မော်တော်ကား အင်ဂျင်တစ်လုံး Over Heating ဖြစ်တာကို ကုန်တင်ကားကြီးများ၊ ခရီးသည်တင် အဝေးပြေးကားများတွင်သာ ဖြစ်ကြသည်ဟု များသောအားဖြင့် ထင်တတ်ကြပြီး အိမ်စီးကားတွင် ခရီးဝေးမောင်းချိန်မှသာ ဖြစ်နိုင်သည်ဟု ယူဆတတ်ကြပါတယ်။
လက်တွေ့တွင် အိမ်စီးကားငယ်လေးများအနေနှင့် မြို့တွင်းထဲတွင် ခရီးတိုလေး မောင်းနှင်သွားလာနေရင်းလည်း Over Heating ဟုခေါ်သော အပူလွန်ဖြစ်ရပ်မျိုး ဖြစ်နိုင်ပါတယ်။
ထိုသို့ဖြစ်ရခြင်းအကြောင်းမှာ အင်ဂျင်စနစ်နှင့်အတူ တစ်ဆက်တည်းရှိသော အင်ဂျင်အအေးခံစနစ် ချို့ယွင်းမှုကြောင့် ဖြစ်ပါတယ်။
ဒေသအခေါ်အဝေါ်မှာ Over Heating ဟု မခေါ်ဘဲ Heat တက်သည်ဟု ခေါ်ကြပါတယ်။
မော်တော်ကားများ၏ Dashboardမှာ အင်ဂျင်အပူချိန်ကို ဖော်ပြပေးနေပြီး အချို့က အဆိုပါ အချက်ပြမီးကို သတိမထားမိခြင်းကြောင့် လည်းကောင်း၊ အရေးကြီး အနေအထားကြောင့် လည်းကောင်း၊
ဆက်လက် မောင်းနှင်သွားတတ်ကြပြီး ရေတိုင်ကီထဲတွင်ရှိနေသော ရေများဆူပြီး ရေနွေးငွေ့တွေ ပန်းထွက်လာသည်ထိအောင် ဖြစ်တတ်ကြပါတယ်။
ထိုတင်မကဘဲ အင်ဂျင် Block များတွင် ညှော်နံ့ထွက်လာမည်၊ ကားထိုးရပ်သွားမည်၊ ရေပိုက်များ ပေါက်ကုန်မှာ ဖြစ်ပြီး ရေနွေးများ ပေါက်ပြဲသောနေရာများမှ ပန်းထွက်လာ၍ ပုံမှန် အပူချိန် ပြန်ရောက်သွားသည့်တိုင်အောင်
အဆိုပါ ရေပိုက်များ ပေါက်ကုန်ခြင်းကြောင့် စက်ပြန်နှိုး၍ ရမည်မဟုတ်ပါ။
ထို့အပြင် ပြင်းထန်မည်ဆိုပါက Engine Head ကိုတောင် ကွဲသွားစေနိုင်ပြီး ထိုသို့ဖြစ်လာပါက အကြီးစား ပြင်ဆင်မှုများ လုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်။
အကယ်၍ Engine Headကွဲသည်ထိအောင် ဖြစ်သွားရင်တော့ ဆီလိုင်းနှင့် ရေလိုင်းကြားက Gasket များ ပြတ်ပြီး ဆီ၊ရေ ရောသွားနိုင်ပါတယ်။
ထိုနေရာတွင် အင်ဂျင် Over Heating ဖြစ်ရသည့် အကြောင်းက အထက်တွင် ဖော်ပြခဲ့သလို အချက်ပြမှုကို သတိမထားမိခြင်းကြောင့် ဖြစ်ပြီး အအေးခံစနစ်တွင် အစကတည်းက ချို့ယွင်းချက်ရှိနေတာလည်း ဖြစ်နိုင်ပါတယ်။
ဥပမာ ရေတိုင်ကီတွင် ရေပမာဏ အလုံအလောက်မရှိခြင်းကြောင့် ဖြစ်နိုင်သလို ခရီးတိုလေးအတွင်း အင်ဂျင်အပူချိန် အတက်မြန်ရသည့် အကြောင်းရင်းမှာ အင်ဂျင်ဝိုင် အဆင့်မမီခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အင်ဂျင်ဝိုင်များခြင်းကြောင့် အရည်ကျတာမျိုး ဖြစ်စေ၊ အင်ဂျင်ဝိုင် ဖိအားများခြင်းကြောင့် ဖြစ်စေ၊ ထည့်သွင်း အင်ဂျင်ဝိုင် ပမာဏ မပြည့်မီခြင်းကြောင့် ဖြစ်စေ အချက်ပြမီးလင်းလာပါက ကားကို ချက်ချင်း ရပ်၍ စစ်ဆေးသင့်သလို၊
လိုအပ်မည်ဆိုပါက အနားပေးခြင်း၊ အင်ဂျင်ဝိုင် အသစ်လဲလှယ်လိုက်ခြင်း စသည်တို့ကို လုပ်ဆောင်ပြီးမှ ပြန်လည်မောင်းနှင်သင့်ပါတယ်။
ကားတစ်စီး၏ Over Heating ဖြစ်ရပ်သည် အင်ဂျင်တစ်ခုလုံးကို ပျက်စီးစေနိုင်ပါတယ်။