ကားအစီးရေ ၁၀ သိန်းကျော်တွင် ရန်ကုန်တိုင်းတစ်ခုတည်း၌ ကားအစီးရေ ၅ သိန်းကျော် ယာဉ်မှတ်ပုံတင်ထား


မြန်မာတစ်နိုင်ငံလုံးရှိ ကားအစီးရေ ၁၀ သိန်းကျော်တွင် ရန်ကုန်တိုင်းတစ်ခုတည်း၌ ကားအစီးရေ ၅ သိန်းကျော် ယာဉ်မှတ်ပုံတင်ထားရှိ‌ကြောင်း သိရသည်။

လက်ရှိတွင် ၂၀၁၉ ခုနှစ် မတ်လအထိ မြန်မာတစ်နိုင်ငံလုံးတွင် မှတ်ပုံတင်ထားရှိသည့် မော်တော်ယာဉ်အစီးရေမှာ ၁,၀၈၂,၁၉၇ စီး ကို မှတ်ပုံတင်ပြုလုပ်ထားရှိပြီး ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ ထော်လာဂျီ အပါအဝင် စက်တပ်ယာဉ် အစီးရေမှာ ၇,၃၃၁,၈၉၄ စီးအား မှတ်ပုံတင်ထားရှိသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ထားရှိသော ကားအစီးရေမှာ ၅ သိန်းကျော်သွားပြီဖြစ်သည်။

"ကားအစီးရေက လွန်ခဲ့တဲ့ ၁၀ နှစ်က မှတ်ပုံတင်ထားတဲ့ ယာဉ်အစီးရေထက် အရမ်းများလာတယ်။ အရင်က အခုကားအစီးရေရဲ့ ၁၀ ပုံ ပုံ ၁ ပုံပဲရှိတယ်။ ကားအစီးရေက အခုလက်ရှိဆို ၁၀ သိန်းကျော်သွားပြီ။ ရန်ကုန်တိုင်းမှာပဲ ကားအစီးရေက ၅ သိန်းကျော်ရှိနေတယ်။ တစ်နိုင်ငံလုံးမှာ မှတ်ပုံတင်ထားတဲ့ ကားတွေ၊ ဆိုင်ကယ်တွေ၊ ထော်လာဂျီတွေ အားလုံးပေါင်းရင်တော့ သိန်း ၇၀ လောက်ရှိပါတယ်။" ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၉ ခုနှစ် မတ်လ ၁ ရက်နေ့အထိ မော်တော်ယာဉ်အစီးရေ ၁၀ သိန်း ၈ သောင်းကျော် မှတ်ပုံတင်ပြုလုပ်ထားရှိရာ ဘယ်မောင်းကားအစီးရေမှာ ၂ သိန်းနီးပါးထိရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရသိရသည်။

 

Read 442 times