ယခုနှစ်အတွင်း ကားအရောင်းစင်တာ ၅၆ ခု ပိတ်သိမ်းခဲ့သော်လည်း လုပ်ငန်းဆက်လက်လည်ပတ်နေသည့်အရောင်းစင်တာ ၁၃၂ ခုအထိ ကျန်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရပါတယ်။
ယခုနှစ် မတ်လမကုန်မီအထိ စာရင်းရှင်းလင်း ပိတ်သိမ်းသည့် ကားအရောင်းစင်တာ ၈၅ ခုနှင့် ကားအရောင်းပြခန်း နှစ်ခုရှိပြီး သတ်မှတ်ချက်နှင့် မကိုက်ညီသည့် ကားအရောင်းစင်တာများကို ပါမစ်ထုတ်ပေးခြင်း ယာယီရပ်နားရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားထားပါတယ်။
ပြီးခဲ့သည့်နှစ် မကုန်မီအထိ ကားအရောင်းစင်တာနှင့် ကားအရောင်းပြခန်း ၃၁ ခု ပိတ်သိမ်းခဲ့သလို ယခုနှစ်စမှ မတ်လ တတိယပတ်အထိ ကားအရောင်းစင်တာ ၅၆ ခု စာရင်းရှင်းလင်း ပိတ်သိမ်းခဲ့ပါတယ်။ သို့ဖြစ်၍ လက်ရှိအချိန်တွင် ကားအရောင်းစင်တာ ၈၅ ခုနှင့် ကားအရောင်းပြခန်းနှစ်ခု စာရင်းရှင်းလင်းပိတ်သိမ်းပြီးဖြစ်ပါတယ်။
“၂၀၁၉ ခုနှစ်ထဲမှာ စာရင်းရှင်းပြီးဖြစ်တဲ့အတွက် ကားအရောင်းစင်တာ ၅၆ ခု ပိတ်သိမ်းခွင့် ပြုခဲ့ပါတယ်၊ လက်ရှိအချိန်အထိ ကားအရောင်းပြခန်းနဲ့ ကားအရောင်းစင်တာ ရှစ်ဆယ်ကျော် ပိတ်သိမ်းသွားတဲ့အတွက် အရောင်းစင်တာ ၁၃၂ ခုနဲ့ အရောင်းပြခန်း ၃၈ ခုပဲ ကျန်ပါတယ်၊ လိုက်နာရမယ့်စည်းကမ်းတွေနဲ့ ကိုက်ညီမှုမရှိတဲ့ ကားအရောင်းစင်တာတချို့ကို စာရင်းရှင်းပြီး ပိတ်သိမ်းဖို့ ညွှန်ကြားထားပါတယ်၊ လက်ရှိမှာ စာရင်းရှင်းဖို့ကျန်နေတဲ့ ကားအရောင်းစင်တာတွေကိုတော့ ကားတင်သွင်းခွင့် ယာယီ ပိတ်ထားပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
စာရင်းရှင်းလင်းပြီးဖြစ်သော ကားအရောင်းစင်တာ ၈၅ ခုနှင့် ကားအရောင်းပြခန်းများထဲမှ Tharawun International Service ၊ Fortune Motors Servies Co.,Ltd တို့ကိုလည်း ပိတ်သိမ်းခွင့်ပြုခဲ့ပါတယ်။ လက်ရှိအချိန်တွင် စာရင်းရှင်းလင်းပြီး ပိတ်သိမ်းရန် တင်ပြထားသည့် ကားအရောင်းစင်တာများ ကျန်ရှိသော်လည်း အသစ်ဖွင့်လှစ် ရောင်းချခွင့်ပြုရန် တင်ပြထားသည်မှာ ကားအရောင်းပြခ နှစ်ခုခန့်သာရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရပါတယ်။