အရှေ့တောင်အာရှ ကားအုံနာ အချိုးအစား မြန်မာ နှင့် လာအို အနည်းဆုံး


 အာဆီယံမော်တော်ယာဉ်အဖွဲ့ချုပ် (ASEAN Automotive Federation)မှ ထုတ်ပြန်သောကိန်းဂဏန်းများအရ ပျမ်းမျှအားဖြင့် လူဦီးရေ တစ်ထောင်တွင် ကားတစ်စီး ပိုင်ဆိုင်မှု အချိုးအစားအရ ဘရူနိုင်းနိုင်ငံသည် ၇၂၁ စီးဖြင့် နံပါတ် (၁) နေရာတွင် ရှိနေသည်။

 

မလေးရှားသည် ၄၄၃ စီးဖြင့် ဒုတိယနေရာတွင် ရှိနေပြီး ထိုင်းနိုင်ငံသည် ၂၂၆ စီးဖြင့် တတိယနေရာတွင် ရှိသည်. မြန်မာနှင့် လာအို နိုင်ငံတို့သည် ၂၀ စီးဖြင့် အနည်းဆုံးနိုင်ငံများ ဖြစ်ကြသည်။

 

 

COVID-19 ကူးစက်ရောဂါကြောင့် အရှေ့တောင်အာရှတွင် စီးပွားရေးကို အကြီးအကျယ် ထိခိုက်နေသည့်အချိန်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ ဘရူနိုင်းက ၂၀၂၀ ပြည့်နှစ်ပ ထမငါးလအတွင်း ကားရောင်းအား ၈ ရာခိုင်နှုန်းနီးပါး တိုးတက်လာသည်ကို တွေ့ကြရသည်။

 

အာဆီယံမော်တော်ယာဉ်အဖွဲ့ချုပ် (ASEAN Automotive Federation)မှ ထုတ်ပြန်သောကိန်းဂဏန်းများအရ ဘရူနိုင်းနိုင်ငံတွင် စုစုပေါင်း ကားအစီးရေ ၅,၃၈၈ စီး ရောင်းချခဲ့ရပြီး ယခင်နှစ် အလားတူကာလအတွင်း ၄၉၆၆ စီး ရောင်းချခဲ့သည်။

 

၎င်းသည်  coronavirus ကြောင့် အသွားအလာများ ပိတ်ထားရသည့်ကာလတွင် အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ ကားများ၏ ရောင်းအားကျဆင်းမှု ၄၃ ရာခိုင်နှုန်း နှင့် သိသိသာသာ ပြောင်းပြန်ဖြစ်နေသည်။ ဘရူနိုင်းမှာ ရောင်းအားတက်ရခြင်းအတွက် အကြောင်းရင်းနှစ်ခုရှိသည်။

 

ပထမတစ်ခုမှာ ဘရူနိုင်းတွင် COVID-19 ဖြစ်ပွားမှုပျံ့နှံ့မှုကို တားဆီးရာ၌ အောင်မြင်ခြင်းဖြစ်သည်။ ရောဂါကူးစက်မှု ပထမဖြစ်ရပ်ကို ၂၀၂၀၊ မတ်လ ၉ ရက်တွင် တွေ့ရှိခဲ့ပြီး  စဉ်ဆက်မပြတ်လုပ်ဆောင်မှုများပြုလုပ်ပြီးနောက် ကူးစက်မှုကို အနိုင်ယူခဲ့သည်။

 

သေဆုံးမှုသုံးခု၊ ၁၄၁ မှုနှင့် ၆၉ ရက်အတွင်း ကူစက်မှုအသစ်များ မတွေ့ရခြင်းနှင့်အတူ ဘရူနိုင်းအစိုးရသည် နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှုများကို ဖြေလျော့ပေးခဲ့ပြီး ပြည်တွင်းစက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများကို ပြန်နိုးထသွားအောင် အကျိုးအမြတ် ခံစားခွင့်များဖြင့် ဆောင်ရွက်ပေးခဲ့သည်။ ကားရောင်းအား တက်သွားခြင်းက စီးပွားရေး ပြန်ဦးမော့သွားခြင်းကို သက်သေထူနေသည်။

 

ကားပိုင်ဆိုင်မှု မကျဆင်းရခြင်းအတွက် အရေးပါသည့်အချက်တစ်ချက်မှာ နိုင်ငံအတွင်း အများပြည်သူ စီးနင်းလိုက်ပါနိုင်သော သယ်ယူပို့ဆောင်ရေး အားနည်းနေခြင်း ဖြစ်သည်။ သို့ဖြစ်ရာ သွားလာမှုများအတွက် ကိုယ်ပိုင်ကားကိုသာ အဓိကအားကိုးအားထား ပြုကြရသည်။

 

ဖွံ့ဖြိုးတိုးတက်မှု ၀ န်ကြီးဌာနနှင့် မဟာဗျူဟာနှင့်မူဝါဒလေ့လာရေးဌာန (Ministry of Development and Centre for Strategic and Policy Studies-CSPS) မှ ပြုစုသော Land Transport White Paper 2013 အရ   ဘရူနိုင်းသည် အများပြည်သူ သယ်ယူပို့ဆောင်ရေးကွန်ယက် ဖြန့်ကျက်ဖို့ ကျန်ရှိနေသေးသည့် တစ်ခုတည်းသော အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည်။

 

အများပြည်သူတို့ မြေပြင်တွင် သွားလာမှုများအတွက် စီးစရာဟူ၍ ဘတ်စ်ကားသာ ရှိပြီး ရထား မရှိချေ။ တက္ကဆီများသည်လည်း အနည်းအကျဉ်းမျှသာ ရှိသည်။ ပုဂ္ဂလိကပိုင် တက္ကဆီ ၄၈ စီးသာရှိသည်။

 

သို့ဖြစ်ရာ တရားမဝင် ပြေးဆွဲသော တက္ကဆီများကို မှီခိုအားထားရပြီး ယင်းတက္ကဆီမှာ ရှိမရှိ၊ ငှား၍ ရမရ တပ်အပ်သေချာ မပြောနိုင်ပေ။ သို့ဖြစ်ရာ ကိုယ်ပိုင်ကားဖြင့် သွားလာဖို့သည် လိုအပ်ချက်တစ်ရပ် ဖြစ်နေခြင်းကလည်း ကားရောင်းအား မကျဆင်းသည့် အကြောင်းတစ်ချက် ဖြစ်သည်။ 

 

ဓာတ်ဆီဈေးကို အစိုးရက အထောက်အပံ့ပြုပေးထားသဖြင့် အလွန်ဈေးသက်သာသည်။ သို့ဖြစ်ရာ ကားဝယ်စီးဖို့ ဝန်မလေးကြသည့်အပြင် မော်ဒယ်အသစ်ထွက်သည့်အခါ မော်ဒယ်အဟောင်းကို ပြန်ရောင်းထုတ်ပြီး အသစ်ကို ဝယ်ကြသည့် ဓလေ့လည်းရှိသဖြင့် ကားရောင်းအား မကျဆင်းရခြင်း ဖြစ်သည်။

 

ထိုအခြေအနေအရပ်ရပ်တို့ကြောင့် ဘရူနိုင်းသည် အရှေ့တောင်အာရှတွင် လူဉီးရေ အချိုးအစားအရ ကားအုံနာ အများဆုံး ရှိသည့် နိုင်ငံ ဖြစ်နေဉီးမည်ဖြစ်သည်။

Read 960 times