ကားမီးလောင်နိုင်စေသော အချက် ၉ ချက်


ကားမီးလောင်ရတဲ့ အကြောင်းရင်းအမျိုးမျိုးရှိပေမဲ့ ယာဉ်ပိုင်ရှင်ရဲ့ထိန်းသိမ်းစောင့်ရှောက်မှုကအဓိကကျပါတယ်။ ကားတွေမီးလောင်မှုဖြစ်စေတဲ့ အချက်ကိုးချက် ဖြစ်ပါတယ်။

(၁) ဆီယိုစိမ့်တာ
လောင်စာဆီစနစ်က ချို့ယွင်းမှုဖြစ်ပြီး ယိုစိမ့်တာကနေ ကားမီးလောင်တာအများဆုံးဖြစ်စေနိုင်တယ်။ သာမန်ပွတ်တိုက်မှုကဖြစ်တဲ့အပူဓာတ်ကြောင့် ယိုစိမ့်တဲ့လောင်စာဆီက မီးထတောက်နိုင်ပါတယ်။ ယိုစိမ့်တာကို မျက်မြင်မတွေ့ရရင်တောင် လောင်စာဆီအနံ့ရလာရင် လောင်စာဆီစနစ်က ယိုစိမ့်တာရှိလားချက်ချင်းစစ်ဆေး သင့်ပါတယ်။

(၂) ဂက်စကတ်ပြတ်တာ

အင်ဂျင်အပူလွန်ကဲပြီး ရေဆူတာက ဂက်စကတ်ပြတ်တာ၊ ပေါက်တာကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒါကလည်း ဆီယိုစိမ့်တဲ့အထိဖြစ်လာပြီး ကားမီးလောင်နိုင်ပါတယ်။ ဂက်စကတ်ပြတ်ရင် ရေတိုင်ကီထဲမှာ ဆီနဲ့ရေအရော အနှော ဖြစ်လာတတ်ပါတယ်။

(၃) အွိုင်းဆီးလ်နဲ့ ဆီပိုက်တွေ

Oil Seal နဲ့ ဆီပိုက်တွေက ရော်ဘာနဲ့ ပြုလုပ်ထားတာဖြစ်လို့ အင်ဂျင်အပူလွန်ကဲတဲ့အခါ အရည်ပျော်ပြီး ဒုက္ခပေးနိုင်တာပါ။ အဲသည်က ဆီစိမ့်ထွက်ပြီး ဝါယာရှော့ဖြစ်တာပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် မီးပွားလေးတွေဖြစ်လာရင် မီးထလောင်နိုင်တာဖြစ်တယ်။

(၄) အင်ဂျင်အပူချိန်

မီးလောင်မှုတစ်ခုဖြစ်ဖို့ အပူ (heat) လောင်စာ(fuel) နဲ့ အောက်ဆီဂျင် (Oxgen) သုံးမျိုးပေါင်းစပ်ရပါတယ်။ ကားအင်ဂျင်အပူလွန်ကဲတာကြောင့် မီးလောင်ရတာအဖြစ်များပါတယ်။ အင်ဂျင်အပူချိန်လွန်လာတာနဲ့ လောင်စာ ဆီနဲ့ အင်ဂျင်ဝိုင်တွေက ကျယ်ပြန့်လာပြီး လျှံထွက်တာ၊ စိမ့်ထွက်တာတွေဖြစ်လာနိုင်တယ်။ ဓာတ်ဆီက သတ်မှတ်တဲ့အပူချိန်က ကျော်လွန်ရင်မီးထတောက်နိုင်ပါတယ်။ အဲဒါက အင်ဂျင်အနီးက လောင်စာဆီပို့ဆောင် တဲ့နေရာတစ်လျှောက် မီးထတောက်လောင်တာဖြစ်တယ်။ အချို့ကားတွေမှာ ဆီပို့တဲ့ရော်ဘာပိုက်တွေကအင်ဂျင် အပေါ်ကနေ ဖြတ်သွားတယ်။ အင်ဂျင်အပူလွန်ကဲတဲ့အခါ ရော်ဘာပိုက်က အရည်ပျော်ပြီးမီးလောင်စေပါတယ်။

