မော်တော်ယာဉ်ဥပဒေတွင် SKD စနစ်ဖြင့် ထုတ်လုပ်သည့်ကားများအတွက် တိကျသေချာသည့် စံနှုန်းသတ်မှတ်ချက် ထည့်သွင်းပေးရန် အကောက်ခွန်ဦးစီးဌာနမှ အကြံပြုတင်ပြထားကြောင်းသိရပါသည်။
SKD စနစ်ဖြင့် ထုတ်လုပ်သည့်ကားများကို ကောက်ခွန်စည်းကြပ်ရာတွင် အခက်အခဲများရှိနေသည့်အတွက် လက်ရှိပြဌာန်းထားသော SKD-1 နှင့် SKD-2 အဆင့်သတ်မှတ်ချက် နှစ်ခုမှ တစ်ခုကို ရွေးချယ်အတည်ပြု၍ မော်တော်ယာဉ် ဥပဒေတွင် ထည့်သွင်းရေးဆွဲပေးရန် တင်ပြထားကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရပါသည်။
ပြည်ပမှ မော်တော်ယာဉ်အစိတ်အပိုင်းတင်သွင်းသည့်အခါတွင် တစ်ချို့ကုမ္ပဏီများက SKD-1 နှင့် တင်ပြပြီး အချို့မှာ SKD-2 ဖြင့် ထုတ်ပါသည်။
ထို့ကြောင့် အခွန်စည်းကြပ်သည့်အခါတွင် မည်သည့်သတ်မှတ်ချက်ဖြင့် တိုက်စစ်ရမည်၊ မည်သို့စစ်ဆေးရမည် ဆိုတာကို မော်တော်ယာဉ်ဥပဒေမှာ ထည့်သွင်းရေးဆွဲပေးရန်အတွက် တင်ပြထားသည်ဟု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါသည်။
ယခုနှစ်မှ စတင်လုပ်ကိုင်သည့် ကုမ္ပဏီများကို SKD-2 တွင် ပါဝင်သည့် သတ်မှတ်ချက် ၁၀ချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်ရန် ညွှန်ကြားထားသကဲ့သို့ ကုမ္ပဏီအဟောင်းများကိုလည်း SKD-1 မှ SKD-2 စနစ်သို့ အမြန်ဆုံး ပြောင်းလဲဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရပါသည်။
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ထိုသတ်မှတ်ချက်နှစ်ခုကြားတွင် အခွန်စည်းကြပ်ရန် အခက်အခဲဖြစ်ပေါ်နေ၍ မော်တော်ယာဉ်ဥပဒေတွင် SKD ကားများအတွက် တိကျသည့် သတ်မှတ်ချက်တစ်ခု ထည့်သွင်းပေးရန် တင်ပြထားခြင်းဖြစ်ကြောင်း သိရပါသည်။