ရန်ကုန်မြို့တွင်း ကားပါကင်စနစ်ဖော်ဆောင်ရန် မြေပြင်ကွင်းဆင်းစစ်ဆေး


ရန်ကုန်မြို့တွင်း ကားပါကင်စနစ်ဖော်ဆောင်ရန် ကနဦးနေဖြင့် ကျောက်တံတားမြို့နယ်နှင့် ပန်းပဲတန်းမြို့နယ်တို့၌ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ၏ ပြောကြားချက်အရ သိရပါတယ်။

ကားပါကင်စနစ်အတွက် မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းကို အဆိုပါမြို့နယ်နှစ်ခုမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ယင်းကဲ့သို့ စစ်ဆေးရာတွင် ကားပါကင်ထားရှိနိုင်မည့် အခြေနေများ၊ မည်သို့ဖော်ဆောင်ရန်နှင့် သင့်လျော်မည့် အခြေနေများ၊ ကားပါကင်ထားရှိရန် မသင့်လျော်သောနေရာများကို စစ်ဆေးခြင်းဖြစ်ပါတယ်။

လက်ရှိတွင် တင်ဒါခေါ်ယူထားပြီး မြို့တွင်းခြောက်မြို့နယ်အတွက် ကုမ္ပဏီတစ်ခုတည်းကိုသာ ရွေးချယ်မည်ဖြစ်ကြောင်း၊ ယခင်မြို့တွင်းခြောက်မြို့နယ်အတွင်း ယာဉ်ရပ်နားကန့်သတ်ဇုန်အဖြစ် ရှစ်ခုအထိသတ်မှတ်ခဲ့ပြီး လက်ရှိတွင် အတိအကျမသိရသေးကြောင်း သိရပါတယ်။

"ကားပါကင်စနစ် ဖော်ဆောင်နိုင်မယ့် အခြေနေတွေကို အရင်ဆုံးကွင်းဆင်းစစ်ဆေးတယ်။ ဒါမှ ကားပါကင်စတင်လုပ်ဆောင်တာနဲ့ ဘယ်နေရာတွေမှာလုပ်လို့မရဘူးဆိုတာကို ပြောနိုင်မယ်။ တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီဘက်ကတင်ပြလာမှုနဲ့ မြေပြင်ကွင်းဆင်းစစ်ဆေးချက်ရလဒ်တွေကို နှိုင်းယှဉ်ပြီး စတစ်တကျဖြစ်လာအောင် ဖော်ဆောင်မှာပါ"ဟု ဒေါ်ကြည်ပြာက ပြောကြားခဲ့ပါတယ်။

Readmore;"င"လိုင်စင်အနီကနေ"ခ"လိုင်စင်အနက်ပြန်ပြောင်းမယ်

ရန်ကုန်မြို့တွင်းခြောက်မြို့နယ်၌ Smart parking စနစ်ကို ဖော်ဆောင်နိုင်ရန်အတွက် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှစ၍ ခြောက်လအတွင်း အကောင်အထည်ဖော်ရန်တင်ပြခဲ့ကြောင်း၊ လက်ရှိတွင် ယင်းစနစ်အတွက် EOI ခေါ်ယူခဲ့ပြီး တင်ဒါခေါ်ယူနိုင်ရေးကို ဆက်လက်ဆောင်ရွက်နေကြောင်း သိရပါတယ်။

ကားပါကင်များ၌ ယာဉ်တစ်စီးလျှင် ငွေကျပ် ၂၀၀ နှုန်းကောက်ခံမည်ဖြစ်ပြီး အမြဲတမ်းရပ်နားမည့် ယာဉ်များအတွက် လပေးစနစ်ပါ ထည့်သွင်းရန်အစီအစဉ်ရှိကြောင်း၊ လပေးစနစ်ဖြင့်ရပ်နားသောယာဉ်များအတွက်လည်း ရပ်နားခသက်သာစွာလုပ်ဆောင်ပေးရန်စီစဉ်ထားပြီး မြေပြင်ကွင်းဆင်းလေ့လာမှုများကို ခြောက်မြို့နယ်အတွင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါတယ်။

Source;မြဝတီ

Read 452 times