တစ်ပတ်အတွင်း ရန်ကုန်ကားဈေးနှုန်းအခြေအနေနှင့် ကားဈေးနှုန်းများ


ကားစျေးအတက်အကျ တည်ငြိမ်သွားသည့်အချိန်တွင် အမြင့်ကားစျေးကွက် အေးနေပြီး ၁၃၀၀ စီစီ ကားများသာ အရောင်းအဝယ်ဖြစ်နေပါသည်။

နှစ်မကုန်ခင်အထိ ကားစျေးများ ပြန်ကျရန် အခြေအနေမရှိသည့်အတွက်လည်း ပေါက်စျေးထက်ပိုပြီး ခေါ်ရောင်းနေကျသဖြင့် အမြတ်ကျန်မည့်ကားများကို ရှာရန်မလွယ်ကူသလို ယခင်လများကဲ့သို့ တစ်စီးပြီးတစ်စီး ခပ်သွက်သွက်အရောင်းအဝယ်ဖြစ်ရန်လည်း

မလွယ်ကူတော့ကြောင်းသိရပါသည်။

အတက်အကျမရှိဘဲ စျေးငြိမ်သက်သွားသည့်အချိန်တွင် ပုံမှန်ပေါက်စျေးအတိုင်းရောင်းနေသော ၁၃၀၀ စီစီကားများသာ အရောင်းအဝယ်ဖြစ်ကြောင်းသိရပါသည်။

၁၃၀၀ စီစီကားများထဲတွင် စျေးဆက်တိုက်မြင့်တက်သွားသော Honda Fit GE6၊ Honda Fit Shuttle၊ Honda Insight၊ Honda Fit GK3 စသည့်ကားများထက် Toyota Vitz၊ Mazda Demio၊ Suzuki Swift များက ပို၍ အရောင်းအဝယ်သွက်နေကြောင်းသိရပါသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၅၊ ၂၆ ရက်များတွင် Thuwunnabumi Event Park ၌ CarsDB Autoshow ကျင်းပခဲ့ရာ အပြင်ဝယ်လက်များက ပြပွဲအပေါ် အာရုံစိုက်မှုများခဲ့သော်ကြောင့် ယာဉ်ရောင်းဝယ်ရေးစခန်းများတွင် အဝယ်အဆင်းနည်းသွားကြောင်းသိရပါသည်။

ယာဉ်ရောင်းဝယ်ရေးစခန်းတွင် ကားလာကြည့်သူများကလည်း စျေးစုံစမ်းရုံအတွက်သာ လာရောက်ကြပြီး မဖြစ်နိုင်သည့်စျေးများကိုပေး၍ အရောင်းအဝယ်မဖြစ်ကြောင်း သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားဝယ်/ရောင်းများထံမှ သိရပါသည်။

ဝယ်/ရောင်းများက ကြိုက်စျေးမရလျှင် မရောင်းကြသဖြင့် အရောင်းအဝယ်မှာ လုံးဝနီးပါးငြိမ်သက်နေပါသည်။

ဂျပန်ညာမောင်းကာများ စျေးမြင့်တက်သွားသည့်အတွက်လည်း အပြင်အဝယ်အများစုက ငါးနှစ်အရစ်ကျစနစ်ဖြင့် ရောင်းချသော Brand New ကားများအပေါ် အာရုံစိုက်လာကြပါသည်။

ကျင်းပပြီးစီးခဲ့သည့် CarsDB Autoshow တွင်လည်း ကားဟောင်းများထက် ဘဏ်နှင့်ချိတ်ဆက်ပြီး ရောင်းချသည့် Brand New ကားများမှာ အရောင်းအဝယ်ပိုဖြစ်ကြောင်း သိရပါသည်။

ထိုပြပွဲတွင် Brand New လူစီးကားများဖြစ်သည့် Ford၊ Toyota၊ Mitsubishi၊ Nissan၊ Suzuki၊ Dongfeng စသည့်ကားများကို ပြသရောင်းချခဲ့ရာ အစီးနှစ်ရာကျော် ရောင်းချခဲ့ရကြောင်း သိရသည်။

မူဝါဒပြောင်းလဲသည့်အချိန်ဖြစ်သည့်အတွက် စျေးကွက်အလားလာကို အားလုံးကစောင့်ကြည့်နေကြပါသည်။

ဂျပန်ညာမောင်းကားများ စျေးတက်သွားသော်လည်း Brand New ကားများရှိနေသည့်အတွက် ယခုထက်ပို၍ ထပ်တက်ပြီးရောင်းမည်ဆိုပါက အရောင်းအဝယ်ဖြစ်တော့မည်မဟုတ်ကြောင်းသိရပါသည်။

အပြင်အဝယ်များကလည်း Brand New ကားများဘက်ကို အာရုံစိုက်လာသည့်အတွက် Suzuki Ciaz နှင့် Suzuki Ertiga များဆိုလျှင် အော်ဒါများ ပိတ်ထားရသည်အထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

စျေးတက်နေသည့်အချိန်တွင် အနိမ့်ကားများသာမက အမြင့်ကားများပါ အရောင်းအဝယ် အေးသွားကြောင်း သိရပါသည်။

တက်စျေးနှင့် ငြိမ်နေသည့်အတွက်လည်း အရောင်းအဝယ်အေးသွားခြင်းဖြစ်ပါသည်။

ကားစျေးကွက်က မူဝါဒအပေါ်မူတည်ပြီး ကစားနေခြင်းဖြစ်သည့်အတွက် အချိန်အတိုင်းအတာတစ်ခုကို စောင့်ရမည် ဖြစ်ပါသည်။

တက်စျေးနှင့် အရောင်းအဝယ်မဖြစ်သည့်အချိန်တွင် အားလုံးတွင်ရှိသော ကားများက ပိုက်မိနေပါသည်။

Brand New ကားများကို ကျော်ရောင်း၍မရသကဲ့သို့ ညာမောင်းကားများလည်း တင်သွင်းခွင့် မရှိတော့သည့်အတွက် စျေးကွက်ကောင်း လာဖို့ရန်မရှိကြောင်းသိရပါသည်။

ကားစျေးနှုန်းများ

စဉ် ကားအမျိုးအစား နံပါတ် မိုဒယ် စျေးနှုန်း
၁ Honda Fit ယာယီ 2011 220
၂ Toyota Wish YGN 2011 355
၃ Suzuki Swift MDY 2011 175
၄ Toyota Alphard YGN 2003 340
၅ Toyota Probox BGO 2012 185
၆ Toyota Vanguard YGN 2011 560
၇ Honda Insight MDY 2012 230
၈ Toyota Harrier YGN 2004 463
၉ Toyota Hilux Vigo MDY 2012 330
၁၀ Toyota Vitz ယာယီ 2012 195

 

Read 2009 times