အီးဗီဈေးနှုန်းများ မလျှော့ချကြလျှင် ဈေးကွက်ပြိုလဲလိမ့်မည်ဟု သတိပေးပြောကြား
ကမ္ဘာ့စတုတ္ထအကြီးဆုံး မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း Stellantis က အီးဗီများနှင့် ပတ်သက်တဲ့ သတိပေးစကား ပြောကြားခဲ့ပါတယ်။
အီတလီ- အမေရိကန် ကုမ္ပဏီစုကြီး Stellantis က လျှပ်စစ်မော်တော်ယာဉ် electric vehicle (EV) များသာ သုံးကြတော့သည့်အဖြစ်သို့ ဥရောပ ရောက်ရှိသည့်အခါ လက်ရှိ အီးဗီများသည် ဈေးကြီးလွန်းနေဆဲဖြစ်နေလိမ့်မယ်။ သိုဖြစ်ရာ ဈေးနှုန်းကို သိသိသာသာ လျှော့ချခြင်း မပြုပါက မော်တော်ယာဉ် လုပ်ငန်းကဏ္ဍ တစ်ခုလုံး အကျပ်ရိုက်ကုန်သည့်အဖြစ်ကို ကြုံကြရလိမ့်မယ်လို့ ဆိုပါတယ်။
Stellantis ရဲ့ ကုန်ထုတ်လုပ်မှု အရာရှိချုပ် Arnaud Deboeuf က Stellantis က လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို လျှော့ချနိုင်ဖို့ ရည်ရွယ်ချက် ထားရှိကြောင်း၊ ၂၀၃၀ မှာ ၄၀% လျော့ကျဖို့ ရည်မှန်းချက် ထားရှိကြောင်း ပြောကြားပါတယ်။
ထို့ပြင် လုပ်ငန်းစုကြီးက အချို့သော အစိတ်အပိုင်းများကို ကုမ္ပဏီတွင်းမှာ ထုတ်လုပ်ဖို့ အစီအစဉ် ရေးဆွဲထားကြောင်း၊ ပစ္စည်းပေးသွင်းများက ၎င်းတို့ရဲ့ ပစ္စည်းများကို ဈေးလျှော့ချမပေးလျှင် ကုမ္ပဏီက ကိုယ်တိုင် ထုတ်လုပ်နိုင်နေသဖြင့် ပစ္စည်းပေးသွင်းသူများ ဈေးလျှော့အောင် တွန်းအား ရှိနေမည်ဖြစ်ကြောင်း ပြောကြားပါတယ်။
အင်တာဗျူးတစ်ခုမှာ Stellantis ရဲ့ ကုန်ထုတ်လုပ်မှု အရာရှိချုပ် Arnaud Deboeuf က တကယ်လို့ လျှပ်စစ်ကားတွေရဲ့ ဈေးနှုန်း မကျရင် ဈေးကွက်ပြိုလဲသွားလိမ့်မယ်။ အဲဒီအချက်က ကြီးမားတဲ့ စိန်ခေါ်မှု တစ်ရပ် ဖြစ်ကြောင်း၊ ယခုအခါ အီးဗီ ဈေးနှုန်းတွေက လျင်မြန်တဲ့ အမြန်နှုန်းဖြင့် မြင့်တက်နေကြောင်း၊ အမေရိကန်ဈေးကွက်မှာ Tesla က ထုတ်လုပ်သမျှ မော်ဒယ်တွေ အကုန်လုံးကို ဈေးနှုန်း တိုးမြှင့် သတ်မှတ်ခဲ့ကြောင်း၊ Rivian နှင့် Ford တို့ကလည်း အလားတူ ဈေးနှုန်းများ တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း ၎င်းက ပြောကြားပါတယ်။
Stellantis က တစ်ဆယ်နှစ်တာအတွက် အပြည့်အဝလျှပ်စစ်ကား မော်ဒယ် ၇၅ မျိုးကျော် ထုတ်လုပ်ဖို့ အစီအစဉ် ရေးဆွဲထားပါတယ်။ ပြင်သစ်နိုင်ငံရှိ ၎င်းရဲ့ ကားစက်ရုံများကို အီးဗီ ထုတ်လုပ်ဖို့ ပြန်လည်ပြင်ဆင်နေပါတယ်။
ယခုလမှာ Stellantis Group က ကားစမ်းကွင်းနှစ်ခုကို ပထမတန်းစား လျှပ်စစ်ကားတွေ စစ်ဆေးစမ်းသပ်နိုင်စေဖို့ အမေရိကန်ဒေါ်လာ ၃၃ သန်း ရင်းနှီးမြှုပ်နှံပြီး ပြုပြင်မွမ်းမံပါတယ်။ ကုမ္ပဏီအနေဖြင့် ကားရောင်းတဲ့ ဝင်ငွေများအပြင် ဆော့ဖ်ဝဲနှင့် ဝန်ဆောင်မှုများအပေါ် အားထားပြီး ဝင်ငွေ ရှာမှာ ဖြစ်ပါတယ်။ ပရီမီယံကားများ ထုတ်လုပ်ရောင်းချခြင်းဖြင့်လည်း ဝင်ငွေတောင့်တင်းပြီး အမြတ်လည်း ကောင်းကောင်း ရနေအောင် လုပ်ဆောင်မှာ ဖြစ်ပါတယ်။
ဆယ်စုနှစ် တစ်ခုအတွင်း မော်တော်ယာဉ် ထုတ်လုပ်သူ အများစုတို့က လျှပ်စစ်ကား ထုတ်လုပ်တွေကို ပြောင်းလဲထုတ်လုပ်ကြမှာ ဖြစ်ပါတယ်။ အီးယူအာဏာပိုင်တို့ကလည်း တွန်းအားပေးကြပါတယ်။
Stellantis ရဲ့ စီအီးအို Carlos Tavares က "ကားထုတ်လုပ်သူတွေမှာ လျှပ်စစ်ကားတွေ ထုတ်ကြဖို့ ကုန်ကြမ်းတွေ အလုံအလောက် ရနိုင် မရနိုင်ဆိုတာကို အီးယူ မူဝါဒရေးဆွဲသူများက ဂရုမစိုက်ကြဘူး" လို့ ဝေဖန်ပြောကြားပါတယ်။
၂၀၂၄-၂၀၂၇ ကာလမှာ ဘက်ထရီ ထုတ်လုပ်ဖို့ ကုန်ကြမ်း ပြတ်လပ်မှုများ ဖြစ်ပေါ်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။
အီးဗီအတွက် အရေးပါပြီး ကုန်ကျစရိတ်အများဆုံးလည်း ဖြစ်သော ဘက်ထရီများ ထုတ်လုပ်ရန် ဘက်ထရီစက်ရုံ အကြီးစား ၅ ရုံကို မြောက်အမေရိကနှင်ံ ဥရောပတို့တွင် တည်ဆောက်နေပါတယ်။ ၂၀၃၀ တွင် စုစုပေါင်း 400-gigawatt/ hours ထုတ်လုပ်နိုင်စွမ်းပါတယ်။ ကုန်ကြမ်းများ ရရှိတာ သေချာစေဖို့ လိုအပ်ရင် သတ္တုတွင်းတွေ ဝယ်ဖို့ ဝန်မလေးကြောင်းလည်း Tavares က ပြောကြားပါတယ်။
#MyanmarAutomobileGuide
Telegram Channel