.6 mph မှ 111 mph အတွင်းဖြစ်သည်။ ရေဒါစနစ်သုံးသောတုန်ခါနှုန်းမှာ 77 GHz ရှိသည်။
ဈေးကွက်၌ လူကြိုက်များရေပန်းစားနေသောရေဒါစနစ်ကုမ္ပဏီအမှတ်တံဆိပ်များမှာ TRW နှင့် Delphi တို့ ဖြစ် သည်။
Adaptive Cruise Control နည်းပညာမှ Collision Warning System (ယာဉ်တိုက်မှုကြိုတင်ကာကွယ်ရေး သတိပေးစနစ်) ကို ဖွံ့ဖြိုး တိုးတက်စေသည်။
ထိုစနစ်တွင်ယာဉ်မောင်းသူအားအသံဖြင့်ကြိုတင်သတိပေးနိုင်သည်။
အကယ်၍ ယာဉ်မောင်းအိပ်ငိုက်နေ၍ ရှေ့တွင်ရှိသောယာဉ်တစ်စီးစီးနှင့်တိုက်လုနီးပါး ဖြစ်လာပါကလည်း အလိုအလျောက် ဘရိတ်စနစ်က ချက်ချင်း ရပ်တန့်သွားစေရန် လုပ်ဆောင်ပေး သည်။
Laser Adaptive Cruise Control စနစ်ကို Toyota က (၁၉၉၇) ခုနှစ်တွင်ဂျပန်ဈေးကွက်၌စတင် မိတ်ဆက်ပြသခဲ့သည်။
Nissan, Jaguar, Mercedes တို့ကလည်း ACC စနစ်ကို (၁၉၉၉) ခုနှစ်တွင်တစ်ပြိုင်တည်းယှဉ်ပြိုင်၍ပြသနိုင်ခဲ့ ကြသည်။
(၂၀၀၄) ခုနှစ်တွင် Toyota ကပိုမိုကောင်းမွန်သော Low-Speed Tracking Mode အမည်ဖြင့် ACC စနစ်ကို Crown Majesta ဇိမ်ခံကား တွင် တပ်ဆင်မိတ်ဆက် ပြသနိုင်ခဲ့သည်။
(၂၀၁၃) ခုနှစ်တွင် BMW က ACC စနစ်ကို Traffic Jam Assistant အမည်ဖြင့်ကားဈေးကွက်သို့ ဝင် ရောက်လာသည်။ (၂၀၁၄) ခုနှစ် နောက်ဆုံး အကောင်းဆုံးတင်ပြနိုင်ခဲ့သောကားကုမ္ပဏီမှာအမေရိကန်မှ Chrysler ဖြစ်သည်။
မောင်းသူမဲ့ကားနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက်နည်းပညာအခြေခံအုတ်မြစ်ချပေးခဲ့သော (၂၁) ရာစု အဆင့်မြင့်မော်တော်ယာဉ်နည်းပညာရပ်များတွင်ကွန်ပျူတာစနစ်သုံး Adaptive Cruise Control (ACC) သည်လည်းတစ်ခုအပါအဝင်ဖြစ်ပါသည်။