(၅) ကျောက်ဆန်ခါ ပိတ်ဆို့

လောင်စာဆီမသန့်တာ၊ အင်ဂျင်ကျနေတာတွေကြောင့် ကာဘွန်ထုတ်လွှတ်တာများပါတယ်။ လောင်စာကို အပြည့်အဝမလောင်ကျွမ်းနိုင်ဘဲ အိတ်ဇောစနစ်ထဲမှာ ကာဘွန်ဂျိုးနဲ့အညစ်အကြေးတွေပိတ်ဆို့စေပါတယ်။ အဲဒါတွေက ကျောက်ဆန်ခါကို လုံးဝပိတ်ဆို့သွားစေပြီး အပူဓာတ်ကို အင်ဂျင်အတွင်းခန်းကို ပြန်ရောက်စေတာက အင်ဂျင်အပူလွန်ကဲတာကိုဖြစ်စေပါတယ်။ အဲဒါကြောင့် ကျောက်ဆန်ခါကိုစစ်ဆေးပြီး သန့်စင်တာပြုလုပ်သင့်သလို ချို့ယွင်းနေရင် ကျောက်ဆန်ခါအသစ်လဲလှယ်သင့်ပါတယ်။

(၆) ရေတိုင်ကီ ချို့ယွင်း

အင်ဂျင်အအေးပေးစနစ် (cooling system)ထိန်းသိမ်းမှုမရှိရင် အင်ဂျင်အပူလွန်ကဲတာကနေ တစ်ဆင့် ကားမီးလောင်တဲ့အထိဖြစ်နိုင်ပါတယ်။
ရေဒီရေတာစနစ်မှာ ချို့ယွင်းတတ်တာတွေက ပန်ကာကြိုး၊ ရေလည်အုံ၊ လည်ပတ်တဲ့ရေပိုက်လိုင်းစနစ်တွေဖြစ် တယ်။ Cooling fan သီးခြားသုံးတဲ့ ကားတွေမှာပန်ကာအဖွင့်အပိတ် မှန်ကန်ဖို့လိုအပ်ပါတယ်။ ရေတိုင်ကီ လေဝင်ပေါက်တွေမှာ ဖုန်မှုန့်တွေနဲ့အမှိုက်တွေ ပိတ်ဆို့နေတတ်တာကြောင့်လည်း အအေးပေးစနစ်ကို ချို့ယွင်းစေပါတယ်။ သတ်မှတ်ထားတဲ့ coolant အရည်ကိုသတ်မှတ်ပမာဏအတိုင်းအပြည့်ရှိနေစေရပါမယ်။

(၇) သာမိုစတက် ချို့ယွင်း

အအေးပေးစနစ်မှာ သာမိုစတက်က ပုံမှန်အလုပ်မလုပ်ရင်လည်း အင်ဂျင်အပူလွန်ကဲစေပါတယ်။ သာမိုစတက် က ရေတိုင်ကီအတွင်းလည်ပတ်တဲ့ coolant အရည်ရဲ့အပူချိန်ကိုလိုအပ်သလို ထိန်းချုပ်ပေး တာဖြစ်တယ်။

ရေဒီရေတာအတွင်းအအေးဓာတ်လွန်ကဲနေရင် ရေတွေခဲမသွားအာင် သာမိုစတက်ကိုပိတ်ပြီး အင်ဂျင်အပူဓာတ်နဲ့ coolant ရဲ့အပူချိန်ကို မြှင့်တင်ပေးတယ်။ ရေဒီရေတာအတွင်း အပူချိန်များနေရင် သာမိုစတက် ဖွင့်ပြီးဝင်လာတဲ့ လေအေးတွေကြောင့် ရေဒီရေတာနဲ့အပူချိန်ကိုလျှော့ချပေးတယ်။ ရေဒီရေတာက အင်ဂျင်အပူရှိန်တွေကို စုပ်ယူလျှော့ချပေးပါတယ်။ သာမိုစတက်ချို့ယွင်းပြီး အမြဲပိတ်နေရင် အင်ဂျင်အပူလွန်ကဲ စေပါတယ်။

