ထိုင်း ကားတင်ပို့မှု မေလတွင် ၄၀% ကျဆင်းခဲ့


ထိုင်း ကားတင်ပို့မှု မေလတွင် ၄၀% ကျဆင်းခဲ့

အထူးသဖြင့် ဥရောပနှင့် အမေရိကန်ဈေးကွက်များမှ အမှာစာများ အရနည်းနေခြင်းကြောင့် ထိုင်းနိုင်ငံ၏ မော်တော်ကားထုတ်လုပ်ရေးသည် ယခုနှစ် ဇန်နဝါရီမှ မေလအထိ  အစီးရေ ၇၂,၅၂၇ ထုတ်လုပ်ခဲ့ပြီး ယခင်နှစ်ထက် ၄၀ ရာခိုင်နှုန်း  ကျဆင်းခဲ့ကြောင်း ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် Federation of Thai Industries  (FTI) က ပြောကြားသည်။

မေလတွင် ပြည်ပတင်ပို့ရန် ကားထုတ်လုပ်မှုသည် ယခင်နှစ် မေလထက် ၂၃% လျော့ကျခဲ့ပြီး စီးရေ ၁၃,၉၂၅ ထုတ်လုပ်ခဲ့သည်။ 

လျော့ကျရခြင်းမှာ မော်တော်ယာဉ်သုံး ချစ်ပ်အမျိုးမျိုး လုံလုံလောက်လောက် မရရှိခြင်း၊ အမေရိကန်၊ ဥရောပ၊ အာရှဈေးကွက်များတွင် စီးပွားရေးနှေးကွေးနေခြင်းတို့ကြောင့် ဖြစ်သည်ဟု FTI ၏ မော်တော်ယာဉ်ကလပ်မှ ဒုဥက္ကဋ္ဌ Surapong Paisitpatanapong က ပြောကြားပါသည်။

"ရုရှား-ယူကရိန်းစစ်ပွဲဂယက်က ကမ္ဘာ့စီးပွားရေးကို ထိုးနှက်နေချိန်တွင် တစ်ပိုင်းလျှပ်ကူးပစ္စည်းပြတ်လပ်မှုသည် ကမ္ဘာ့မော်တော်ကားလုပ်ငန်းကို ထိခိုက်စေသည့် အဓိကအကြောင်းရင်းဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။

ပြဿနာအရပ်ရပ်ကြောင့် ၂၀၂၂ ရည်မှန်းချက်အပေါ် သက်ရောက်မှု ရှိမည်ကို  FTI က စိုးရိမ်မကင်း ဖြစ်နေကြောင်းလည်း ၎င်းက ပြောကြားသည်။ 

ယခင်က ၂၀၂၂ တွင် ကားစီးရေ ၁.၈ သန်း ထုတ်လုပ်ရန် လျာထားခဲ့ပြီး ပြည်ပသို့ စီးရေ ၁ သန်း တင်ပို့ရန် ရည်မှန်းထားပါသည်။

"ကျွန်တော်တို့ ချစ်ပ်တွေ ပြတ်လပ်မှုကို အနီးကပ်စောင့်ကြည့်နေပါတယ်။ အဲဒီ ပြဿနာက  အနည်းဆုံး ၁ နှစ်  ၂ နှစ်အထိ ဆက်လက်ရှိနေဦးမယ်လို့ မျှော်လင့်ပါတယ်" ဟု Mr Surapong မှ ပြောကြားခဲ့သည်။

မေလတွင် ကားတင်ပို့မှုမှာ ယခင်နှစ် မေလထက် ၃.၂% ကျဆင်းခဲ့ပြီး အစီးရေ ၇၆,၉၃၇ တင်ပို့ခဲ့သည်။  ဧပြီလထက် ၄၈.၇% ကျဆင်းခဲ့သည်။

FTI ၏ အဆိုအရ ကမ္ဘာလုံးဆိုင်ရာ မော်တော်ကားထုတ်လုပ်သူများသည် ကုန်ကြမ်းစျေးနှုန်းများ အထူးသဖြင့် ဆီမီးကွန်ဒတ်တာများ ဈေးနှုန်း မြင့်တက်မှုကြောင့် ယခုနှစ်အတွင်း အချို့မော်ဒယ်များ၏ ဈေးနှုန်းများကို ၅~10% ခန့် တိုးမြှင့်ရန် လိုအပ်နေစေသည်။

ထိုသို့ ရောင်းဈေး ဈေးတက်ခြင်းသည် နောက်ဆုံးတွင် ပြည်တွင်းကားရောင်းချမှုအပေါ် ထိခိုက်မှုရှိလာနိုင်သည်ဟု Mr Surapong မှ ပြောကြားခဲ့သည်။

မေလတွင် ပြည်တွင်း၌ ကားရောင်းချရမှုမှာ ယခင်နှစ် မေလထက် ၁၅.၁% မြင့်တက်ခဲ့ပြီး အစီးရေ ၆၄,၇၃၅ ရောင်းချခဲ့ရသည်။  ဧပြီလထက် ၂.၀၆ %  တိုးသည်။  Covid-19 ပြန့်ပွားမှုကို ထိန်းချုပ်ရန် ပြဋ္ဌာန်းထားသည့် အစိုးရ၏ လော့ဒေါင်း အစီအမံများကို ဖြေလျှော့ပေးသည့်အပြင် စီးပွားရေး နှိုးဆွပေးသည့် အစီအစဉ်များကြောင့် စားသုံးသူများက အသုံးစရိတ်ကို တိုးမြှင့် သုံးစွဲလာကြသဖြင့် ကားရောင်းအား မြင့်တက်ခဲ့သည်။

"ဒါပေမဲ့ ကမ္ဘာ့ရေနံဈေး တက်လာပြီးနောက် စက်သုံးဆီ လက်လီရောင်းဈေးတွေ မြင့်တက်လာမှာကို ကျွန်တော်တို့ စိုးရိမ်နေပါတယ်" ဟု Mr Surapong မှ ပြောကြားသည်။ငွေကြေးဖောင်းပွမှု မြင့်မားလာမှုနှင့်အတူ အိမ်ထောင်စုကြွေးမြီများ ပိုများလာနေခြင်းကြောင့် စားသုံးသူများ၏ ဝယ်ယူမှုစွမ်းအားကို ကျဆင်းစေမည် ဖြစ်ကြောင်း Mr Surapong မှ ပြောကြားခဲ့သည်။

#MyanmarAutomobileGuide

 Telegram Channel

https://t.me/Guid4U/ThaiCarExportMay

https://t.me/Guid4U

Source: Bangkokpost

Read 3034 times