(၈) အင်ဂျင်ဝိုင်

အင်ဂျင်အတွင်းလည်ပတ်ပြီး လည်ပတ်မှုချောမွေ့စေရုံမက အင်ဂျင်ရဲ့အပူကိုလျှော့ချပေးနိုင်တာက အင်ဂျင်ဝိုင် ပဲဖြစ်တယ်။ အင်ဂျင်ဝိုင်က သက်တမ်းရင့်နေပြီး အမှိုက်နဲ့အညစ်အကြေးတွေရောထွေးနေတာက အင်ဂျင် အပူလွန်ကဲတာဖြစ်စေပါတယ်။ အဲဒါကြောင့် အင်ဂျင်ဝိုင်ကို ပုံမှန်စစ်ဆေးလဲလှယ်သင့်ပါတယ်။

(၉) ဝါယာရှော့

ဘက်ထရီကထွက်လာတဲ့ လျှပ်စစ်စီးကြောင်းကြောင့်ဖြစ်လာတဲ့ မီးပွားတွေက ယိုစိမ့်တဲ့ဆီတွေနဲ့ဆီငွေ့တွေနဲ့ တွေ့ထိပြီး မီးလောင်နိုင်ပါတယ်။ ဝါယာကြိုးတွေ ဆွေးမြေ့ပျက်စီးတာကတစ်ဆင့် ဝါယာရှော့ဖြစ်နိုင်လို့ ဝါယာ ကြိုးရှိတဲ့နေရာတိုင်းမှာ ရှော့ခ်ရှိနိုင်တယ်။ ကားနဲ့ကားအင်ဂျင်ဝန်းကျင်မှာ ဆီနဲ့လောင်စာဆီတွေပေကျန်ညစ်ပတ် နေတာတွေက မီးလောင်မှုကိုဖြစ်စေတာပါ။


ကားမှာ မူလပါတဲ့ဝါယာရင်းလိုင်းတွေကအပ အခြားဘာမှပါဝါမကူးတာအကောင်းဆုံးပါပဲ။ မူလကမပါတဲ့ နှင်းခွဲမီး၊ အယ်လ်အီးဒီအလှမီးစတာတွေကို ကိုယ့်သဘောနဲ့ကိုယ်မကျွမ်းကျင်ဘဲ တပ်ဆင်ထားတာက ဝါယာရှော့ဖြစ်စေတာပါ။ ကျွမ်းကျင်တဲ့ဝါယာရင်းဆရာနဲ့စနစ်တကျတပ်ဆင်တာ၊ ပြုပြင်တာတွေဖြစ်ရပါမယ်။ ကားဘက်ထရီကချို့ယွင်းလို့ မီးလောင်တာလည်းဖြစ်နိုင်လို့ ဘက်ထရီကိုလည်းပုံမှန်စစ်ဆေးရပါမယ်။


လောင်စာဆီပါဝါမပြည့်တာ မသန့်ရှင်းတဲ့လောင်စာဆီကြောင့် ကာဘွန်ဂျိုးပိတ်တာ ပလပ်ချို့ယွင်းတာတွေကြောင့် အင်ဂျင်အပူလွန်ကဲနိုင်တာကြောင့် သန့်ရှင်းတဲ့ မှန်ကန်တဲ့လောင်စာဆီရွေးချယ်အသုံးပြုဖို့ လိုအပ်ပါတယ်။ ဝါယာရင်းဆိုင်အမှားကြောင့် ဝါယာရှော့ဖြစ်တာ၊ ဘက်ထရီရှော့ခ်ဖြစ်တာ၊ ဆီပိုက်လိုင်းဖြုတ်ပြီး ပြန်တပ်ဆင်တာ မသေချာတာတွေကြောင့်လည်း ကားမီးလောင်တဲ့အထိဖြစ်နိုင်ပါတယ်။ ကျွမ်းကျင်သူတွေပြုပြင်တာဆိုပေမဲ့လည်း ကိုယ်တိုင်က စစ်ဆေးနိုင်အောင်လေ့လာထားသင့်ပါတယ်။
Source: အောင်ထွန်းဦး

Read:Suzuki Swift အပါအဝင် Ciaz နှင့် Carry တို့ကို စက်ရုံထုတ်ဈေး တိုးမြှင့်မည်
 

Read 988 times